
🌿အပျိုကြီးရဲ့ စတေးအတ်ဟုမ်း’🌿
#ပုညခင်
‘ဦးပြားကြီး စာရင်းထဲ မပါဘူးတဲ့ဟေ့’
နေ့လည်ခင်းတစ်မှာ ထို အသံက ရပ်ကွက်လမ်းပေါ်မှာ ကျွတ်ကျွတ်ညံသွားသည် ။ ထိုအသံကား ဈေးထဲမှာ ကုန်ထမ်းသည့် မောင်တူး၏အသံတည်း ။ထိုအသံသည် အိပ်ရာပေါ်မှာ ဖုန်းပွတ်ရင်း အေးရာအေးကြောင်း လဲလျောင်း၍ stay at homeနေသော အပျိုကြီး မခင်မွန်ကို ဆတ်ခနဲ ခေါင်းထောင် သွားစေသည် ။ မခင်မွန်သည် လက်ထဲက ဖုန်းကိုချကာ ထထိုင်လိုက်ပြီး ထဘီပြင်ဝတ်ရင်း အိပ်ခန်းပြတင်းပေါက်ဘက်သို့ သွက်သွက်လျှောက်သွားလိုက်သည် ။ထို့နောက် ပြတင်းဝတွင်မတ်တပ်ရပ်၍ လှမ်းအော်မေးလိုက်သည် ။
'ဦးပြားကြီးက ဘာလို့ မပါတာတုံးဟေ့ '
'မသိဘူး အစ်မရေ ၊ '
'ဒေါ်စိန်တင့်တော့ ပါတယ်မဟုတ်လား '
'ဒေါ်စိန်တင့်လည်း မပါဘူးဗျို့ ၊ မရွှေမိတို့ ဦးသောင်းတို့ ဒေါ်ဂျမ်းတို့တွေတော့ ပါတယ် '၊
'ဟင် အဓိပ္ပာယ်မရှိတာ '
မခင်မွန်က တီးတိုးရေရွတ်ရင်း ဘဝင်မကျဖြစ်သွား၏။
မောင်တူးက မခင်မွန်၏မေးခွန်းကို ဖြေပြီး အေးအေးလူလူဆက်လျှောက်သွားသည်။မခင်မွန်က မောင်တူး၏ပေါ့ပါးအေးဆေးပုံကို ဘဝင်မကျဖြစ်သွားကာ လှမ်းငေါက်လိုက်၏ ။
'ဟဲ့ နင်လည်း လတ်လျားလတ်လျားလျှောက်သွားမနေနဲ့လေ .. သွားရင်လည်း နှာခေါင်းစည်းလေးဘာလေး တပ်သွားပါလား ၊ ကိုရိုနာဗိုင်းရပ်စ်ကူးမှာ မကြောက်ဘူးလား ‘
'နှာခေါင်းစည်းက ဈေးကြီးတယ် အစ်မရ ၊ ထမင်းစားဖို့တောင် အနိုင်နိုင်ဟာကို'
'ဒါဆိုလည်း အိမ်ထဲမှာနေလေဟဲ့ ၊ ဒီကာလကstay at home ကာလဟဲ့ '
'အဲ့ဒါ ဘာကြီးတုံး'
'ဘာကိုလဲ '
'အစ်မပြောတဲ့ဟာလေ စေးအပ်ဟုန်း'
‘စတေးအတ်ဟုမ်းပါဟဲ့ ၊ အိမ်မှာပဲနေဖို့ပြောတာ ၊ အိမ်မှာနေကြဖို့ရပ်ကွက်ထဲ လိုက်အော်ထားတာနင်မကြားဘူးလား ‘
‘ကြားပါတယ်ဗျာ ဒါပေမယ့် ထမင်းစားဖို့ကိစ္စလေးတွေအတွက် သွားရလာရတာလေးတွေရှိသေးလို့ဗျို့’
ရပ်ကွက်ထဲက မောင်တူးက မခင်မွန်ကိုပြန်အော်ပြောပြီး လေတံခွန်လို ပေါ့လွင့်သောခြေလှမ်းများဖြင့်ဆက်လျှောက်သွားသည် ။ မခင်မွန်မှာသာ စိတ်တွေ လေးကျန်ခဲ့သည် ။
