အိမ်ဝေးတို့ရဲ့ဖြေဆေး
==================
(၁)
"အဆင်ပြေရဲ့လား ကောင်လေး"
ဖိုးအေးခေါင်းညိတ်ရုံကလွဲပြီး ဘာပြောလို့ ရမှာလဲ။ ခုတ်မောင်းနေတဲ့ ရထားကပဲ မြန်လွန်းလို့လားမသိဘူး။ ဖိုးအေးရင်ထဲ တလှပ်လှပ်နဲ့ တုန်ယင်နေသလိုပဲ။ အိမ်ကနေ ဘာမှစားမလာလို့ ထင်ပါရဲ့။ တုန်နေတဲ့ ရင်ဘတ်ကို လက်နှစ်ဖက်နဲ့အသာဖိပြီး ငြိမ်နေမိတယ်။
မိုးဦးကာလအစမို့ထင်တယ်။ ကောင်းကင် တစ်ခွင်က လွမ်းမောစရာလေးရယ်။ ရင်တုန်တာ သက်သာလာတော့ ရထားပြတင်းတံခါး ပေါင်ပေါ်ကို မေးတင်ပြီး အပြင်ဘက် မြင်ကွင်းကို ငေးမောကြည့်နေလိုက်တယ်။ သစ်ပင်၊ သစ်ရိပ်တွေက အနောက်မှာ ကျန်နေခဲ့တယ်။ မှိုင်းရီဝေနေတဲ့ ကောင်းကင်က ဖိုးအေးကို ညှို့နေသလိုပဲ။ လွမ်းမောစရာ ကောင်းနေတာကတော့ အမှန်ပဲ။ ဖိုးအေး မသိလိုက်ခင်မှာ ဘယ်ကကျလာတဲ့ မျက်ရည် တွေမှန်းမသိဘူး။ ပါးပေါ်ကို တအိအိလိမ့်ဆင်း လို့လာတယ်။
"ဟာ ... ငါငိုလို့ မဖြစ်ဘူး"
တစ်ယောက်တည်းရေရွတ်လိုက်မိပေမယ့် မျက်ရည်တွေက ကျမြဲတိုင်းကျနေဆဲပဲ။ ဖိုးအေးတောင်ဒီလောက်ငိုနေရင် အိမ်မှာ ကျန်နေခဲ့ရတဲ့ မိသားစုတွေကလည်း ချုံးပွဲချ ငိုနေတော့မလား။ အဲဒီလိုတွေးလိုက်တော့ မျက်ရည်မိုးတွေက ခုနကထက် ပိုသည်းလာခဲ့တယ်။ မရတော့ဘူး။ ဘယ်လိုမှ ထိန်းထားလို့ မရတော့ဘူး။ သေချာပါတယ်။ အခုချိန်လောက်ဆို အိပ်ရာထဲလဲနေတဲ့ အဖေရယ်၊ ထမင်းအိုးထဲ ဆန်ဖြည့်ရတဲ့တာဝန်ကို ပြောင်းလဲယူထားရတဲ့ အမေရယ်။ သူတို့တွေလည်း ဖိုးအေးလိုတွေးပြီး ငိုနေတော့မှာပေါ့။ ညီမလေးလုပ်သူကတော့ ကလေးမို့ ခံစားတတ်မှာ မဟုတ်သေးဘူး။ တွေးလေ မျက်ရည်တွေသည်းလေမို့ ရှိုက်သံသဲ့သဲ့လေးတောင် ထွက်သွားသလိုပဲ။ ဖိုးအေးကို ရန်ကုန်ခေါ်လာတဲ့ အန်တီလှခင်ကိုကြည့်တော့ မျက်နှာပေါ် သတင်းစာတင်ပြီး အိပ်နေလိုက်တာ အသက် ရှုဖို့တောင် မေ့နေသလားထင်ရတယ်။ ရထား ပေါ်မှာက ခရီးသည်သိပ်မများ။ စိတ်ရှိတိုင်းသာ ငိုချလိုက်ရင် လူတွေဝိုင်းကြည့်ကြမှာ သေချာတယ်။ မျက်ရည်စတွေကို မည်းမည်းလုံးလုံး လက်ကလေးတွေနဲ့ ဘယ်ပြန်ညာပြန် သုတ်ပစ် လိုက်တယ်။ ပြတင်းတံခါးက တိုးဝင်လာတဲ့ လေစိမ်းတွေက ဖိုးအေးကျောထဲ စိမ့်ခနဲ ဖြစ်သွားတယ်။
အမေထည့်ပေးလိုက်တဲ့ အနွေးထည် ညစ်ညစ်ကလေးကို ထုတ်ပြီး ဝတ်လိုက်တော့ နွေးသွားသလိုပဲ။
