
အဖေ့ဘက်က အဖိုးကို ကျနော်တို့က ရှမ်းလို( လုံစောက်ဝ် ) လို့ခေါ်ကြတယ်။ အဖိုးဟာ မူဆယ်မြို့နားကလွယ်အင် ရွာဇာတိပါ။
ကျနော့် အဖိုးက စကားပြောသိပ်ကောင်းတာ။ အတွေ့အကြုံဗဟုသုတလည်းပြည့်စုံတယ်။ အတန်းပညာတော့ မတတ်ဘူး။ အင်္ဂလိပ်ခေတ်၊လေးတန်းပဲအောင်သတဲ့။
ဒါပေမယ့် အရည်အချင်းရှိတော့သူ့ရွာမှာတင်မက အနီးအနားရွာတွေအထိ ဩဇာရှိတဲ့တိုက်သူကြီးပေါ့။ ခေတ်ကောင်းတုံးက သူ၊စီးပွားအတော်ဖြစ်ခဲ့တယ်ဆိုပဲ။
သူဟာဘာရောဂါမှမရှိပဲအသက် ၉၀ ကျော်အထိကျန်းကျန်းမာမာနေသွားခဲ့တယ်။ အသားညိုညို၊ ထွားကျိုင်းသန်မာတဲ့အဖိုးဟာ၊ ကျနော့် ထက်ထမင်းပိုစားနိုင်တယ်။ လူဖြစ်ဖြစ်၊ တိရိစ္ဆာန်ဖြစ်ဖြစ်၊ အစာသိပ်မဝင်တော့ရင် မကြာခင်သေတော့တာပဲလို့ ထမင်းစားတိုင်းသူ ခနခနပြောတတ်တယ်။
အဖိုးကသူ့ငယ်ဘဝအကြောင်းတွေပြန်ပြောပြတိုင်းသူ့ပေါင်မှာ ဒူးဆစ်အထိ ထိုးထားတဲ့ထိုးကွင်းမှင်ကြောင်တွေကြောင့် ကျောင်းဆက်တက်ရမှာရှက်လို့ ကျောင်းပြေးရာကနေ နောက်ဆုံး ကျောင်းထွက်လိုက်ရတာလို့ ရယ်ရယ်မောမောနဲ့ပြန်ပြောပြတတ်တယ်။
၈၈ အရေးတော်ပုံကာလ၊တက္ကသိုလ်တွေပိတ်၊အားလုံးပြေးရလွှားရ ရှောင်ပုန်းရချိန်၊ ကျနော်နိုင်ငံခြားကိုမထွက်ခင်၊ အဖိုးနေတဲ့မူဆယ်မြို့လေးကို သွားပြီးနှုတ်ဆက်ခဲ့တယ်။ အဲဒါကျနော်နဲ့ အဖိုးနဲ့နောက်ဆုံးတွေ့တာပဲ။
အဲဒီအချိန်တုံးက အဖိုးကဦးလေးချစ်တင် (အဖေ့ညီ ) နဲ့အတူမူဆယ်မြို့မှာနေတယ်။ အသက်ကြီးလာလည်း သူသိပ်ကျန်းမာတာပဲ။ ဘယ်တော့မှအငြိမ်မနေတတ်ဘူး။ အမြဲတမ်း တစ်ခုမဟုတ်တစ်ခု လုပ်နေတတ်တယ်။