ကိုဗစ်ကာလကြီးမှာ အစိုးရက အခြေခံလူတန်းစားတွေအတွက် ရိက္ခာပံ့ပိုးမည့်အစီအစဉ်ကြေငြာလိုက်ကတည်းကပင် သူတို့ရပ်ကွက်ထဲမှာ ထင်ကြေးအမျိုးမျိုးထွက်ပေါ်လာသည် ။ဟိုလူကတော့ရသင့်တယ် ဒီလူကတော့မရသင့်ဘူး စသဖြင့်ငြင်းခုန်ကြသည် ။မနေ့ကတော့ စာရင်းကောက်သည်ကြားရသည် ၊ဒီနေ့တော့ ထိုစာရင်းကပေါက်ကြားလာသည် ။မခင်မွန်သည် ဦးပြားကြီး စာရင်းမပါသည့်အဖြစ်ကို ဘဝင်မကျစွာဖြင့် စိတ်ထဲ ကလိကလိဖြစ်၍ကျန်ရစ်ရသည် ။ ဦးပြားကြီးလိုလူမှ မပါလျှင် ဒီရပ်ကွက်တစ်ခုလုံး ဘယ်သူမှကိုမပါသင့်တော့ဘူးဟု ထင်သည် ။ မခင်မွန်တို့ရပ်ကွက်မှာ ဦးပြားကြီးတို့မိသားစုလောက် မွဲပြာကျသည့်သူမျိုးမရှိ ။ ဆိုက်ကားနင်းကာ မယားတစ်ယောက် ကလေး လေးယောက်ကိုရှာကြွေးနေရသောဦးပြားကြီးသည် ကျန်းမာရေးကလည်း ကောင်းလှသည်မဟုတ် ၊ ခါးချိအောင် ဆိုက်ကားနင်း၍ ရသမျှပိုက်ဆံသည် ဆေးဖိုးက တစ်ဝက် ထမင်းဖိုးကတဝက်ဖြစ်ရသည် ။သူ့မယားမှာလည်း သူနှင့်ပိန်မသာလိမ်မသာ ချူချာရှာလှသဖြင့် သူ့မယား ဖျားသည့်အခါသူ့ဆေးဖိုးကလေးကို သူ့မယားအတွက် မျှရသေး၏ ။ ခုလို လူတွေ အပြင်မထွက်သည့် ကပ်ကာလကြီးမှာ ဆိုက်ကားကလည်း မနင်းရလေရာ အစိုးရပေးသည့် ရိက္ခာလေးမှမရလျှင် ငတ်သေဖို့သာရှိတော့သည် ။ ဒေါ်စိန်တင့်ကရော ဘာထူးသနည်း ။ သူ့ဆင်းရဲပုံမှာလည်း ဦးပြားကြီးနှင့် ပိန်မသာလိမ်မသာ ရှိပေသည် ။ သူ့ခမျာ သူ့နာမည်လို စိန်နှင့်လည်း မတင့်တယ်ရှာ ၊ ရွှေနှင့်လည်းမတင့်တယ်ရှာ ။သူမွေးထားသည့် သားသမီး ၆ယောက်မှာ အသီးသီး အသက အသက အိမ်ထောင်တွေကျကြပြီးနောက် သူ့ဘဝနှင့်သူ ရုန်းကန်နေကြရသဖြင့် ဒေါ်စိန်တင့်ကို မကြည့်ရှုမထောက်ပံ့နိုင်ရှာ ၊ တစ်နှစ်တစ်ခါ ဘီစကွပ်လေးတစ်ထုပ်နှင့် လာကန်တော့လျှင်ပင် ဒေါ်စိန်တင့်မှာ ကျေနပ်မဆုံးတစ်ပြုံးပြုံးဖြစ်ရပေပြီ ။ ထိုသို့သော ဒေါ်စိန်တင့်ကို အရပ်ထဲက လူတွေကပဲ တစ်ယောက်တလှည့်ဆိုသလို ကြည့်ရှုထောက်ပံ့နေရ၏ ။ သည်လိုလူမှမရသင့်လျှင် ဘယ်လိုလူရသင့်တော့မည်နည်း ။ မရွှေမိတို့ ဦးသောင်းတို့ဒေါ်ဂျမ်းတို့ကမှ အသင့်အတင့် စားနိုင်သောက်နိုင်ကြသေးသည် ၊ သည်လိုလူတွေကျတော့စာရင်းပါပြီး ဦးပြားကြီးတို့ ဒေါ်စိန်တင့်တို့ မပါဘူးဆိုတာ မဖြစ်သင့် ။ တစ်ခုခုတော့မှားနေပြီ ။ မခင်မွန်သည် ထိုအကြောင်းကိုသာတစိမ့်စိမ့်တွေးရင်း စိတ်ထဲ ကလိကလိဖြစ်နေသည် ။ အရင်တုန်းကလို အခြေအနေမျိုးဆိုလျှင် ချက်ချင်း ရပ်ကွက်ရုံးကိုသွားကာ မေးမြန်းပြောဆိုဖြစ်မည်ပင် ။ ခုတော့ အိမ်ထဲမှာသာ စတေးအတ်ဟုမ်းနေရသည် ။ ကိုဗစ်ကို ကြောက်ရတာမို့ပင် ။
သည်ရပ်ကွက်ထဲမှာတော့ မခင်မွန်တို့အိမ်လောက်သာ တင့်တောင့်တင့်တယ်နေနိုင်စားနိုင်သည် ။ မခင်မွန်တို့မိသားစုက ရပ်ကွက်ထိပ် လမ်းမပေါ်က နှစ်ထပ်တိုက်လေးမှာနေကြသည် ။ မခင်မွန်တို့ရပ်ကွက်ထဲမှာတော့ ထနိမိုး ထရံကာ အိမ်တွေသာ များသည် ။ သွပ်မိုး ပျဉ်ထောင် အိမ်ခပ်သေးလေးလေးတွေလည်း လေးငါးလုံး ရှိသည် ။ ရပ်ကွက်ထဲမှာက ပညာတတ်လည်းရှားသည် ။ မခင်မွန်ကတော့ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသွားတက်ပြီး ဘွဲ့ရတော့ ကိုယ့်မြို့ကိုယ်ပြန်လာကာ မိဘလက်ငုပ်အထည်ဆိုင်ကို ဦးစီးခဲ့ရသည် ။ ခုတော့ မခင်မွန်အသက်က ၄၉နှစ် ၊ မိဘတွေလည်း ဆုံးပါးကုန်ပြီ ။ အတူနေ မောင်ဖြစ်သူက အိမ်ထောင်ကျကာ ကလေး ၃ယောက် မွေးထားသဖြင့်သာ အပျိုကြီးမခင်မွန်၏ဘဝက စိုစိုပြေပြေရှိရသည် ။
ခုလိုကာလမှာတော့ မခင်မွန်၏အထည်ဆိုင်လည်း ပိတ်ထားလိုက်ရပြီ ။ ကျောင်းတွေပိတ်လိုက်သဖြင့် မောင်ဖြစ်သူကျောင်းဆရာကလည်း အိမ်မှာမြဲနေသည် ။ ကလေးအငယ်နှစ်ယောက်က အပြင်မထွက်ရတော့ အိမ်ထဲမှာပဲ မျောက်ရှုံးအောင် ဆော့ကြသည် ။ အကြီးကောင် လူပျိုတစ်ယောက်သာ အပြင်ထွက်ချင်တိုင်း မထွက်ရသဖြင့် စိတ်ဂဏှာမငြိမ် ဖြစ်နေပုံရသည် ။