မှိုင်းရီဝေနေတဲ့ကောင်းကင်က အချက် မပေးဘဲ မိုးတိမ်တွေအဖြစ် ပြောင်းလဲလို့လာတယ်။ တိမ်တွေတရိပ်ရိပ်ပြေးနေတယ်။ မကြာ လိုက်ပါဘူး။ သိကြားမင်းကြီးလည်း ငိုပါလေရော။ သူ့ခမျာလည်း လွမ်းလို့နေမှာပေါ့လေ။
(၂)
"ကောင်လေး ထ ... ထတော့။ ရန်ကုန် ဘူတာရောက်ပြီ"
ဘယ်လောက်တောင် အိပ်ပျော်သွားလဲမသိဘူး။ အန်တီလှခင်နှိုမှ နိုးရတော့တဲ့အဖြစ်။ အန်တီလှခင်ဆိုတာ တခြားသူမဟုတ်ဘူး။ အမေ့ရဲ့သူငယ်ချင်း ပွဲစားအပျိုကြီး။ သူက ရွာကနေ မြို့မှာအလုပ်လုပ်ချင်တဲ့ လူလွတ်တွေကို ရှာပေးတဲ့ အလုပ်ရှာပွဲစားလေ။
ရှုပ်ထွေးနေတဲ့ လူအုပ်ကြားမှာ ဈေးရောင်း နေတဲ့ အသံစာစာလေးတွေက သာလိကာလေးတွေလိုပဲ။ ဒါပေမယ့် အသံပိုင်ရှင်တွေကိုတော့ မတွေ့ရသေးဘူး။ ရင်ထဲမှာ တစ်မျိုးကြီးပဲ။ အသံကို ထင်ကြေးပေးနေမိတယ်။ အသံလေးတွေက ကလေးအသံလေးတွေ။ သေချာနားထောင်ကြည့်လေ ကလေးအသံတွေနဲ့ ပိုတူလေပဲ။ အလွန်ဆုံးရှိလှ ရှစ်နှစ်ပေါ့။ ဖိုးအေးတို့ အရွယ်လောက်ပဲထင်ပါရဲ့။
"ငုံးဥပြုတ်တွေရမယ်၊ သရက်ပေါင်းတွေ ရမယ်"
"ရေသန့်၊ ကွမ်းယာတွေ၊ ယူကြဦးမလား"
" ဟင်"
ဖိုးအေးရဲ့ မျက်လုံးတစ်စုံက အပြင်ကို ခုန်ထွက်နေတယ်လို့ ထင်ရလောက်တယ်။ ပြူးကျယ်သွားတဲ့ မျက်လုံးတွေနဲ့ သတိထားပြီး ကြည့်လိုက်တော့ " ငါ့ထက်ဆိုးတဲ့ ဘဝတွေရှိ နေသေးပါလား" လို့ လည်း တွေးမိတယ်။ တချို့ဆို ညီမလေးအရွယ်လောက်ပဲ ရှိဦးမယ်။ ပစ္စည်းတွေကို လေပေါ်မှာမြှောက်ပြီး မရှက်စတမ်း အော်နေကြတယ်။ လေးစား အတုယူ လောက်ပါတယ်။ သူတို့ကိုမြင်လိုက်ရတော့ ဖိုးအေး အားတက်သွားတယ်။
"ဟဲ့ ... ကောင်လေး ဘာလုပ်နေတာလဲ"
" ဗျာ"
အန်တီဒေါ်လှခင်ရဲ့ ခေါ်သံကြောင့် ဆတ်ခနဲ ဖြစ်သွားတယ်။ အင်္ကျီထုပ်ကိုပိုက်ပြီး သူ့နောက်ကို လျှောက်လိုက်ရတော့တယ်။ မကြာလိုက်ပါဘူးဗျာ။ အလုပ်လုပ်ရမယ့် ဆိုင်ကိုရောက်ပြီလို့ အန်တီလှခင်က ပြောတယ်။
"လာ ... လာ ... မလှခင်။ အထဲကို ကြွပါရှင်"
သားသားနားနား ဝတ်စားထားတဲ့ မိန်းမကြီးက အန်တီလှခင်ကို တလေးတစား ဖိတ်ခေါ်တယ်။ ဖိုးအေးကိုလည်း ပြုံးပြတယ်။ ဖိုးအေးလည်း ပြန်ပြုံးပြလိုက်တယ်။
" ဘာစားမလဲ ... မလှခင်။ မှာလေ၊ ကောင်လေးရောမှာလေ ဘာစားမလဲ"
