
အခုခေတ်မှာ Marketing ပညာရပ် က တော်တော်လေး ခေတ်စားလာပါတယ်။ တကယ်တော့ Marketing ပညာ နဲ့ အလုပ်လုပ်နေသူမှ မဟုတ်ပါဘူး၊ လူတိုင်း အခြေခံလောက်တော့ သိထားသင့်တဲ့ ပညာရပ် တစ်ခုလည်း ဖြစ်ပါတယ်။ စာရေးဆရာချင်းတူရင် Marketing အိုင်ဒီယာ သာတဲ့သူက လူပိုသိလေ့ ရှိသလို၊ နောက်ဆုံး ပရဟိတ လုပ်ရင်တောင်မှ ဒီပညာရပ်ကို အသုံးချပြီး လုပ်နိုင်တဲ့သူက ပို အောင်မြင် လေ့ရှိတာ တွေ့ရမှာပါ။
ကိုယ့်ကိုယ်ကိုယ် ကုန်ပစ္စည်း တစ်ခုလို တွေးကြည့်လိုက်မယ်ဆိုရင် ကိုယ့် Brand ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်နိုင်တဲ့သူဟာ လုပ်ငန်းခွင် မှာ၊ အလုပ် တစ်ခုကို အပြိုင်လျှောက်ကြတဲ့အခါမှာ အများထက် ခေါင်းတစ်လုံးသာနေမှာ အမှန်ပါပဲ။
ခုလို အလုပ်အကိုင် အခွင့်အလမ်း တွေ ပေါလာတော့မယ့်အချိန်မှာ အလုပ် လိုချင်တဲ့ လူငယ် တွေ တစ်စုံတစ်ရာ ပြင်ဆင်နိုင်အောင်လို့ ကျွန်တော့် အတွေ့အကြုံ တစ်ချို့ အခြေခံပြီး ရေးလိုက်ရပါတယ်။ Target ကတော့ အလုပ် တစ်ခါမှ မလုပ်ဖူးသေးတဲ့ လူငယ် တွေကို ရည်ရွယ်ပါတယ်။
၁။ ကြိုတင်ပြင်ဆင် ပါ
အလုပ်လိုချင်တဲ့ လူငယ်တိုင်း ကြိုတင်ပြင်ဆင် ရမှာ (၂)ခုရှိပါတယ်။
နံပါတ်တစ် က ကိုယ့်မှာ ဘယ်လို အရည်အချင်း တွေ၊ အားသာချက်တွေ ရှိတယ်၊ ဘယ်လို အလုပ် မျိုးမှာ ထူးချွန်တယ်၊ ဘယ်လို အလုပ် ကို ဝါသနာပါတယ် စသဖြင့် အရင်ဆုံး ဆန်းစစ်ဖို့ လိုပါတယ်။ ခေါ်သမျှအလုပ် ကြုံသလို ဝင်လျှောက်နေလို့ မရပါဘူး။ အလုပ် မှာ အောင်မြင်ချင်တယ်၊ ပျော်ရွှင်ချင်တယ်ဆို အလုပ် က ကိုယ့်ကို ရွေးတာမျိုး မဖြစ်ပါစေနဲ့၊ ကိုယ်ကပဲ အလုပ် ကို ရွေးပါ။
နောက်တစ်ခုကတော့ အဆက်အသွယ် အရေးကြီးပါတယ်။ လူလူချင်းအပြင် ခုနောက်ပိုင်း ခေတ်စားလာတာဆို လူမှုကွန်ရက်၊ အထူးသဖြင့် LinkedIn လိုဟာမျိုးမှာ ကိုယ့်အကြောင်းကို သေသေချာချာလေး ပြင်ဆင်ပြီး ဖော်ပြထားနိုင်ဖို့ လိုပါတယ်။
၂။ အလုပ်ခေါ်စာ ဖတ်ရှုခြင်း
