ဘူးပင် စနစ်တကျ စိုက်ပျိုးနည်း - Kharann Media

Breaking

ဘူးပင် စနစ်တကျ စိုက်ပျိုးနည်း


ဘူးသည် မြေသြဇာထက်သန်သော မြေတွင် ပိုမိုစိုက်ပျိုးဖြစ်ထွန်းပါသည်။ မြေအချဉ်၊ အငံဓာတ် (၆-၇) ကြားတွင်ပိုမိုဖြစ်ထွန်းပါသည်။ ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်တင့်ခံနိုင်
သည်။ သို့သော်ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပါ။

မြေပြုပြင်ခြင်း
ဘူးသည် စင်တင်စိုက်ပျိုးသော အပင်မျိုးဖြစ်ပြီး ဘောင်တင်၍လည်းစိုက်နိုင်သည်။ စိုက်ဘောင်မြေကို ပေါက်တူးဖြင့် ပေါက်ပြီး မြေဆွေးနှင့် သမအောင်ရော၍ စိုက်ဘောင်ပြုလုပ်ပါ။ စိုက်ဘောင်တစ်ဘောင်လျှင် အလျား(၅)ပေ၊ အနံ(၃)ပေ၊ အမြင့် (၁)ပေခန့် ပြုလုပ်ကြပါသည်။

မြေသြဇာကျွေးနည်း
ဘူးတစ်ဧကလျှင် နွားချေး(သို့) သစ်ဆွေးမြေသြဇာ တန်(၂၀ - ၃၀)အထိလိုအပ်ပြီး ဓာတ်မြေသြဇာ တစ်ဧကလျှင် ယူရီးယား (၂၀) Kg နှင့် တီစူပါ (၂၄)Kg လိုပါသည်။ စိုက်ဘောင်များပြုလုပ်ရာတွင် ဓာတ်မြေသြဇာနှင့် မြေဆွေးများကို သမအောင်ရောပေးရမည်။ တီစူပါ ဓာတ်မြေသြဇာကို ပထမအကြိမ် (၂၀)kg နှင့် ယူရီးယားမြေသြဇာ (၁၀)kg ကို စိုက်ဘောင်ပြုလုပ်စဉ် ထည့်ပေးပြီးနောက် ကျန်(၁၀) kg ကို ဘူးပင် ပန်းစပွင့်ချိန်တွင် ထည့်ပေးရမည်။