ဘာမှမစားချင်တော့ပါဘူးလေ။ ဆိုင်ထဲမှာက လူတွေအများကြီး။ ဖိုးအေးတို့ရွာမှာဆို အဲဒီလူတွေနဲ့ အိမ်သုံးဆယ်လောက် တည်လို့ရတယ်။ တစ်ယောက်တစ်ပေါက် အော်သံတွေက နားငြီးစရာဖြစ်နေတာတော့ အမှန်ပဲ။ မူးတူးတူးဖြစ်လာတဲ့ခေါင်းကို လက်သီးဆုပ်လေးနဲ့ ခပ်ဖွဖွလေး ထုပစ်လိုက်တယ်။
"စားလေကောင်လေး၊ ဘာစားမလဲ"
မဆာပေမယ့်လည်း အဆာခံအောင်နည်းနည်း စားထားလိုက်မယ်လို့ တွေးလိုက်တော့
"ဟိုလေ။ ထမင်းဆီဆမ်းပဲပြုတ်နဲ့စားမယ်"
ပြောတဲ့အထဲမှာ ရယ်စရာမပါပေမယ့် အန်တီလှခင်နဲ့မိန်းမကြီးက ထရယ်တယ်။ ဘာလဲဟဆိုပြီးတွေးရင်း ဒေါသထွက်သွားတယ်။ လူကိုလာလှောင်နေတယ်။ လူကြီးတွေ ဖြစ်ပြီးတော့။
"ဒီမှာ မင်းပြောတာမရှိဘူး၊ ကဲ... သူ့ကို မုန့်ဟင်းခါးပဲပေးလိုက်ပါ၊ ကျမကိုလည်း မုန်ဟင်းခါးပဲပေး၊ အိုးဘဲဥနဲ့"
အန်တီလှခင်က ဖိုးအေးအတွက် သင့်တော်တာကို မှာပေးရှာပါတယ်။
"နာမည်က... ဖိုးအေးတဲ့၊ ကောင်လေး ကဖင်ပေါ့တယ်၊ အလုပ်ကိုလည်း သေချာ လုပ်တယ်"
"အင်းပါ ... မလှခင်ရယ်၊ မလှခင် ခေါ်လာတဲ့ လူတွေက ပြောစရာကိုမရှိပါဘူးရှင်။ ဪ ... ဒါနဲ့ ကြိုတင်ငွေကထုတ်ပေးပြီးသား နော် ... ဟဲ"
မိန်းမကြီးက သူ့စကားကို သူ သဘောကျဟန်နဲ့ ရယ်ပြန်တယ်။
"ဟုတ်ပါတယ်ရှင်၊ ဟုတ်ပါတယ်။ နောက်လကနေစပြီး သုံးလတစ်ခါ ကောင်လေး အမေလာယူလိမ့်မယ်။ နောက်လူလိုရင်လည်း ဆက်သွယ်ဦးနော့်"
ပြောနေတာတွေကြားပေမယ့် ဘာတွေ ပြောနေကြလဲမသိဘူး။ အလုပ်လုပ်ရမယ် ဆိုတာကိုပဲသိတယ်။ အိုဗျာ။ တွေးမနေချင်ဘူး။ အဓိကက အိမ်ကမိသားစုတွေအဆင်ပြေရင် ပြီးတာပဲ။ မုန့်ဟင်းခါးရောက်လာတော့ စကားမပြောဖြစ်တော့ဘူး။ မုန့်ဟင်းခါးက ပူပူနွေးနွေးလေးမို့လားမသိဘူး။ ချွေးလေး တွေတောင် စို့သွားတယ်။
ပြောစရာတွေပြောပြီးကြတော့ အန်တီလှခင် ပြန်သွားတယ်။ မပြန်ခင် မှာသွားသေးတယ်။ အလုပ်ကိုသေချာလုပ်တဲ့။ နင်အလုပ် ပြုတ်လို့ မဖြစ်ဘူးတဲ့။
(၃)
အားလုံးကိုယ့်တာဝန်တွေနဲ့မို့ အလုပ်တွေ မနားတမ်းလုပ်နေရတယ်။ ဘာကြောင့်မှန်း မသိဘူး။ ဆိုင်ကဖွင့်ထားတဲ့ သီချင်းလေးကို နားထောင်ရင်း တီဗွီလေးကို ရပ်ငေးနေမိတယ်။
" ချမ်းမြေ့ ..... ချမ်းမြေ့ပါစေ။ ချမ်းမြေ့ ချမ်းမြေ့ပါစေ။ ဖေဖေလည်း ...... ချမ်းမြေ့ပါစေ။ မေမေလည်း ချမ်းမြေ့ပါစေ ......."
