တရားခံဘယ်သူလဲ
==============
"ကိုအေးမောင်…ရှင် အဲဒီအရက်တွေပဲ သောက်နေ ကျွန်မတို့မျက်နှာလည်း ပြန်ကြည့် ပါဦး။ ကျွန်မကို ဂရုမစိုက်ရင်တောင် ရှင့်သမီး ကိုတော့ စာနာသင့်တယ်"
"ဘယ့်နှယ့်တော် ကျွန်မတို့အိမ်က ကြာလာတော့ အရက်ဆိုင်နဲ့တူလာတယ်"
အပေါင်းအဖော်များနှင့်တကွ မိမိအိမ် တွင် အရက်စုပေါင်းသောက်တတ်သော ကိုအေးမောင်ကို ဇနီးသည် မယုမော်က အပြစ်တင်ပြောဆိုနေခြင်းဖြစ်သည်။ ကိုအေး မောင်၏ သောက်ဖော်သောက်ဖက် သူငယ်ချင်းများကား မကြာသေးမီအချိန်က အသီးသီးအိမ်ပြန်သွားကြပေပြီ။
"အေးမောင်က ဘေးရှောင်တဲ့သဘောနဲ့ ကိုယ့်အိမ်ကိုယ့်နေရာမှာ သောက်တာပါကွာ။ အရက်ဆိုင်သွားသောက်ရင် ပြဿနာဖြစ်နိုင် တယ်လေ မိန်းမရဲ့" ကိုအေးမောင်၏ စောဒက တက်မှုက မှန်သင့်သလောက်တော့ မှန်ပေ၏။အရက်ဆိုင်သို့သွားသောက်လျှင် လူရမ်းကား တုတ်ကြီးတို့အဖွဲ့နှင့် ပြဿနာဖြစ်နိုင်သည် ဟုလည်း မယုမော်တွေးမိသည်။ သို့သော် သမီးလေးအတွက် ပြောကို ပြောရပေဦးမည်။
"ကိုအေးမောင် ရှင့်ဘာသာ ဘေးရှောင် ရှောင်၊ ဘေးသောင်သောင် ကျုပ်မသိဘူး။ ကျုပ်သိတာ ကျုပ်သမီးလေးကို အရက်သမား သမီးဆိုပြီး လူအထင်သေးမခံနိုင်ဘူးရှင့်"
"အေးပါကွာ အေးပါ"
တစ်ခုကောင်းသည်က ကိုအေးမောင် သည် မည်မျှပင်မူးနေပါစေ ဇနီးသည်နှင့် ပတ်ဝန်းကျင်ကို ရန်မရှာပေ။
ကိုအေးမောင်သည် ဆောက်လုပ်ရေးနှင့် ပတ်သက်သော လက်သမား၊ ပန်းရန်၊ သံချည်၊ သံကွေးလုပ်ငန်းများကို ဘက်စုံကျွမ်းကျင်သူ ဖြစ်သည်။ သူ့အတွက် အလုပ်ပြတ်သည်ဟူ၍ မရှိ။ အလုပ်အပေါ်တွင် စေတနာထားပြီး တိကျကောင်းမွန်စွာ လုပ်ဆောင်တတ်သော ကြောင့် အလုပ်မပြတ်ခြင်းလည်းဖြစ်သည်။ ဆောက်လုပ်ရေးအလုပ်သည် ကြမ်းသော် လည်း ဝင်ငွေက မဆိုးလှပေ။
ဆက်ဆံရေးကောင်းမွန်သဖြင့် အပေါင်း အသင်းဝင်ဆံ့သူလည်း ဖြစ်သည်။ ဇနီးနှင့် သမီးကိုလည်း လူတန်းစေ့ထားနိုင်သည်။ မယုမော်ကလည်း တစ်နိုင်တစ်ပိုင်စက်ချုပ်ခြင်း ဖြင့် မိသားစုဝင်ငွေကို တိုးပွားအောင်ဆောင်ရွက် သည်။ မယုမော်နှင့် အိမ်ထောင်သက် ၉ နှစ် အတွင်း ကြီးကြီးကျယ်ကျယ် စကားများရန်ဖြစ် သည်ဟူ၍ မရှိဖူးပေ။ သမီးကလေး ယွန်းယုမောင်ပင် ါုကျောင်းသူတစ်ယောက် ဖြစ်နေပေသည်။ ကိုအေးမောင်သည် အိမ်ထောင်ကျပြီး ၅ နှစ်ခန့်ကြာမှ အရက် စသောက်တတ်သူဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဇနီးသည်၏ ပြောဆိုမှုကိုတော့ ခဏခဏခံရလေသည်။ သို့သော် ကိုအေးမောင် အဖို့ "အေးမောင်က ဘေးရှောင်ပါတယ်"ဟူသော စကားဖြင့် စောဒကတက်လေ့ရှိသည်။ခြုံငုံသုံးသပ်သော် ကိုအေးမောင်သည် အရက်သောက်တတ်သည်မှလွဲ၍ လူကောင်း တစ်ယောက်ဖြစ်သည်။