မူဆယ်ဆိုတာတရုတ်ပစ္စည်းတွေတင်ပို့တဲ့အဓိကမြို့၊ နေရာတိုင်းမှာတရုတ်ပစ္စည်းတွေချည်းပဲ။ အဲဒီတရုတ်သွင်းကုန် ကဒ်ထူဘူးတွေကိုချည်လာတဲ့ ပလပ်စတစ်ကြိုးတွေလည်း၊ တမြို့လုံးနေရာ အနှံ့ပွထနေတာပဲ။
အဖိုးကအဲဒီပလပ်စတစ်ရောင်စုံကြိုးတွေကို လူတစ်ယောက်ကို လိုက်စုခိုင်းပြီးတော့ ပြန်ဝယ်တယ်။
အဖိုးဟာ ကားလမ်းဖက်က အိမ်ရှေ့တံခါးမကြီးဘေးမှာကွပ်ပြစ်ကလေးထိုးတယ်။ အဲဒီမှာ တနေကုန်ထိုင်ပြီး၊ပလပ်စတစ်ကြိုးတွေနဲ့ ခြင်းတောင်းလေးတွေထိုင်ရက်နေတတ်တယ်။
ကျွန်တော့်ဦးလေးအိမ်က မြို့လယ်ခေါင်၊ ဈေးနားမှာဆိုတော့ ဈေးဝယ်သူတွေက အဖိုးရဲ့ဆွဲခြင်းလေးတွေဝယ်ကြတယ်။ သူ့ပလပ်စတစ် လက်ဆွဲခြင်းလေးတွေက ဒီဇိုင်းလှတယ်။ ခိုင်ခံ့ပေါ့ပါးတယ်။ ဈေးလည်းပေါတော့ ရောင်းပန်းလှတယ်။
ချမ်းသာတဲ့ဦးလေး က အဖိုးကို အဲဒီခြင်းတောင်းတွေမလုပ်ရောင်းပဲ၊ အိမ်မှာအေးအေးလူလူထိုင်စားဖို့ပြောတယ်။ သူနားမထောင်ဘူး ၊ဘာမှမလုပ်ပဲနေရင်အသက်တိုလိမ့်မယ်တဲ့။
ဆောင်းမနက်ခင်းတစ်ခု၊ မနက်စာ ခေါပုတ်ကင်စားပြီးတော့ အိမ်ရှေ့ကွပ်ပျစ်ဘေးမှာ အဖိုးခြင်းတောင်းရက်တာကို နေပူစာလှုံရင်းကျနော် ထိုင်ကြည့်နေမိပါတယ်။ အဖိုးကမေးတယ်။
-မင်းကဘယ်နိုင်ငံသွားမလို့လဲ?
ဂျပန်ကိုကျောင်းသွားတက်မလို့ပါ။
-ဂျပန်တွေက စိတ်ဓါတ်သိပ်ပြင်းထန်တယ်ကွ။
အဖိုးက ဂျပန်တွေ့ဖူးလို့လား?
-သိပ်တွေ့ဖူးတာပေါ့ကွာ။စစ်ကြီးတုံးကလေ။
သူတို့စိတ်ဓါတ်ပြင်းထန်တာအဖိုးဘယ်လိုလုပ်သိတာလဲ?