ကျွမ်းကျင်တဲ့ HR သမား တစ်ယောက် ရှိတဲ့ အဖွဲ့အစည်း ဟာ Vacancy announcement ကို စိတ်ဝင်စားစရာ နဲ့ ပြတ်ပြတ်သားသား ဖြစ်အောင် ထုတ်ပါတယ်။ သူတို့လိုချင်တဲ့ အတွေ့အကြုံ နဲ့ အရည်အချင်းတွေ၊ လုပ်ရမယ့်အလုပ်တာဝန်တွေ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။
အဲဒါကို သေသေချာချာဖတ်ပြီး ကိုယ်နဲ့သင့်တော်တယ် မသင့်တော်ဘူး စဉ်းစားစေချင်တယ်။ အဖွဲ့နာမည်မသိ၊ ခေါ်တဲ့ရာထူးမသိ၊ လုပ်ရမယ့်အလုပ်မသိဘဲ ဒီမှာ အလုပ် ခေါ်တယ် ကြားလို့ လာလျှောက်တယ် ဆိုတာမျိုးက impression ကျစေပါတယ်။
ဒီအလုပ်၊ အဖွဲ့အစည်း၊ အဲဒီမှာ ကြုံတွေ့ရမယ့် လုပ်ငန်းခွင် အခြေအနေ တွေ စသဖြင့် စုံစမ်းပါ။ စိတ်တိုင်းကျပြီဆိုမှ အလုပ် လျှောက်ဖို့ ဆုံးဖြတ်ပါ။ ထပ်ပြောပါရစေဦး၊ အလုပ်က ကိုယ့်ကိုရွေးတာမျိုး မဖြစ်ပါစေနဲ့၊ ကိုယ်ကပဲ အလုပ် ကို ရွေးပါ။
၃။ အလုပ်လျှောက်ခြင်း
အလုပ်ခေါ်စာကို ဖတ်ပြီးလို့ ကိုယ်နဲ့သင့်တော်တယ်၊ ဒီအ လုပ် ကို စိတ်ဝင်စားတယ်ဆိုရင် သတ်မှတ်ထားတဲ့ရက်အမီ CV form တင်ရပါမယ်။ CV form ဘယ်လိုရေးရသလဲတော့ လာမမေးပါနဲ့၊ အင်တာနက်မှာ ရှာဖတ်ပါ။ ကျွန်တော်ပြောတာထက် အများကြီး ပြည့်စုံပါလိမ့်မယ်။ အင်တာနက်ဆိုတာ ဖေ့စ်ဘွတ် မှာ ဓါတ်ပုံတင်ပြီး “ဖရန့်တို့ရေ လှလား cute လား” မေးရုံသက်သက် မဟုတ်ပါဘူး။ အကျိုးရှိစွာ အသုံးချစေချင်ပါတယ်။ တခုခုသိချင်ပြီဆိုတိုင်း သူများအရင်မေးတာထက် ကိုယ့်ဟာကိုယ် ကြိုးစားရှာဖွေတတ်တဲ့ အကျင့် ကိုလည်း လုပ်စေချင်ပါတယ်။
CV ဆိုတာကလည်း လူမမြင်ရသေးခင်မှာ တစ်ဖက်က ကိုယ့်ကို လူခေါ်တွေ့ပြီး အင်တာဗျူး ချင်လာအောင် လုပ်တာပါပဲ။ ဒါကြောင့် မိတ္တူဆိုင်က ဝယ်လို့ရလာတဲ့ ဖောင်မှာဖြည့်၊ ရှိသမျှ certificate တွေ တစ်သီကြီး တွဲတင်ပေးလိုက်တာထက် သေသေချာချာ စနစ်တကျ ပြင်ဆင်စေချင်ပါတယ်။ ရှေ့ဆုံးမှာ တစ်မျက်နှာစာ Cover letter ကောင်းကောင်းရေးပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့လည်း မမေ့ပါနဲ့။ အဲဒါက နောက်မှာ ဖော်ပြထားသမျှ ကိုယ့်အကြောင်းတွေကို စိတ်ဝင်တစား ဆက်ကြည့်စေမယ့် စွဲဆောင်မှု တစ်ခုလည်း ဖြစ်ပါတယ်။
