တစ်ခွန်းထဲသော ဆုံးမစကား - Kharann Media

Breaking

တစ်ခွန်းထဲသော ဆုံးမစကား


ဧကရာဇ်မင်းတစ်ပါးဟာ သူ့ထံမှာ ရှိရှိသမျှ ပညာရှိတို့ကို ခေါ်ယူပြီး မေးတယ်။

"ကိစ္စတိုင်း၊ အခြေအနေတိုင်း၊ နေရာတိုင်း၊ အချိန်တိုင်းမှာ ဖြစ်နိုင်တဲ့ ပျော်ရွှင်မှုတိုင်း၊ ဝမ်းနည်းမှုတိုင်း၊ ကျရှုံးမှုတိုင်း၊ အောင်မြင်မှုတိုင်း အတွက် အသင့်တော်ဆုံး တစ်ခွန်းထဲသော ဆုံးမစကား ရှိသလား။"

ပညာရှိတို့ အားလုံးအကျပ်ရိုက်သွားစဉ်မှာ ပညာရှိတစ်ယောက်ရဲ့ အနားက ပညာတော်သင် လူငယ် တစ်ယောက်က စာတစ်အိတ်ကို ဘုရင်ကြီးကို ထောင်ပြလို့ ပြောတယ်။

"ဒီအကြံပြုစာက ကျွန်တော့်အဖေ မသေခင်ပေးသွားခဲ့တဲ့ စာပါ။ ကိစ္စတိုင်း၊ အခြေအနေတိုင်း၊ နေရာတိုင်း၊ အချိန်တိုင်းမှာ တွေ့ကြုံလာတဲ့ အခက်အခဲတိုင်းမှာ ဒီစာဟာ လမ်းညွှန်မှုပေးနိုင်ပါတယ်။ ဒါ့အပြင် အောင်မြင်မှုတိုင်းကိုလည်း ဒီစာဟာ သုံးသပ်တတ်ပါတယ်။ ပြောရမယ်ဆိုရင် မင်းကြီး အတွက် အသင့်တော်ဆုံး အဖြေဟာ ဒီအထဲမှာ ခေါက်လျက်သားကလေး ရှိနေပါတယ် မင်းကြီး။ တစ်ခုပဲရှိပါတယ်။ မင်းကြီး အခက်ခဲဆုံးအချိန်ရောက်မှသာ ထုတ်ဖတ်ရပါ့မယ်။ အမော်ကြွားနိုင်ဆုံး အချိန်တွေမှာ သုံးသပ်ခိုင်း ရပါ့မယ်။"

ဒါနဲ့ ဧကရာဇ်မင်းကြီးက ယူသိမ်း ထားလိုက်ပြီးတော့ မေ့မေ့ပျောက်ပျောက် ထားလိုက်တယ်။ မကြာမီ ကာလ တစ်ခုမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကျူးကျော်တိုက်ခိုက်ခြင်းကို ခံရတယ်။ တိုင်းပြည်ကိုစွန့်ပြေး လို့ နီးစပ်ရာ တောကို ကျန်သလောက်စစ် အင်အား နဲ့ ခိုဝင် ပုန်းနေ ရတဲ့အထိပဲ။

တစ်ညမှာတော့ စိတ်ပျက်လက်ပျက်နဲ့ စမ်းချောင်းလေးဘေးမှာထိုင်နေတဲ့ ဧကရာဇ်မင်းကြီး ဟာ လူငယ်လေးပေးတဲ့ စာကို အမှတ်မထင် သတိရသွားခဲ့တယ်။ ဒါနဲ့ ထုတ်ဖတ်ကြည့်တဲ့အခါမှာ ဘာရေးထားသလဲဆိုတော့ ...

"သိပ်ကြီးကျယ်ခမ်းနားတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါလည်း တစ်ချိန်မှာ ပြီးသွားမှာပါပဲ။"

ဧကရာဇ်မင်းကြီးဟာ မရှင်းလို့ ထပ်ဖတ်ရင်း ထပ်ဖတ်ရင်းနဲ့ ရုတ်တရက် အသိတစ်ချက် လင်းကနဲ ဝင်လာခဲ့တယ်။

"ဟုတ်သားပဲ! ငါ ငယ်စဉ်တုန်းက ဖခင်ရဲ့ မြှားတံနဲ့ ယူဆော့ ကစားမိလို့ ကြိမ်းမောင်း ခံရမှာကို သေလောက်အောင် ကြောက်လန့် အားငယ်ခဲ့ဖူးတယ်။ တကယ်လည်း ဖခင် သိတဲ့အခါ ကြိမ်းမောင်းခံရတယ်။ ကြိမ်းမောင်းခံရပြီးသွားတဲ့အခါ ငါ့မှာ ဘာအပူအပင်မှ မရှိတော့။ အခု ကိစ္စဟာလည်း ဒီလို အားငယ်ကြောက်လန့်နေချိန်လိုပဲ။ သိပ်ကြီးကျယ်ခမ်းနားတဲ့ကိစ္စမဟုတ်။ တစ်ချိန်မှာ ပြီးသွားမှာပါပဲ။"

ဒီလို စဉ်းစားမိလိုက်တဲ့ အခါမှာတော့ ဧကရာဇ်မင်းကြီးဆီမှာ ဘာအပူအပင်မှ မရှိတော့ဘူး။ မျက်နှာဟာ တည်ငြိမ်လာတယ်။ စမ်းချောင်းလေးဘေးမှာ ရုတ်တရက်ဝင်လာတဲ့ အားတွေနဲ့ သူမတ်တပ်ထရပ်လိုက် တယ်။

