မိန်းကလေးဘ၀မှ ယောက်ျားလေးဘ၀သို့ ပြောင်းလဲလာနေသော ဟင်္သာတမှ မိန်းကလေးငယ်တစ်ဦး - Kharann Media

Breaking

မိန်းကလေးဘ၀မှ ယောက်ျားလေးဘ၀သို့ ပြောင်းလဲလာနေသော ဟင်္သာတမှ မိန်းကလေးငယ်တစ်ဦး


မိန်းကလေးအဖြစ် နေထိုင်လာခဲ့တဲ့ သူတစ်ယောက်က ၁၄ နှစ်အရွယ်ကျမှ ယောက်ျားလေးအဖြစ် စတင်ပြောင်းလဲလာနေလို့ ဟင်္သာတခရိုင်ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ တလုတ္ထော်တိုက်နယ်၊ အင်္ဂပိုလ်အုပ်စု အုတ်ပုံကျေးရွာမှာနေတဲ့ မလ၀န်းမေက မိန်းကလေးကနေ ယောင်္ကျာလေးအင်္ဂါကို ပြောင်းလဲသွားတယ်ဆိုပြီး ဟင်္သာတ ခရိုင် ဆေးရုံမှာ တက်ရောက် အတည်ပြုချက် ရယူနေတာပါ။

“ကလေးကတော့ မွေးလာတုန်းက မိန်းကလေးပေါ့နော်။ မိန်းကလေးအင်္ဂါလေးနဲ့၊ သူ့ရဲ့နှုတ်ခမ်းလေးရဲ့ အင်္ဂါလေးက နည်းနည်းလေး ဖောင်းနေတာ ဖိလို့မရဘူး။ ဒါပေမယ့် ဆရာမတွေခေါ်ပြတော့ အင်္ဂါစစ်လိုက်တော့ မိန်းကလေးတဲ့။ မိန်းကလေးအဖြစ်နဲ့ပဲ မိန်းကလေးနာမည်နဲ့။ လူကလည်း မိန်းကလေးလိုပဲ ဖြူဖြူဝိုင်းဝိုင်းလေး ဖြစ်နေတော့ မိန်းကလေးလိုပဲ မွေးခဲ့တယ်။ အခု ၇ တန်းရောက်တဲ့ အထိပေါ့ မိန်းကလေးလိုပဲ နေလာခဲ့တယ်။ စိတ်ကလည်း မိန်းကလေးလိုပဲ နွဲ့နွဲ့လေး။

“ဒါပေမယ့် မနှစ်က တော်တလင်းလမှာ ပြောင်းသွားတယ်။ ပြောင်းသွားတယ်ဆိုတာ သူပြောမှသိတာပေါ့။ ကိုယ်တွေက သူ့တောင် သိပ်မယုံသေးဘူး။ မယုံသေးတော့ နေရင်းနဲ့ အခု ၉ လပြည့်သွားပြီပေါ့ သူပြောင်းလဲတာ။ အဲတော့မှလာပြီး ဆေးစစ်ပြီးတော့ ရှေ့ဆက်ပြီး သူ့ပညာရေး၊ ဆေးထောက်ခံစာ နဲ့ ပြောင်းမှရမှာ ဖြစ်တယ်” လို့ မိခင်ဖြစ်သူ ဒေါ်တင်တင်ဝင်း က ပြောပါတယ်။

အခုလာမယ့် ကျောင်းဖွင့်ရာသီမှာ သတ္တမတန်းတက်မယ့် လ၀န်းမေက အတန်းသစ်မှာ နာမည်သစ်နဲ့ စတင်ရမှာပါ။ အခုဆိုရင် သူက ဟိုးအရင်ကလို မိန်းကလေးသူငယ်ချင်းတွေနဲ့ ထမင်းချက်၊ ဟင်းချက်တမ်းတွေ မဆော့တော့ဘဲ ယောက်ျားလေး သူငယ်ချင်းတွေနဲ့ ဘောလုံးကန်တာတွေ၊ လက်မောင်းလှဲတာတွေ ဆော့နေပြီလို့ သူ့မိခင်က ပြောပါတယ်။

“အခုပြောင်းလဲသွားပေမယ့် နာမည်တောင် မရွေးရသေးပါဘူး။ လ၀န်းမေဆိုတဲ့ နာမည်နဲ့ပဲ သူရပ်တည်ခဲ့ တယ်။ အခုပြန်ပြီးတော့ ယောက်ျားလေးအဖြစ် ပြောင်းလဲဖို့အတွက်ကြောင့် ဆေးလာပြီးတော့ အစစ်ခံ တယ်။ ဆရာမကြီးတွေဆီက လိုအပ်ချက်၊ ညွှန်ကြားချက်ကို ဒါတွေယူဖို့ ခုဆေးရုံကြီးပေါ် မှာ ရောက်နေတာပါ” လို့ သူ့မိခင်က ဆက်ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ခရိုင်ဆေးရုံအုပ်ကြီးနဲ့ ဒီဗွီဘီက သွားရောက်တွေ့ဆုံ မေးမြန်း ခဲ့ပေမယ့် သူတို့ဘက်က မိန်းကလေးဖြစ်တယ် ယောက်ျားလေးဖြစ်တယ် ဆိုတာကို တရားဝင် အတည်ပြုဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောပါတယ်။
_________________________________________________
http://www.mymemo.cf/2016/05/post435.html သတင်းနှင့်ဓာတ်ပုံ – စိုးရ | DVB