" ဒေါက် .... ဒေါက် .... ဒေါက်"
စည်းချက်မှန်တဲ့ ဖိနပ်သံပိုင်ရှင်ဟာ ဘယ်သူလဲဆိုတာ သိလိုက်ပေမယ့် ဖိုးအေး တီဗွီကိုငေးပြီး သီချင်းချိုလေးကိုသာ နားထောင်နေမိဆဲ။ ဖိနပ်ခွာသံက တဖြည်းဖြည်း နီးကပ်လို့ လာတယ်။ သိပ်မကြာလိုက်။
"ဂွပ်"
ခေါင်းပေါ်ကျလာတဲ့ ခွက်ဟာ လက်ဖက်ရည်ဖျော်တဲ့ မတ်ခွက်ဆိုတာကို လုပ်သက်နု ပေမယ့် သိလို့ နေတယ်။ ပူရှိန်းရှိန်းနာကျင်မှု ဝေဒနာကို ခံစားမိလိုက်တဲ့အချိန် မျက်ရည်စ တွေက မျက်ဝန်းထဲကနေ အပြင်ကိုခုန်ထွက်လို့ လာရော။ ဘာကြောင့် မျက်ရည်ကျတာလဲ။ အတွေးရဲ့ရလဒ်ကို နားမလည်ခဲ့ဘူး။ နာကျင် တာလား။ ဝမ်းနည်းလို့လား။
"အမလေးတော်။ စောစောစီးစီး ကိုယ့် အလုပ်ကိုမလုပ်ဘဲ တီဗွီငေးနေရတယ်လို့။ အံ့ပါအေ။ နင့်လိုအကောင်ကြောင့် မခင်လှ ဒီတစ်ခါတော့ နာမည်ပျက်ရတော့မယ် ထင်ပါတယ်အေ"
ဆိုင်ရှင်မိန်းမကြီးက အလုပ်ခိုတဲ့လူကို အလုပ်ခိုင်းလေ့မရှိဘူး။ တစ်ခုခုလုပ်တယ်။ အဲ ... အခုလို ခွက်နဲ့ခေါက်တာမျိုးပေါ့လေ။ ပြီးရင် အရှက်ရအောင် စကားတွေပြောပြီးပြန် လှည့်သွားတတ်တယ်ဆိုတာ အဖျော်ဆရာ ပြောပြလို့ ဖိုးအေးသိနေခဲ့ပေမယ့် မဆင်ခြင် နိုင်ခဲ့လေတော့ ...... ။
(၄)
" ဟင်း ..... အဟင်း ........ ဟင်း ....... အင့်ဟီး"
ပူလွန်းတဲ့ အရှိန်ကြောင့် ညည်းညူနေမိတယ်။ မှောင်မိုက်တဲ့ စတိုခန်းလေးမှာ ခြင်တွေက တဝီဝီနဲ့ရယ်။ ဖိုးအေးရဲ့ ညည်းသံက အဖျော်ဆရာကို လန့်နိုးစေခဲ့တယ်။ "ဘာဖြစ်လို့လဲ ဖိုးအေး" ဆိုပြီး အခန်းအတွင်းက ခရမ်းချဉ်သီးအလင်းရောင်မျှ လင်းတဲ့မီးသီးလေးကို ဖွင့်လိုက်တယ်။
"ပြန်ချင်တယ်။ ပြန်ချင်တယ်"
(၅)
အမေလာတွေ့နိုး၊ လာတွေ့နိုးနဲ့ မျှော်လိုက်ရတာ အခုထိပေါ်မလာသေးဘူး။ ဘာများ ဖြစ်နေလဲမသိဘူး။ ရင်တွေက တဒိတ်ဒိတ်နဲ့ ရယ်။ အမေမလာနိုင်လို့လား မသိဘူး။
အမေ့ကိုတွေ့ချင်တာ တခြားတော့ မဟုတ်ပါဘူးလေ။ တစ်လစာပိုက်ဆံ သုံးသောင်းခွဲလေးပေးရင်း အန်တီလှခင်နဲ့ မှာလိုက်တဲ့ မိသားစုဓာတ်ပုံလေး လိုချင်လို့ပါ။ အိမ်ဝေးလုပ်သားတွေအတွက် ဒီပုံလေးတွေက အားဆေး လေ။
နေ့ဝက်ကျိုးပေမယ့် အမေရောက်မလာခဲ့ဘူး။ ဝမ်းနည်းစိတ်က ဘာနဲ့မှနှစ်သိမ့်လို့ မရလောက်အောင် ဝမ်းနည်းမိတယ်။ ပါးပြင်ကို ကျော်ပြီးတလိမ့်လိမ့်ဆင်းလားတဲ့ မျက်ရည်စတွေက မြေပြင်နဲ့ တပေါက်ပေါက် ရိုက်ခတ်နေတယ်။
"ဆိုင်ရှင်ရှိလားမသိဘူးခင်ဗျ"
ဆိုင်ရှင်မိန်းမကြီး ဆိုင်အတွက်ပစ္စည်းတွေ သွားဝယ်တော့ မရှိဘူး။ အဖျော်ဆရာဆိုင်ရှေ့ ထွက်သွားတာ တွေ့လိုက်တယ်။ စကားတွေ ပြောပြီး ပြန်လာတော့ စာအိတ်လေးတစ်လုံးပါ လာတယ်။
"ရော့ … ဖိုးအေး။ မင်းအမေရဲ့စာထင်တယ်"
ကျတော် ဆတ်ခနဲဆွဲယူပြီး မြန်မြန် ဖွင့်ဖတ်လိုက်တော့....