ပြီးတာနဲ့ ရှိသမျှ သေနာပတိတွေကို ခေါ်တယ်။ အကောင်းဆုံး ဗျူဟာတွေကို ဝိုင်းဖွဲ့ ဆွေးနွေး ကြတယ်။ စိတ်ဓာတ်ကျနေသူတွေကို ဧကရာဇ်မင်းကြီး ကိုယ်တိုင် အားပေးစကားဆိုတယ်။ တစ်ဖွဲ့လုံးဟာ စိတ်ဓာတ်တွေ ပြန်လည် တက်ကြွလာခဲ့တယ်။ နောက်ဆုံးမှာ သေချာ အကွက်ချ စီမံလို့ တိုင်းပြည်ကို ပြန်လည် ထိုးဖောက်ဝင်ရောက်ပြီး ရန်သူတွေကို အနိုင် တိုက်ထုတ်လိုက် နိုင်ခဲ့ တယ်။

စစ်ပွဲ အနိုင်ရတဲ့ညမှာ ဧကရာဇ်မင်းကြီးဟာ တိုင်းသူပြည်သားတွေနဲ့ ပျော်ပွဲရွှင်ပွဲကြီး ခမ်းနားစွာကျင်းပ တယ်။ ပန်းတွေ အဆင်အယင်တွေနဲ့ လှပပြီးတော့ စားပွဲသောက်ပွဲတွေနဲ့ တတိုင်းပြည်လုံး ပျော်ရွှင် မြူးတူးနေချိန် ဧကရာဇ်မင်းကြီးဟာ ပညာတော်သင် လူငယ်ရဲ့ စကားသံကို ပြန်လည် ကြားယောင်မိ လာတယ်။

((အောင်မြင်မှုတိုင်းကိုလည်း ဒီစာဟာ သုံးသပ်တတ်ပါတယ် မင်းကြီး...။))

ဒါနဲ့ပဲ အခုလို အောင်မြင်ရဆုံးအချိန်မှာ ဖတ်သင့်တဲ့စာလို့ ယူဆပြီး စာကို နောက်တစ်ခါ ထုတ်ဖတ် ပြန်တယ်။

"သိပ်ကြီးကျယ်ခမ်းနားတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါလည်း တစ်ချိန်မှာ ပြီးသွားမှာပါပဲ။"

ဒုတိယအကြိမ် သူ့ခေါင်းထဲ အသိတစ်ချက် လင်းခနဲ လက်ခနဲ ထပ်ဝင်လာပြန်တယ်။

"အင်း ဟုတ်သားပဲ။ ရန်သူတွေ ဝင်ရောက်တိုက်ခိုက်ခြင်း မပြုမီတုန်းက ဒီလိုမျိုး ခမ်းနားမှုဟာ ငါ့ဆီမှာ ရှိနေခဲ့တာပဲ။ ဒါပေမယ့် ဝင်ရောက်တိုက်ခိုက်ခြင်း ခံရတဲ့ အခါမှာ ဘာကျန်တော့လို့လဲ။ ဒီစာကြောင့် သာ မဟုတ်ရင် အခုလောက်ထိ တောထဲမှာ စိတ်ပျက်လက်ပျက် ဆက်ထိုင်နေမိမှာ မဟုတ် လား။ အောင်နိုင်ခြင်းတွေ စည်းစိမ်တွေ အားလုံးဟာလည်း တကယ်ကို သိပ်ကြီးကျယ် ခမ်းနားတဲ့ကိစ္စ မဟုတ်ဘူး။ တစ်ချိန်မှာ ပြီးသွား မှာပါပဲ။"

ဧကရာဇ်မင်းကြီးဟာ ရုတ်တရက် ပျော်ရွှင်နေရာက တိတ်ဆိတ်သွားပြန်တယ်။ စောစောလေးက တရိပ်ရိပ် တက်နေတဲ့ ငါကွ ဆိုတဲ့ မာန်လေးဟာလဲ ဘာမှ အစရှာမရအောင် ကျိုးကြေ ပျက်ဆီး သွားခဲ့တယ်။

ပုံပြင်မှ ပေးလိုသော အသိတရား။
--------------------
ဘဝဆိုတာ စကားလုံး၂ လုံးထဲနဲ့ ဖွဲ့ထားတဲ့အတိုင်း တိုတောင်းလွန်းလှပါတယ်။ ပျော်ရွှင်မှုတွေ ဟာလည်း တစ်ချိန်မှာ ပြီးသွား မှာပါပဲ။ ဝမ်းနည်းမှုတွေ သည်လည်း တစ်ချိန်မှာ ပြီးသွား မှာပါပဲ။ ဆုံးရှုံးမှုတွေဟာလည်း တစ်ချိန်မှာ ပြီးသွား မှာ ဖြစ်သလို အောင်မြင်မှုတွေသည်လည်း တစ်ချိန်မှာ ပြီးသွားမှာပါပဲ။ ကိုယ် လုပ်စရာရှိတာကို လုပ် ကိုယ် ဖြစ်ချင်တာကို ရသလောက် လုပ်သွား မှသာ တန်ဖိုးရှိသော ဘဝ အဖြစ် ကျွန်တော်တို့ နေထိုင် သွားနိုင်မှာ ဖြစ်ပါတယ်။
__________________________________________
May 30.2016 | http://www.mymemo.cf/2016/05/post433.html credit to : မှတ်စုကြမ်း ‪(kyaw nge‬)