အစာအိမ် ရောဂါ ဆိုတာ ဘာလဲ
အစာအိမ်နှင့် အူသိမ်ဦးပိုင်းရှိ အတွင်းနံရံအမြှေးပါးတွင်း ဖြစ်ပွားသော အနာရောဂါနှင့် အဆိုပါ နေရာများရှိ အမြှေးပါးများ ရောင်ရမ်းခြင်းကြောင့်ဖြစ်ပေါ်လာသော အစာမကြေခြင်း၊ ရင်ဘတ်အောင့်ခြင်း စတဲ့ရောဂါဝေဒနာကို ဆိုလိုပါတယ်။ ယခင်အခါများက အစာအိမ်အတွင်း အက်စစ်ဓာတ် လွန်ကဲခြင်းကြောင့် အစာအိမ်ရောဂါဖြစ်တယ်လို့ ဆိုခဲ့ကြပေမယ့် ယခုအခါ H.pylori ရောဂါပိုးကြောင့် အက်စစ်ဓာတ်လွန်ကဲကာ အစာအိမ်ရောဂါ ဖြစ်ပွားတယ်လို့ သိရပါတယ်။ အကိုက်အခဲပျောက်ဆေး၊ ထိုးဆေးများ အလွန်အကျွံ သုံးစွဲမှု ကြောင့်လည်း ဖြစ်ပွားတတ်ပါတယ်။
ရောဂါဖြစ်နိုင်ချေရှိပြီး အန္တရာယ်ရှိတဲ့ အုပ်စုက ဘယ်သူတွေလဲ
လူတိုင်းမှာ အစာအိမ်ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ လူဦးရေရဲ့ ၁၀% အထိ ဖြစ်ပွားလေ့ ရှိတတ်ပါတယ်။
ဒီရောဂါ ဖြစ်မှန်း ဘယ်လိုသိမလဲ
ဝမ်းဗိုက် အထက်ပိုင်း ရင်ညွန့် နေရာမှ အောင့်ခြင်း၊ တစ်ခါတစ်ရံ အစာအိမ် ပေါက်သွားခြင်းကြောင့် ဝမ်းဗိုက်အထက်ပိုင်း အလွန်အမင်းအောင့်ခြင်း၊ အစာအိမ်အနားမှ သွေးယိုစီးတဲ့အတွက် သွေးအန် ခြင်း၊ သွေးဝမ်းသွားခြင်းစတဲ့ လက္ခဏာများဖြစ်ပေါ် ခံစားရပါတယ်။ အစာအိမ်နာရောဂါ ဖြစ်တာ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ၊ အစာအိမ်ထွက်ပေါက်ကျဉ်းပြီး ပိတ်ဆို့တတ်တာကြောင့် စားပြီးတဲ့အစာများ မကြာခဏ ပြန်အန်ခြင်းတို့ ဖြစ်ပွားတတ်ပါတယ်။ အချို့သောသူများမှာ အစာအိမ် ကင်ဆာရောဂါအဖြစ်နဲ့ လာတတ်ပါတယ်။ အစာအိမ်ရောဂါဖြစ်မှန်း သေချာအောင် သက်ဆိုင်ရာ ဆရာဝန်ရဲ့ အဆုံးအဖြတ် အစီအစဉ်ဖြင့် ဓာတ်မှန် ရိုက်ခြင်း၊ အစာအိမ်လမ်းကြောင်း မှန်ပြောင်းဖြင့် ကြည့်ရှု လေ့လာခြင်း၊ H.pylori ပိုးရှိ/မရှိ မှန်ပြောင်းဖြင့်ကြည့်ခြင်း၊ အစာအိမ်နာ ဖြစ်သောနေရာမှ အသားစ ယူကာ စစ်ဆေးခြင်း (သို့) အစာအိမ်မှန်ပြောင်းမကြည့်ဘဲ H.pylori ပိုးအတွက် ပဋိပစ္စည်းများ၊ ခုခံပစ္စည်းများ ထွက်နေခြင်း ရှိ/မရှိ သွေးကို ဓာတ်ခွဲစစ်ဆေးခြင်းအားဖြင့်လည်း သိရှိနိုင်ပါတယ်။
ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ
ဆိုဒါမှုန့်ဆေးဝါးနှင့် ခေတ္တခဏ ဝေဒနာသက်သာစေနိုင်ပါတယ်။ AT-ACID ဆေးပြားများ သောက်ခြင်း ဖြင့် အတော်အတန် အစာအိမ်နာရောဂါကို ဖုံးကွယ်ပေးထား နိုင်ပါတယ်။ CIETIDINE, RANIT IDINE စတဲ့ ဆေးများနှင့် အစာအိမ်အနာ အများအပြားကို အနာကျက်စေနိုင်ပါတယ်။ OMEPRAZOLE ဆေးနှင့် အစာအိမ်နာများကို အလျင်အမြန် ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်ရောဂါများဟာ သဘာဝအလျောက် တစ်နှစ်အတွင်း ၈၀% မှာ ရောဂါပြန်ပေါ်တတ်ပါတယ်။ H.pylori ပိုး လုံး၀ ကင်းစင်နိုင်သောကုသမှု စတင်အသုံးပြုလာခဲ့တဲ့ ၁၉၈၀-၉၀ ပြည့်နှစ်နောက်ပိုင်းမှာ အစာအိမ်နာရောဂါကို လုံး၀ ပျောက်ကင်းအောင် စွမ်းဆောင် နိုင်ပြီဖြစ်ပါတယ်။
အစာအိမ်ရောဂါဖြစ်နေတယ်လို့ သိရင်ဘာလုပ်ရမလဲ
သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပြီး လိုအပ်သော စမ်းသပ် စစ်ဆေးမှုများ၊ ကုသမှုများ ခံယူရပါမယ်။
အများပြည်သူအား မှာကြားချင်သော အဓိကအကြံပေးချက်
အစာအိမ်နာ ရောဂါဟာ ယခု ၂၁ ရာစုနှစ်တွင် လုံး၀ ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါတစ်ခု ဖြစ်ကြောင်း ဆေးသိပ္ပံပညာရှင်များက လက်ခံထားကြပါပြီ။ သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ပြီး ကုသရန် လိုပါတယ်။ အကိုက်အခဲပျောက်ဆေးများကိုလည်း မိမိသဘောနှင့်မိမိ အလွန်အကျွံသုံးစွဲခြင်းမှ ရှောင်ကြဉ် သင့်ပါကြောင်း မှာကြားချင်ပါတယ်။
__________________________________________
May 24.2016 | http://www.mymemo.cf/2016/05/post431.html source : myawaddy