" အမေမလာနိုင်သေးဘူး ငါ့သားရယ်။ မင်းအဖေဘေးမှာ အမေရှိနေမှဖြစ်မှာလေ။ သားညီမလေးကလည်း ရှိသေးတယ်။ နားလည်ပါ အမေ့သားလေးရယ်။ သားအဖေနဲ့ ညီမလေးလည်း ငါ့သားကိုလွမ်းနေကြပါတယ်။ အမေတို့အားလုံး ငါ့သားလေးကို လွမ်းတိုင်း အမေတို့ ရွာဦးကျောင်းမှာ ဆွမ်းကပ်တုန်းက ရိုက်ထားတဲ့ တစ်ပုံတည်းသော မိသားစု ဓာတ်ပုံလေးကိုပဲ ထုတ်ကြည့်နေကြရတာ။ အခုငါ့သားက လိုချင်တယ်ဆိုတော့ အမေ မိတ္တူကူးပေးလိုက်တယ်နော်။ အဲဒီဓာတ်ပုံလေးနဲ့ပဲ ဖြေသိမ့်ပါကွယ်။ ဪ ... ဒါနဲ့ အမေ့ကိုပေးမယ့် ပိုက်ဆံကို ငါ့သားပဲ စုထားလိုက်ပါ။ အမေတို့ အတွက်မပူပါနဲ့။ အမေတို့ အဆင်ပြေပါတယ်ကွယ်"
ဟိုလိမ် ဒီတွန့်လက်ရေးလေးတွေနဲ့ ရေးထားတဲ့စာကို စာလုံးပေါင်းပြီး ဖတ်လိုက်ရပေမယ့် ရင်ထဲနင့်ခနဲ ဖြစ်သွားတယ်။ အဆင်ပြေတယ်တဲ့လား။ ဒါနဲ့များအမေရယ်။ သားကို ဒီပို့ရသလားဗျာ။
ဓာတ်ပုံလေးနဲ့ အလွမ်းဖြေရမယ်။ ဟုတ်လားအမေ။ ဖြေပါတယ် အမေရယ်။ သားဖြေပါတယ်။ အချိန်တိုင်း အချိန်တိုင်း စိတ်ကူးယဉ်ပြီး သားတို့မိသားစုလေး ပြည့်ပြည့်စုံစုံ ပြန်ဆုံနိုင်မယ့် နေ့ရက်လေးတွေကို ပုံဖော်ပြီးတော့ ဖြေပါတယ်။ ဒါပေမယ့် အမေရယ်။ အဲဒီနေ့ရက်လေးတွေက သား အတွေးထဲမှာတောင် မထင်ရှားဘူးအမေ။ ဟုတ်တယ်။ မြူမှုန်တွေကြားက လူလိုပေါ့လေ။ အရှေ့မှာရှိနေတဲ့မြင်ကွင်းကို မျက်လုံးကောင်း ပါရက်နဲ့ ဝိုးတဝါးသာ မြင်နေရတဲ့ သားရဲ့အဖြစ်။ အိမ်နဲ့မဝေးချင်တဲ့သား။ အခုတော့ အရောင်မဲ့တဲ့ ဓာတ်ပုံလေးကိုသာ အဖော်ပြုရင်း အကန့် အသတ်မရှိတဲ့ မျှော်လင့်ချက်တွေနဲ့ အိမ်ကို လွမ်းနေရဦးမှာပေါ့လား အမေရယ်....။
မင်းဟိဏ်းကြယ်