မခင်မွန်၏မောင်ဖြစ်သူလင်မယားမှာတော့ ခုမှပဲ အနားရသကဲ့သို့ ဖြစ်ရာ အခန်းထဲအောင်းပြီး သာသောင့်သာယာဖြစ်နေကြသည် ။ သူတို့က သာယာပေမယ့် ရန်ကုန်ရောက်နေသည့် ကုမ္ပဏီဝန်ထမ်း မောင်တစ်ယောက်ကတော့ အလုပ်ပြုတ်မှာကြောက်နေရကြောင်း မခင်မွန်ဆီ ခဏခဏဖုန်းဆက်ညည်းညူတတ်သည် ။ ပုဂ္ဂလိက ဆေးခန်းတစ်ခုမှာ သူနာပြုဆရာမ လုပ်နေသည့်တူမအပျိုလေး ခမျာမှာလည်း အလုပ်ပြီးလို့ အိမ်ပြန်တိုင်း လမ်းထဲက တချို့လူတွေက ရာဇဝတ်သားလိုကြည့်ကာ ခပ်ရှောင်ရှောင်ဆက်ဆံတတ်ကြသည်ဟုဆိုသောကြောင့် မခင်မွန်မှာ စိတ်တိုရသော်လည်း ဘာမှတော့မတတ်နိုင် ။ လောလောဆယ်တတ်နိုင်တာကတော့ ဦးပြားကြီးနှင့်ဒေါ်စိန်တင့်ကို စာရင်းထဲပါသွားအောင်ပြောပေးဖို့သာပင် ။
မခင်မွန်သည် အိမ်ရှေ့လမ်းမကို လှမ်းမြင်ရသည့် ပြတင်းပေါက်ဘေးက ခုံမှာထိုင်လိုက်သည် ။ အရင်တုန်းက ဆိုင်ကယ်သံ ထွေလာဂျီသံ ဆူညံကာ လူမပြတ်သည့် လမ်းသည် ခုတော့ ရှင်းလင်းတိတ်ဆိတ်နေသည် ။ ရံဖန်ရံခါမှာတော့ ဆိုင်ကယ် တစ်စီးစနှစ်စီးစ မောင်းသွားသံကြားရသည် ။ လူလည်း တစ်ယောက်စနှစ်ယောက်စ ဖြတ်သွားဖြတ်လာရှိသည် ။ မခင်မွန်က ရပ်ကွက်ရုံးကို ကိုယ်တိုင်မသွားနိုင်ပေမယ့်လည်း ရပ်ကွက်ရုံးနားမှာနေသည့်သူတစ်ယောက်ယောက် ဖြတ်သွားလျှင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သွားပြောပေးဖို့ မှာလိုက်မည်ဟုတွေးကာ လမ်းမကိုငေးရင်း ထိုင်စောင့်နေလိုက်သည် ။ ရပ်ကွက်ရုံးက အလှူခံလာသမျှ ယက်ယက်ရောရော ပေးလှူတတ်သည့်မခင်မွန်က ဒီရပ်ကွက်မှာတော့ ဩဇာညောင်းသည် ။ ဦးပြားကြီးနှင့်ဒေါ်စိန်တင့်ကိစ္စကို မခင်မွန်ပြောလျှင် အုပ်ချုပ်ရေးမှူးလည်း အလေးထားမည် ထင်ရသည် ။
‘တီတီ ...ကျွန်တော်အပြင်ခဏ သွားလိုက်ဦးမယ် ‘
တူတော်မောင်လူပျိူလေး၏ အသံကြောင့် မခင်မွန်က နောက်သို့လှည့်ကြည့်လိုက်သည် ။ တူတော်မောင်က ဂျင်းဘောင်းဘီ ဟူဒီအကျီဖြင့် လှတပတဝတ်စားထားကာ မခင်မွန်ရှေ့မှာရပ်လာသည် ။