၄။ အင်တာဗျူး ဖြေဆိုခြင်း
ကိုယ်တင်လိုက်တဲ့ လျှောက်လွှာ ကို ကြည့်ပြီး သဘောကျတယ်ဆိုရင် ကိုယ့်ကို အင်တာဗျူး မေးဖို့ ကမ်းလှမ်းလာပါလိမ့်မယ်။ အင်တာဗျူး ဖြေရင် ဆောင်ရန်၊ ရှောင်ရန်တွေအများကြီး ရှိပါတယ်။ အသေးစိတ် ကို အင်တာနက် မှာ ရှာဖတ်ကြည့်ပါ။ အင်တာဗျူး မှာ First impression က တော်တော်လေး အရေးကြီးပါတယ်။ အလုပ်မှာ အမြဲတမ်းအချိန်မှန်တဲ့သူက တစ်ရက်တစ်လေ နောက်ကျသွားလည်း ဘယ်သူမှ ဘာမှမပြောပါဘူး။ သူအချိန်မှန်တယ်ဆိုတာ သိနေကြတာကိုး။ အင်တာဗျူး ရက်မှာတော့ နောက်မကျသင့်ပါဘူး။ ကိုယ့်အကြောင်းကိုမှ သေသေချာချာ မသိကြသေးဘဲကိုး။ အချိန်နောက်ကျပြီးမှ ရောက်လာခြင်းက ကိုယ့်ကို အထင်အမြင်သေးစေပါတယ်။ နောက်ပြီး အခန်း ထဲဝင်ဝင်ချင်းမှာ နှုတ်မဆက်တာ၊ ဝတ်စားဆင်ယင်မှုနဲ့ ဆံပင်ပုံစံ၊ အရောင်တွေက Professional look ရှိမနေတာ၊ ဒါတွေဟာလည်း မဖြေခင်ကတည်းက အမှတ်လျော့နေစေတဲ့ အပြုအမူများပဲ ဖြစ်ပါတယ်။
မေးခွန်း အနေနဲ့တော့ အများအားဖြင့် အပိုင်း(၄)ပိုင်း ရှိပါလိမ့်မယ်။
-ဝန်ထမ်း ခေါ်တယ်ဆိုတာဟာ အဖွဲ့အတွက် အလုပ် လုပ်ဖို့ ခေါ်တာဖြစ်လို့ အရည်အချင်း ဘယ်လောက်ရှိလဲအပြင် ဒီလူဟာ ငါတို့နဲ့ ကိုက်မကိုက်ဆိုတာကိုလည်း ဦးစားပေးကြည့်တတ်ကြပါတယ်။ ဒါကြောင့် အဖွဲ့နဲ့ပတ်သက်တာ၊ အဖွဲ့ရဲ့ လုပ်ငန်းသဘာဝနဲ့ပတ်သက်တာ၊ ဒီမှာ အလုပ်လာလျှောက်ရတဲ့ အကြောင်းရင်းတွေ မေးတတ်ပါတယ်။ ဒါတွေကို ကြိုတင်စုံစမ်းပြီး ကိုယ်နဲ့ ကိုက်ညီမယ်ထင်လို့ အလုပ် လျှောက်ခဲ့တာသာဆိုရင် ဒီအပိုင်းက အခက်အခဲ သိပ်မရှိနိုင်ပါဘူး။
-ကိုယ့်ရဲ့အလုပ်အတွေ့အကြုံတွေ၊ ကိုယ့်ရဲ့အောင်မြင်မှုတွေ၊ အခက်ခဲဆုံးအခြေအနေတစ်ရပ်ကို ကျော်ဖြတ်ဖူးခဲ့တာတွေ၊ နောက်ပြီး အားသာချက်၊ အားနည်ချက် တွေ မေးတတ်ပါတယ်။ ဒီအတွက် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထိ အရှင်းလင်းဆုံးဖြစ်အောင် တင်ဆက်နိုင်သလဲဆိုတဲ့ Presentation skill က အရေးပါလာပါလိမ့်မယ်။ ကြိုတင် လေ့ကျင့် ထားလို့ ရပါတယ်။