-ငါတို့ရွာကို တရုတ်ပြည်ဖက်က နေဂျပန်စစ်တပ် စစ်ရှုံးပြီးဆုတ်လာကြတယ်ကွ။ အဲဒီမှာ အနောက်က တရုတ်တပ်ကြီးက လိုက်တိုက်တယ်။ ဂျပန်တွေဟာ ဖျားနာဒါဏ်ရာရနေတဲ့လူတွေများတယ်။ ငှက်ဖျားပေါ့။
ဂျပန်တွေဟာသူတို့ စစ်တပ်ဆုတ်ပြေးဖို့အချိန်ရအောင် နောက်ကလိုက်လာတဲ့တရုတ်တပ်တွေကို ခံတိုက်မယ့်အသေခံစစ်သား နည်းနည်းပဲချန်ခဲ့ပြီးဆုတ်ပြေးကြတယ်။
အသေခံဂျပန်စစ်သားတွေဟာ ကတုတ်ကျဉ်းတူးပြီးစက်သေနတ်နဲ့ခံပြစ်နေခဲ့တယ်။ နောက်ကလိုက်လာတဲ့ တရုတ်စစ်တပ်က စစ်လော်ရီကားတွေနဲ့ သုံးလေးစီးအပြည့်ပဲ။
တရုတ်တွေဟာစစ်ချီသီချင်းတွေဆိုလိုက်၊လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်သံတွေ အော်ဟစ်လိုက်နဲ့ စစ်သွေးကြွနေတယ်။ ဂျပန်တွေကိုလည်း အမျိုးမျိုးကျိန်ဆဲနေကြတာပဲ။ ဒါပေမဲ့ ရှေ့ကို လုံးလုံးတက်လို့မရဘူး။
ကတုတ်ကျင်းထဲက ဂျပန်တွေက အသကုန်ခံပြစ်နေတာကိုး။ သေနတ်သံကမစဲဘူးလေ။
တိုတိုပြောရရင် အဲဒီကတုတ်ကျင်းကို တရုတ်တွေ အကျအဆုံးအများကြီးနဲ့ သုံးရက်လောက် လက်နက်ကြီးတွေအမြောက်တွေပြစ်ကူရင်း ခက်ခက်ခဲခဲနဲ့တိုက်ယူရတယ်။
အဲဒီကတုတ်ကျင်းကိုသိမ်းပြီးချိန်မှာ တရုတ်တွေအံ့ဩသွားတယ်။ သူတို့ဖက်က ၁၅ ယောက်လောက်ကျပြီး၊ သုံးရက်လောက်ခဲရာခဲဆစ်သိမ်းယူရတဲ့ ကတုတ်ကျင်းထဲမှာ သူတို့ထင်ထားသလို ဂျပန်စစ်သားအများကြီးမရှိနေပဲ တစ်ယောက်တည်းပဲရှိနေတယ်။
လူအများကြီးရှိနေတယ်လို့ထင်ရအောင် သေနတ်လေးငါးလက်နဲ့ ဂျပန်စစ်သားတစ်ယောက်ထဲက၊ သုံးရက်လုံးလုံးခံပြစ်နေခဲ့တာ။ သူ့ရဲ့ စစ်တပ်တစ်တပ်လုံးလွတ်မြောက်ဖို့ တစ်ယောက်တည်းအသေခံသွားတာ။ အဲဒီအချိန်မှာ သူ့တပ်ရင်းက လွတ်ရာကျွတ်ရာအဝေးကိုရောက်သွားခဲ့ပြီ။
အသေခံသွားတဲ့ဂျပန်စစ်သားရဲ့ဗိုက်ကို လက်နက်ကြီးအမြောက်ကျည်မှန်ပြီးပွင့်ထွက်နေတာ သွေးအလိမ်းလိမ်းပဲ၊ သူ့ဘေးမှာ ဗိုက်ထဲကမြက်ခြောက်တွေလည်းထွက်ကျပြီး ပျံ့ကျဲနေတယ်။စားစရာရိက္ခာမရှိတော့လို့ မြက်ခြောက်တွေကောက်စားပြီး အသေခံ ပြန်တိုက်သွားခဲ့တာ။
မင်းလည်းဘဝမှာအမြဲမှတ်ထားကွ။ တရုတ်တွေလို အသံကောင်းဟစ်ကြွေးကြော်သံတွေ လှိုင်လှိုင်အော်ပြီး လက်တွေ့မှာအဖြစ်မရှိတာမျိုးမဖြစ်ပါစေနဲ့။ ဂျပန်လို စိတ်ဓါတ်ပြင်းထန်ပါစေ။
"လူပြောမသန်၊လူသန်မပြော "ကွ။
အဖိုးပြောပြခဲ့တဲ့ တရုတ်နဲ့ဂျပန်အကြောင်းကိုကျနော်ဒီနေ့အထိမမေ့နိုင်ပါဘူးဗျာ။
Credit. K D အောင်လီ
3 April 2021
Credit:painter unknown