‘ကိစ္စအထွေအထူးမရှိရင် အိမ်ထဲမှာပဲ နေဖို့ အစိုးရကလည်းပြောထားတယ် ၊ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကလည်းပြောထားတယ် ၊အမေစုလည်းပြောထားတယ် ၊မင့်မိဘတွေလည်း ပြောထားတယ် ၊ ငါလည်းပြောရတာအာပေါက်တော့မယ် ၊ဒါကို မင်းက ဘာကိစ္စအပြင်ထွက်ချင်ရတာလဲ’
‘ဟို..ကျွန်တော့်ကောင်မလေးဆီ ခဏသွားမလို့ ‘
‘မင်းက အရေးထဲမှာ ကိုဗစ်အရေးထက် လွမ်းရေး ခက်နေတယ်ပေါ့လေ ..ဟုတ်စ ၊ မင့်ကောင်မလေးအိမ်က ဟိုဘက်မြို့ထိပ်မှာ အဝေးကြီးပဲ သွားမနေနဲ့ ခဏအောင့်ထား ဒီကပ်ကြီးပြီးမှ တွေ့ပေါ့ ၊ ‘
‘ဟာ တီတီကလည်း ဒီကပ်ကြီးက ဘယ်တော့ ပြီးမယ်မှန်းမှ မသိတာကို ၊ ကပ်မပြီးခင် ကောင်မလေးနဲ့ ပြတ်သွားတော့ဘယ်လိုလုပ်မလဲ’
‘ဟဲ့ စတေးအတ်ဟုမ်းမိလို့ ရည်းစားကဖြတ်သွားလည်း အေးဆေး တာ့တာပြလိုက်ပေါ့ဟဲ့ ၊ဒီလောက်တောင်မှ ကျန်းမာရေးအသိမရှိဘူးလား ‘
‘တီတီက အပျိုကြီးဆိုတော့ ဘယ်စာနာမလဲ ‘
‘အမလေး ငါ့လာခလုတ်တိုက်မနေနဲ့ဟဲ့ ၊နင်တို့ဒီခေတ်လူငယ်တွေ လွမ်းတယ်ဆိုတာ ဘာမှန်းမသိမှာစိုးလို့ပြောနေရတာ ၊ ၂၄နာရီ မက်ဆေ့တတောင်တောင်နဲ့ ချေးပါ သေးပေါက်ကအစ အကုန်သိနေရတာ မငြီးငွေ့ဘူးလား ၊တစ်ခါတလေများ လွမ်းရတဲ့အရသာလေးသိရအောင်ခပ်ခွါခွါနေပြီး ခပ်ကျဲကျဲလေး အဆက်အသွယ် လုပ်ကြည့်ကြပါလား ။ သွား အိမ်ထဲပြန်ဝင်၊ ပြောစကားနားမထောင်ရင် ငါ မုန့်ဖိုးဖုန်းဖိုးတွေ ဖြတ်လိုက်မှာ ‘
တူတော်မောင်က ခေါင်းတစ်ချက်ကုပ်ပြီး မျက်နှာ ခပ်ပုပ်ပုပ်နှင့် အိမ်ထဲ ပြန်ဝင်သွားသည် ။ မခင်မွန်က သက်ပြင်းချကာ ခေါင်းတခါခါလုပ်ရင်း ပြတင်းပေါက်ဘက်ကို ပြန်လှည့်လိုက်သည် ။
ဒီရက်တွေမှာ မခင်မွန်အဖို့ သက်ပြင်းချစရာတွေက များလှသည် ။ မခင်မွန်သည် အိမ်တွင်းမအောင်ခင်က ဈေးသွားခဲ့သည့် တမနက်ခင်းက အဖြစ်ကို ပြန်တွေးမိသည် ။ မခင်မွန်တို့မြို့ကလေးရဲ့ဈေးထဲမှာ ဈေးဝယ်လျှင် ၃ပေအကွာက ဝယ်ဖို့ အုပ်ချုပ်သူများက မြေပေါ်မှာ လူတစ်ယောက်ရပ်စရာ အဝိုင်းလေးတွေ ဝိုင်းပေးထားသည် ။ ထိုအချိန်မှာပင် ပြည်သူ့တရားရှင်တွေ ပေါ်ပေါက်လာသည် ။