ပျိုးထောင်နည်း
မြေဆွေးထည့်ထားသော ပလတ်စတစ်အိတ်တွင် ဘူးစေ့(၂)စေ့ခန့်ထည့်ပြီးပျိုးနိုင်သည်။ စိုက်ပြီး (၁၀)ရက်ခန့် ကြာလျှင် ပျိုးပင်ပေါက်လာမည်။ အပင်(၃-၄)ရွက် ထွက်လျှင်ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးနည်း
ဘူးပင်ကို အထက်မြန်မာပြည်၌ မေလနှင့်ဇွန်လများတွင် စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင်မူ ဆောင်းတွင်းပိုင်း၊ အောက်တိုဘာလတွင် အများအပြားစိုက်ပျိုးပါသည်။ စိုက်ပျိုးနည်းမှာ မြေဆွေး၊ ဓာတ်မြေသြဇာများ သမအောင်မွှေထားသောမြေကို စိုက်ဘောင်များ ပြုလုပ်၍စိုက်ပျိုးပါသည်။ စင်တင်စိုက်ပါက စိုက်ဘောင်အလျား(၅)ပေ၊ အနံ(၃)ပေ၊ အမြင့်(၁)ပေခန့်ဘောင် ပြုလုပ်ပြီးဘူးစေ့များကို တစ်ကျင်းနှင့်တစ်ကျင်း(၁)ပေခြား၍ တစ်ကျင်းလျှင် ဘူးစေ့(၇)စေ့စိုက်ရသည်။ ဘူးပင်များပေါက်လာလျှင် တစ်ကျင်းလျှင်(၂)ပင် ချန်ထားလျှင် သင့်တော်၏။ ကျင်းဖြင့်စိုက်ပျိုးပါက အနက်(၁.၅)ပေ၊ အနံ(၂)ပေ၊ အလျား(၃)ပေရှိ ကျင်းများတူးပြီး နွားချေးနှင့် မြေဆွေးဆတူရော၍ ကျင်းနှုတ်ခမ်း (၃-၄)လက်မခန့်အထိ ထည့်ပြီးလျှင်အပေါ်မှ မြေရိုးရိုးကိုဖို့ရမည်။ တစ်ကျင်းလျှင်(၇-၈)ပင်ခန့်စိုက်ရမည်။ အပင်ငယ်များ တစ်ထွာခန့် မြင့်လာသောအခါ တစ်ကျင်းလျှင် (၂)ပင်ချန်ပြီး ကျန်အပင်များကိုနုတ်ပစ်ရမည်။ အပင်ကလေးများ နွယ်တက်နိုင်ရန် ဝါးခြမ်းထောင်ပေးရမည်။ အပင်ကလေးများ လသားအထိအပင်ခြေရင်း ပေါင်းလိုက်ပေး ရမည်။ ဘူးကို မေနှင့်ဇွန်လများတွင် စိုက်ပျိုးနိုင်သကဲ့သို့ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးနိုင်သည်။ တစ်ဧကလျှင်မျိုးစေ့နှုန်းမှာ (၂-၃)ကီလိုဂရမ်လိုအပ်ပါသည်။

ရေသွင်းစိုက်ပျိုးနည်း
အထက်မြန်မာပြည်တွင် ဘူးကိုမိုးတွင်းတွင် စိုက်ကြသဖြင့် မိုးတစ်ပတ်ခန့်ပြတ်သွားပါက ရေလောင်းပေး ရန်လိုအပ်ပါသည်။ အောက်မြန်မာပြည်တွင် ဆောင်းစိုက်ခင်းများအတွက်မူ (၃)ရက်ခြားတစ်ကြိမ် ရေသွင်းပေး ရန် လိုပါသည်။ ဘူးပင်ကလေးများ တစ်လသားခန့်ရှိလျှင် ပေါင်းမြက်များကို ရှင်းလင်းပေးရန် လိုအပ်ပါသည်။

အသီးခူးဆွတ်နည်း
ဘူးသီးကို စိုက်ပြီးနောက် (၇၅ - ၉၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ရင့်လွန်းပါက ချက်ပြုတ် စားသောက်ရန် မကောင်းသကဲ့သို့ နုပါကလည်း အခါးဓာတ်ရှိ၏။ သို့အတွက် ဘူးကိုမနုမရင့် အနေတော်ခူးရ၏။ တစ်ဧကလျှင် ဘူးသီးလုံးရေ (၆၀၀၀) မှ (၈၀၀၀) အထိထွက်၏။

မှတ်ချက် • •
  • ကျိုင်းကောင်နှင့်ပျပိုးများကို ထိရောက်စွာ နှိမ်နင်းရန်လိုအပ်ပါသည်။ ထိရောက်စွာ မနှိမ်နင်းနိုင်ပါက အပင်ငယ်များ သေကြေပျက်စီးနိုင်ပါသည်။
  • ဘူးပင်ကို ပိုးသတ်ဆေးဖျန်းပါက ဒီဒီတီ၊ ဘီအိပ်ခ်ျစီ၊ အင်ဒရင်းစသောဆေးများ မဖျန်းသင့်ပါ။
  • ဘူးပင်အညွန့်စင်ပေါ်ရောက်ပါက အညွန့်ဖြတ်တောက်ပေးပါ။ သို့မှသာ အညွန့်များ စင်ပေါ်ဖြာတက်ပြီး အသီးများပိုသီးပါမည်။
________
ခရက်ဒစ်-မူရင်းရေးသားသူ