ဤသို့ဖြင့် ရက်၊ လ၊ နှစ်တို့သည် တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။ ကိုအေးမောင်တို့အိမ်တွင် အရက်ဝိုင်းကတော့ တစ်ပတ်တစ်ခါ၊ နှစ်ခါမျှ ကျင်းပမြဲ ကျင်းပလျက်ရှိသည်။ မယုမော်က လည်း ကိုအေးမောင်ကို ပြောမြဲပြောလျက် ရှိသည်။ ကိုအေးမောင်ကလည်း "အေးမောင် က ဘေးရှောင်တာပါ" ဟု လက်သုံးစကားကို သုံးမြဲသုံးဆဲဖြစ်သည်။ သမီးလေး ယွန်းယုမော် လည်း ဒုတိယတန်း ကျောင်းသူကလေးဖြစ်နေ ပေပြီ။ အသားဖြူဖြူ ဝဝကစ်ကစ်ကလေးမို့ ချစ်ခင်သူကလည်း ပေါလှပေသည်။ ကိုအေးမောင်၏ သူငယ်ချင်းများကလည်း အလွန်ပင်ချစ်ကြလေသည်။ မုန့်မျိုးစုံ ဝယ်လာ သည်။ အူဝဲအရွယ်ကလေးကတည်းက ချီကြ မြှူကြနှင့် နေလာကြသည်မှာ ယခုအချိန်ထိပင် ဖြစ်သည်။
ယနေ့ ကိုအေးမောင်တို့အိမ်တွင် သောက်ပွဲ၊ စားပွဲ ကျင်းပနေပြန်သည်။ အရင် က ကိုသိန်းအောင်၊ ကိုကုလား၊ ကိုတင်မြင့် ဟူသော သူငယ်ချင်း သုံးဦးနှင့်သာ ဝိုင်းတည်ခဲ့ ကြသော်လည်း ယခုမူ နောက်တစ်ဦးပင် တိုးလာလေသည်။ လွန်ခဲ့သော ခြောက်လခန့် က အလုပ်အတူလုပ်ရင်း ခင်မင်ခဲ့သော ကိုလှရွှေဟူသော သူငယ်ချင်းဖြစ်သည်။ အခြားမြို့မှ လာရောက်အလုပ်လုပ်သူဖြစ်ပြီး ကိုတင်မြင့်တို့ ရပ်ကွက်တွင် အိမ်ငှား၍နေ သည်။ သူသည်လည်း မိတ်ရင်းဆွေရင်း ဖြစ်နေ ပေပြီ။အမှောင် ရိပ်ကလေးသန်းလာသည်နှင့် အမျှ ကိုအေး မောင်တို့အဖွဲ့လည်း မူးစပြုလာ သည်။
"မေမေ သမီး ပန်းချီဆွဲတဲ့စာအုပ်ကုန် သွားပြီ။ အသစ်ဝယ်ပေးပါ"
"သြော်သမီးရယ် စောစောက မပြောဘဲနဲ့ ခုမှပြောရတယ်ကွယ်၊ မှောင်နေပြီ မနက်ကျမှ ကျောင်းလိုက်ပို့ရင်း အမေဝယ်ပေးမယ်"သားအမိနှစ်ဦး၏ စကားပြောသံကို ကိုအေး မောင်ကြားသွားပြီး
"ဟေ့ မယုမော် သမီးလိုချင်တာ သွားဝယ် ပေးလိုက်ပါကွာ သိပ်မမှောင်သေးပါဘူး"
"မနက်မှ ဝယ်ပေးတော့မယ် ကိုအေး မောင်ရေ၊ ကျွန်မစက်ချုပ်ရဦးမယ်၊ မလုံးတင် အပ်ထားတဲ့ အင်္ကျီက ခုထိမပြီးသေးဘူး၊ ရှင် သွားဝယ်ပေးရင်ပေးလိုက်"
"ကဲ ကဲ စကားများမနေကြနဲ့တော့ ငါ သွားဝယ်ပေးပါမယ်။ အေးမောင်က မူးနေပြီ။လာသမီး ဦးနဲ့သွားဝယ်မယ် ဈေးဆိုင်က ဘယ်နားမှာလဲ" ကြားထဲကမနေနိုင်သော ကိုလှရွှေက ဝင်ပြောသည်။
"အေးအေး အဲဒါကောင်းတာပေါ့။ မယုမော် ပိုက်ဆံပေးလိုက်"
မယုမော်လည်း ပိုက်ဆံငါးရာတန် တစ်ရွက် သမီးလေးလက်ထဲထည့်ပေးလိုက် သည်။ ညမှောင်စပြုနေပြီဖြစ်သောကြောင့် ကလေးကို မထည့်လိုက်ချင်သော်လည်း အားနာ၍ ထည့်လိုက်သည်။ ကိုလှရွှေလည်း ကလေးကို လက်ဆွဲ၍ ထွက်သွားသည်။ ခြေလှမ်းကမှန်ဆဲဖြစ်သည်။
