သြဇာပင်(Sweet Sop)စိုက်နည်း - Kharann Media

Breaking

သြဇာပင်(Sweet Sop)စိုက်နည်း

သဘာဝအခြေအနေ
“မင်း…လူတွေအပေါ်သြဇာညောင်းချင်ရင် အိမ်ရဲ့(…..)အရပ်မှာ သြဇာပင်စိုက်ပါ” ယတြာဆရာကဒီလို။ “သြဇာရှိချင်ရင် သြဇာကိုင်း လက်တစ်ဆစ်ဖြတ်ပြီးကိုယ်နဲ့မကွာဆောင်ထား” သူငယ်ချင်းများကတစ်ဖုံ။ ရူးလိုက်ကြတာ။ တော်ပြီ သြဇာပင်ပဲ စီးပွားဖြစ်အောင်စိုက်တော့မယ်။ စီးပွားဖြစ်မှ သြဇာအမှန်ရှိသကိုး။ 
 
သြဇာပင်ကိုမြေအမျိုးအစားမရွေးစိုက်နိုင်သည်။ ရေပြတ်သည့်ဒဏ်ကို ခံနိုင်သော်လည်း ရေဝပ်သည်ကိုမကြိုက်။ အအေးဒဏ်ကိုလည်းမကြိုက်။ ပူနွေးတဲ့ရာသီဥတုကိုတော့ နှစ်ခြိုက်သည်။ မိုးရေချိန်နည်းသော အရပ်ဒေသတို့တွင် စီးပွားဖြစ်စိုက်နိုင် ကြသော်လည်း(၈၀”)နှင့်အထက် ရွာသောဒေသများတွင် စီးပွားဖြစ်မစိုက်သင့်ပါ။

ပျိုးထောင်ခြင်း

အများအားဖြင့် အစေ့မှ ပျိုးထောင်ကြသည်။  ပျိုးခင်းတွင် တစ်နှစ်သားအထိ ထားရသဖြင့် (၅x၆)အရွယ် ပလပ်စတစ်အိတ်ဖြင့် ပျိုးထောင်သင့်သည်။ အစေ့စိုက်ပင်သည်(၆)နှစ်သားကျမှ အသီးစတင်သီးပြီး (၁၅)နှစ်သားမှစပြီး အသီးလျော့လာမည်။ ကိုင်းဖြတ်ပျိုးထောင်ပါက ပျိုးခင်းတွင် (၃-၄) လထားပြီး မိုးဦးကျချင်း စိုက်ခင်းထဲရွှေ့စိုက်ပါ။ ကိုင်းဖြတ်ပင်သည် (၃-၄)နှစ်သားတွင် စသီးနိုင်သည်။

စိုက်ပျိုးပြုစုခြင်း
စိုက်ကျင်းကို(၈’)စီခွာပြီး တြိဂံစိုက်စနစ်ပုံစံ(ပုံစံကို ဒီမှာ ပြန်ကြည့်နိုင်သည်)ဖြင့်(၃’x၃’x၃’)တူးပါ။ မြေဆွေးထည့်ပြီးစိုက်ပါ။ ယူရီးယား (ပုလဲ)ဓါတ်မြေသြဇာ များများမသုံးသင့်ပါ။  စိုက်ပင်တစ်နှစ်သားအရွယ် မိုးဦးကျတွင် တစ်ဧကစိုက်ခင်းအတွက် ယူရီးယား (၁၅)ပိဿာ၊ တီဆူပါ (၃၀)ပိဿာ၊ ပိုတက်ရှ် (၃၀)ပိဿာတို့ကို ရောစပ်ပြီး အပင်ခြေမှ(၂’)အကွာ ပတ်ပတ်လည်တွင် မြောင်းကလေးယက်ပြီး ထည့်ပါ။ ၎င်းနူန်းထားအတိုင်း နှစ်စဉ်(၆”)ပိုပိုခွာထုတ်ကာထည့်ပါ။ ရေရွဲရွဲလောင်းပေးပါ။ နွေရာသီတွင်အပွင့်ပွင့်လေ့ရှိသဖြင့် အပင်ရင်းတွင် ရေစိုကောက်ရိုးများဖြင့် ဖုံးပေးသင့်သည်။ ထူးခြားမှုတစ်ခုမှာ မြေသြဇာလုံလောက်အောင်မကျွေးသောအပင်သည် အသီးထွက်နှုန်းညံံ့သော်လည်း ဓါတ်မြေသြဇာထည့်သော အပင်မှအသီးထက် အရသာပိုရှိသည်။ ပေါင်းရှင်းခြင်း၊ကိုင်းသိမ်များရှင်းခြင်းတို့ ပုံမှန်လုပ်ပေးပါ။ အစေ့စိုက်ပင်များအတွက်ရေလောင်းရန် အလွန်မလိုအပ်သော်လည်း ကိုင်းဖြတ်ပင်တို့အတွက်နွေရာသီတွင် မြေအစိုဓါတ်ကြည့်ပြီး အခါအားလျော်စွာ လောင်းပေးရန်လိုသည်။ ဒက်ပိုး၊ ဒက်ပိုးဖြူတို့ ပင်စည်နှင့် အသီးတို့တွင်ကျရောက်နိုင်သဖြင့် ကာကွယ်နှိမ်နင်းပါ။

ကောက်ကြောင်း