-ပြီးရင် သက်ဆိုင်ရာ အလုပ် နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှု ကို စစ်ဆေးတယ်။ ရေးဖြေရတာလည်း ပါရင်ပါမယ်ပေါ့။
-နောက်ဆုံးကတော့ ညှိနှိုင်းရမယ့်အပိုင်းတွေ။ လစာ ဘယ်လောက်မှန်းလဲ၊ အနာဂတ်မှာ ဘာအစီအစဉ်ရှိလဲ မေးတတ်ပါတယ်။ ကိုယ်သိချင်တာရှိရင်လည်း မေးဖို့အခွင့်အရေး ရပါလိမ့်မယ်။ သိချင်တာရှိရင် ရဲရဲတင်းတင်း မေးပါ။ အားနာစရာ၊ ကြောက်နေစရာ မလိုပါဘူး။ လစာ ကိုလည်း ဒီကသတ်မှတ်သလောက် ဆိုတာမျိုးထက် ကိုယ့်တန်ဖိုးကိုယ် သတ်မှတ်ပြီး ယုံကြည်မှုရှိရှိ ပြောပါ။
ပြီးရင်တော့ အကြောင်းပြန်တာကို စောင့်နေရုံပါပဲ။ ကမ်းလှမ်းလာခဲ့တဲ့အခါမှာ ဘယ်လို အနေအထား မျိုးဆိုရင်တော့ လက်မခံနိုင်ဘူး၊ လစာ ဘယ်လောက်အထိ ဆိုရင်တော့ လက်ခံ မယ် ဆိုတာမျိုး ကြိုတင်ဆုံးဖြတ်ထားစေချင်ပါတယ်။
ဒါတွေကတော့ အလုပ်တစ်ခုကို လျှောက်တော့မယ်ဆိုတဲ့အခါ သိထား၊ ပြင်ဆင်ထားသင့်တာလေးတွေ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ သိစေချင်တာကတော့ အင်တာဗျူး သိပ်အဖြေကောင်းတဲ့သူတွေ တွေ့ဖူးပါတယ်။ တကယ့်တကယ် အလုပ်လည်းလုပ်ရော၊ ထင်သလောက် ဟုတ်မနေပါဘူး။ အဲဒီအခါ အဖွဲ့အစည်း မှာလည်း အဆင်မပြေ ဖြစ်ရပါတယ်။ အရည်အသွေးမကောင်းတဲ့ပစ္စည်း ဝယ်မိသလိုပေါ့။ အစပိုင်းတော့ အပြောကောင်းရင် အဟုတ်မှတ်ပြီး ဝယ်ကြမယ်၊ နောက်ပိုင်း အကြောင်းသိလာကြတဲ့အခါမှာတော့ ဘယ်သူမှ ဝယ်ကြတော့မှာ မဟုတ်ပါဘူး။
ဒါကြောင့် အောင်မြင်ချင်တဲ့ လူငယ် တစ်ယောက်ဟာ အပြောသက်သက်ကို ရောင်းတာမဟုတ်ဘဲ ကိုယ့်ရဲ့ အရည်အချင်းနဲ့ လုပ်အားကိုပါ ရောင်းနိုင်ရပါမယ်။ အရည်အသွေးပြည့်မီတဲ့ ကုန်ပစ္စည်းတွေဖြစ်နေဖို့ကိုလည်း အမြဲမပြတ် အားထုတ်နေရပါမယ်။ ဒီအချက်ကိုတော့ မမေ့ကြစေချင်ဘူး။
ရေးသားသူ – ဒေါက်တာဖြိုးသီဟ
Credit : Power of Passion