အချိန်ကား နာရီဝက်ခန့်ကြာသွားပြီ။ကိုသိန်းအောင်နှင့် ကိုကုလားပင် ပြန်သွား ချေပြီ။ ကိုတင်မြင့်တစ်ယောက်သာ ကိုလှရွှေ ကိုစောင့်ရင်း အရက်လက်ကျန်ဖြတ်ကာ ကျန်ခဲ့သည်။ ကိုအေးမောင်က မသောက်နိုင် တော့။ ဝမ်းလျားမှောက်နေပြီ။ ထိုစဉ် " ဦးလေး ဦးလေး အန်တီယု" မောင်စိုင်းတင်သည် အမောတကောပုံစံဖြင့် အော်ခေါ်ရင်း အိမ်ထဲ သို့ ဝင်လာသည်။ စက်ချုပ်နေသော မယုမော် က "ဟဲ့ မောင်စိုင်း ဘာဖြစ်တာလဲ အလော တကြီးနဲ့"
"ညီမလေး ညီမလေး…သွေးတွေနဲ့ ညောင်ပင်ရိပ်လမ်းဘေးမှာ လဲနေတယ်" ထိုစကားကို လန့်နိုးလာသော ကိုအေးမောင် လည်းကြားလိုက်ရ၏။
"ဟေ …"ကိုအေးမောင်တစ်ယောက် ဟေ တစ်လုံးသာပြောပြီး ပြေးထွက်သွားသည်။ သမီးဇောကြောင့် အမူးပြေသွားပုံရသည်။ မယုမော်နှင့် ကိုတင်မြင့်လည်း အံ့သြနေရာမှ သတိဝင်လာပြီး အပြေးလိုက်သွားသည်။
သူတို့ရောက်သွားချိန်တွင် လူတွေဝိုင်းအုံ နေသည်။ "သမီး သမီး"လူအုပ်ကြားထဲ ကိုအေးမောင် တိုးဝင်သွားသည်။သွေးအလိမ်း လိမ်းပေနေသော သမီးကိုပွေ့ဖက်ရင်း ရှိုက်ကြီးတငင်အော်ငိုမိသည်။ ထို့နောက် ခေါင်းထဲ အတွေးတစ်ချက်ဝင်လာသည်။ "လှရွှေရော လှရွှေ သေပြီလား ဘယ်သူ ဒီလိုလုပ်ရက်တာလဲ" မည်သူ့ဆီကမှ တုံ့ပြန်သံမကြားရပါ။ မယုမော်မှာ ငိုရှိုက်ရင်း တက်ကာ သတိလစ်သွားချေပြီ။ မကြာမီ နယ်ထိန်းနှင့် ရဲတပ်သားများရောက်လာပြီး အမှုနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆောင်ရွက်ကြသည်။
နောက်နေ့ နံနက်ပိုင်းတွင် သိလိုက်ရ သည့် သတင်းကြောင့် ကိုအေးမောင်တို့ ဇနီး မောင်နှံနှစ်ယောက်လုံး ဦးခေါင်းကို မိုးကြိုး ထိမှန်သလို ခံစားလိုက်ရပေသည်။ သမီးကလေး မှာ မုဒိမ်းကျင့်ခံရပြီး မာကျောသောအရာဖြင့် ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ ထို့ထက်ပို၍ ရင်နာစရာကောင်းသည်က ပြစ်မှု ကျူးလွန်သူမှာ ကိုလှရွှေဖြစ်နေသောကြောင့် ဖြစ်သည်။ ကိုလှရွှေသည်လည်း အကုသိုလ် တရားကြောင့်လော၊ မိမိကိုယ်တိုင် ကားရှေ့သို့ အတိုက်ခံခြင်းပေလားမသိ။ သူ၏ အလောင်း ကို တစ်မိုင်ခွဲခန့်ဝေးသော အင်းတောရွာ လမ်းမကြီးပေါ်၌ တွေ့ကြောင်းသိရပေသည်။
"အမလေး အဖြစ်ဆိုးလှချည်လား သမီး လေးရယ်"
ကိုအေးမောင် တော် ဘေး ရှောင်တယ် ဆို၊ ခုတော့ ဘေးတည့်တည့်အတိုးခံလိုက်ရပြီ လား။ တရားခံအစစ်က လှရွှေမဟုတ်ဘူး… ရှင် ရှင် ရှင်အသောက်အစားမက်လို့ ဖြစ်တာ။ ပြီးတော့ ကျွန်မ။ အဲဒီညက ကျွန်မတား လိုက်ရင် သမီးလေးသေမှာမဟုတ်ဘူး ဟီး ဟီး သမီးလေးရေ ဟီး ဟီး။
ကိုအေးမောင်တစ်ယောက် ဘာမျှ ပြန်မပြောနိုင်တော့ပါ။ ရင်ထဲမှာတော့ အဓိက တရားခံက အဖေပါ သမီးရယ်………။
လင်းလွင်ညို(ဧရာဝတီ)
ကြေးမုံသတင်းစာ
၂၉.၉.၁၉