အချိန်ဆွဲသည့်အကျင့်ကို ဖျောက်ဖျက်နိုင်မည့် နည်းလမ်းများ - Kharann Media

Breaking

အချိန်ဆွဲသည့်အကျင့်ကို ဖျောက်ဖျက်နိုင်မည့် နည်းလမ်းများ


အောင်မြင်လိုသူတွေအတွက် အခက်ခဲဆုံးစိန်ခေါ်မှုတစ်ခုကတော့ လုပ်ငန်းအစီအစဉ်တစ်ခု စတင်ဖို့ ပထမဆုံးခြေတစ်လှမ်း လှမ်းရမှာကို တွန့်ဆုတ်နေပြီး အချိန်ဆွဲနေတတ်တာပဲ ဖြစ်ပါတယ်။ အချိန်ဆွဲနေတတ်တဲ့ အတွက် စိတ်အားတက်ကြွမှုပျောက်ဆုံးသွားပြီး လုပ်ငန်း အစီအစဉ်တွေကို မစတင်နိုင်တာလည်း ဖြစ်နေတတ် ပါတယ်။ ဒါ့ကြောင့် အချိန်ဆွဲတတ်တဲ့ အလေ့အကျင့် ကို ဖျောက်ဖျက်နိုင်ဖို့ နည်းလမ်း(၅)ခုကို ဖော်ပြလိုက် ပါတယ်။

၁. ကိစ္စတစ်ခုတည်းကိုပဲ အာရုံစိုက်ပါ...
အချိန်ရွှေ့ဆိုင်းရခြင်းရဲ့အဓိကအကြောင်းရင်းတွေထဲက တစ်ခုကတော့ အလုပ်ကိစ္စကြီးတွေ တပုံတပင် ရှိတာပဲ ဖြစ်ပါတယ်။ ဒီလို အလုပ်ကိစ္စကြီးတွေကို စီမံခန့်ခွဲနိုင်လောက်တဲ့ အနေအထားနဲ့ တစ်ကြိမ်မှာ တစ်ခုချင်းစီ အာရုံစိုက် လုပ်ဆောင်နိုင်လောက်တဲ့အထိ ခွဲခြမ်းစိတ်ဖြာပြီး လုပ်ဆောင်ပါ။

၂. အပြီးသတ်ရမယ့်အချိန်တွေ သတ်မှတ်ပါ...
ကိုယ်တိုင် သတ်မှတ်တာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင် အခြေအနေက သတ်မှတ်တာပဲဖြစ်ဖြစ် အလုပ်ကိစ္စတွေ ကို အပြီးသတ်ရမယ့် အချိန်ကို သတ်မှတ်ထားမယ်ဆိုရင် အချိန်မဆွဲဘဲ အလုပ်ပြီးမြောက်ဖို့ တွန်းအား ဖြစ်စေပါတယ်။ ရှင်းလင်းတိကျတဲ့ အပြီးသတ်ချိန် မရှိဘူးဆိုရင် အလုပ်တွေကို အာရုံစိုက်နိုင်ဖို့ မလွယ်ပါဘူး။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အချိန်ဆွဲနေမိမှာပါ။

၃. ဟာကွက်မရှိဖို့ထက် အလုပ်ပြီးသွားအောင် အရင်လုပ်ပါ...
ဟာကွက်မရှိ ပြီးပြည့်စုံနေအောင် လုပ်ဆောင်နေတာဟာ အကြံဉာဏ်ကောင်းတွေ၊ ထုတ်ကုန်သစ်တွေ၊ စီးပွားရေး လုပ်ငန်းတွေ ကျရှုံးသွားရခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဘာလုပ်လုပ် အကောင်းဆုံး လုပ်ဆောင်ရမယ် ဆိုတာ မှန်ပေမယ့် တစ်ခါတည်း ပြီးပြည့်စုံအောင် ထိုင်စဉ်းစားနေလို့ မဖြစ်ပါဘူး။ စိတ်ကူးတစ်ခု ရလာပြီဆိုတာနဲ့ (၈၀)ရာခိုင်နှုန်းလောက် အကောင်အထည်ပေါ်အောင် လုပ်ဆောင်ပြီးမှ ပိုပြီးတိုးတက်ကောင်းမွန်အောင် လိုအပ်ချက်တွေကို ပြင်ဆင်ပါ။

၄. ဘာကိုမှမစဉ်းစားပဲ လမ်းလျှောက်ပါ...
ဘာဆိုင်လို့လဲလို့ တွေးမိနိုင် ပါတယ်။ လေ့လာမှုတွေအရ လမ်းလျှောက်တာလိုမျိုး အပေါ့စားလေ့ကျင့်ခန်းတွေ လုပ်ပြီးတဲ့အခါမှာ လူတွေဟာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ပိုကောင်းလာ တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် လမ်းလျှောက်တာဟာ အကျိုးရှိတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ တစ်ခါတလေမှာ အလုပ်တွေပြီးမြောက်ဖို့အတွက် အလုပ်စားပွဲကနေ ထွက်သွားပြီး လမ်းလျှောက်ပေးပါ။ စိတ်ထဲမှာ အလုပ်အကြောင်းမတွေးဘဲနဲ့ ပေါ့ပေါ့ပါးပါး လမ်းထလျှောက်ပါ။ အလုပ်ထဲကို တောက်လျှောက် အာရုံစိုက်ထားတာက ငြီးငွေ့ပြီး အချိန်ဆွဲလာ တတ်ပါတယ်။ ဒါ့ကြောင့် ခဏလောက် အနားယူ လိုက်မယ်ဆိုရင် အချိန်ဆွဲချင်စိတ်ပျောက်သွားပြီး ရည်မှန်းထားသလောက် ပြီးစီးအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၅. လုပ်စရာရှိတာ လုပ်ပါ...
အချိန်ရွှေ့ဆိုင်းတာကို ဖျောက်ဖျက်ဖို့ ဘယ်လိုနည်းလမ်းတွေ၊ ဘယ်လိုအချက်တွေပဲ ရှိနေပါစေ။ လုပ်စရာရှိတဲ့ အလုပ်ကို ပြီးစီးသည်အထိ လုပ်မှသာ ပြီးပြတ်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်စရာရှိတာကို ထလုပ်လိုက်ပါ။ မလုပ်ဘူးဆိုရင်တော့ အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေကလည်း ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။
___________________________________________
source : gentleman

Feb 27.2016 | http://www.mymemo.cf/2016/02/post283.html