မင်းဂွတ်ပင်(Mangosteen)စိုက်နည်း - Kharann Media

Breaking

မင်းဂွတ်ပင်(Mangosteen)စိုက်နည်း

သဘာဝအခြေအနေ
ပူအိုက်စွတ်စိုသောရာသီဥတုကို နှစ်သက်သည်။ နှစ်ပါတ်လုံးမိုးရွာသည့်ဒေသတွင် အလွန်ဖြစ်ထွန်းသည်။ မြေပွပြီး သစ်ဆွေးဓါတ်ကဲသောမြေတွင် ပိုမိုဖြစ်ထွန်းသည်။ အပင်(၈-၉)နှစ်သားမှစပြီး အသီးတင်သည်။ တစ်နှစ်(၂)သီးထွက်ပြီး (၃)နှစ်တစ်ကြိမ် အသီးလျော့တတ်သည်။ အသီးများမမှည့်မီ
သီးရင့်များကို ခြင်းတပ်တံချူဖြင့် ဆွတ်ခူးရသည်။ အဖျက်ပိုးမရှိသော်လည်း သီးခွံမာမှိုရောဂါ၊ သီးပုပ်မှိုရောဂါတို့ကျရောက်ပြီး အတွင်းသားစိမ်းဝါရောင်ဖြစ်ကာ အသီးပုပ်သွားမည်။ နှစ်ပေါင်း(၄၀)ကျော်အထိ သီးနိုင်သည်။ ပြုစုမှုအပေါ်မူတည်ပြီး အသီးထွက်နှုန်းကောင်းသည်။

ပျိုးထောင်ခြင်း
အများအားဖြင့်အစေ့မှပျိုးထောင်ကြသည်။ အသီးမှထုတ်သောအစေ့ကို ချက်ချင်းပျိုးထောင်ရမည်။ အသီးထဲတွင်(၅)ပတ်မျှ ထားပြီးလည်း အပင်ဖောက်နိုင်ပါသေးသည်။ အသီးထဲမှထုတ်ပြီး အပြင်တွင် ကြာကြာထားသောအစေ့ကို မပျိုးသင့်ပါ။မြေဆွေးနှင့်သဲရောထားသောမြေကို ပျိုးအိတ်၊ ပျိုးခြင်းတို့တွင် ထည့်ပါ။ အစေ့၏အဖုများမှ အမြစ်နှင့် အညွှန့်များထွက်လာပြီးနောက် များမကြာမီ ပင်စည်ရင်းမှ အမြစ်သစ်များ ထပ်ထွက်လာမည်။ တစ်နှစ်သားရှိမှ စိုက်ခင်းသို့ ပြောင်းစိုက်ရမည်။  မြေအစိုဓါတ် လုံး၀ အပြတ်မခံပါနှင့်။

စိုက်ပျိုးပြုစုခြင်း
စိုက်ကျင်းကို(၂၈’)စီခွာပြီး တြိဂံစိုက်စနစ်(ပုံစံကို ဒီမှာ ပြန်ကြည့်နိုင်သည်)ဖြင့် (၃’x၃’x၃’)တူးပါ။ မြေဆွေး၊ နွားချေးနိုင်နိုင်ထည့်ပြီးစိုက်ပါ။စိုက်ပင်ငယ်လေးများကို အရိပ်ဖန်တီးပေးရန်လိုပါသည်။ နွေကာလမှာ အပင်ရင်းတွင် ကောက်ရိုးများ ပုံပေးကာ ရေလောင်းပေးခြင်းဖြင့် အစိုဓါတ်ထိမ်းပါ။ နွားချေး၊ မြေဆွေးတို့ကို ကျွေးပါ။ (၈-၁၀)နှစ်သားတွင်အသီးတင်ပြီး တစ်နှစ်(၂)သီး သီးသည်။
 
(၃)နှစ်တစ်ကြိမ် အသီးလျော့တတ်သဖြင့် ထိုနှစ်တွင် အပင်အားလုံးကို နွားချေး၊ မြေဆွေး ပိုမိုကျွေးသင့်သည်။ ကိုင်းခြောက်၊ ကိုင်းလှီ၊ ကိုင်းရှုပ်တို့ကို နှစ်စဉ်ရှင်းလင်းပစ်ပါ။ နှစ်ပေါင်း(၄၀)ကျော် သီးနိုင်သည်။

လောက်အောင်မကျွေးသောအပင်သည် အသီးထွက်နှုန်းညံံ့သော်လည်း ဓါတ်မြေသြဇာထည့်သော အပင်မှအသီးထက် အရသာပိုရှိသည်။ ပေါင်းရှင်းခြင်း၊ ကိုင်းသိမ်များရှင်းခြင်းတို့ ပုံမှန်လုပ်ပေးပါ။ အစေ့စိုက်
ပင်များအတွက်ရေလောင်းရန် အလွန်မလိုအပ်သော်လည်း ကိုင်းဖြတ်ပင်တို့အတွက် နွေရာသီတွင် မြေအစိုဓါတ်ကြည့်ပြီး အခါအားလျော်စွာ လောင်းပေးရန်လိုသည်။ ဒက်ပိုး၊ ဒက်ပိုးဖြူတို့ ပင်စည်နှင့် အသီးတို့တွင် ကျရောက်နိုင်သဖြင့် ကာကွယ်နှိမ်နင်းပါ။

ကောက်ကြောင်း