‘အမလေးဟယ် လူဆိုတာ သေမျိုးချည်းပါ ၊ ကူးဖို့ကံပါလာရင် ကူးမှာပဲ ကံမပါရင် မကူးပါဘူး ၊ ‘
ထိုသူများက တရားသဘောရှုကာ တရားရှင်များပမာ မတုန်လှုပ်ဟန်နှင့် ပြောကြပြီး စည်းကမ်းမလိုက်နာ ။ အဝိုင်းထဲမှာမရပ်ဘဲ ရပ်ချင်သလိုရပ်၍ဝယ်ကြသည် ။ ရောင်းသူကလည်း လက်ဆွဲမတတ်အနီးကပ်ရောင်းသည် ။ ဒီလိုမြင်ကွင်းကိုမြင်တိုင်းမခင်မွန်က သွေးတိုးရသည် ။ မနေနိုင်တော့လည်း ပြောမိခဲ့ပါသည်။
‘ဟဲ့ ညည်းတို့ ရောဂါကူးမှ လူဆိုတာသေမျိုးလို့ ပြောနိုင်ဦးမလား ငါစောင့်ကြည့်မှာနော် ၊ တကယ်လည်း တရားမရှိဘဲ တရားရှိချင်ယောင်ဆောင်မနေကြနဲ့
‘ဪ အစ်မရယ် တကယ်ပြောတာပါတော် ကျုပ်တို့က တကယ်တရားရှိတာပါ ‘
‘အဲ့ဒါတရားရှိတာမဟုတ်ဘူး ပေါ့ဆတာ အသိဉာဏ်နည်းတာ ‘
‘အပျိုကြီးတို့က ကြောက်ကို ကြောက်တတ်တာပါတော် ၊ ကျုပ်တို့မြို့မှာ တစ်ယောက်မှ ပိုးမတွေ့သေးပါဘူး ၊ ပိုးက ကျုပ်တို့နဲ့အဝေးကြီးပါ ၊ဒီပိုးက ပြည်တွင်းဖြစ်မဟုတ်ဘူး နိုင်ငံခြားဖြစ်တဲ့တော့် ၊ကျုပ်တို့ဆီကို တရုတ်ပြည်က ပစ္စည်းတွေချည်းသွင်းတာအားမရလို့ ပိုးပါသွင်းတာများလားမသိပါဘူးတော် ၊တရုတ်ပစ္စည်း ကွာလတီမမှီလို့ ခဏလေးနဲ့ပျက်သလို ဒီပိုးကလည်း ကွာလတီမှီမှာမဟုတ်လို့ခဏလေးနဲ့ ပျောက်မှာလို့ပြောပြောနေကြတာ မကြားမိဘူးလား’
ထိုသို့သော တရားရှင်များနှင့်ဆုံရတွေ့တိုင်း အာပေါက်အောင်ရှင်းပြပြီး အမောဆို့ကာပြန်လာခဲ့ရသည် ။ ပိုးမကူးဖို့ဆိုတာ ကိုယ်တစ်ယောက်တည်း တားလို့ရနိုင်တာမျိုးမဟုတ် ၊ ဒီလို အသိဉာဏ်နည်းသည့်လူတွေများနေသမျှ ပိုးက ကိုယ့်အနားကို တဖြည်းဖြည်းနီးလာသလို ခံစားရသည် ။ အသက်တောင် ရဲရဲ မရှူရဲ ။ နေရင်းထိုင်ရင်း အသက်ရှူမဝသလို ခံစားလာရသည် ။ ထို့ကြောင့် သူများတကာတွေ ဆိုင်မပိတ်မီကပင် မခင်မွန်က ဆိုင်စောစောပိတ်ကာ အိမ်တွင်းအောင်းနေလိုက်သည် ။ အိမ်ထဲမှာ တစ်နေ့တစ်နေ့ ကိုယ်ခံအားကောင်းအောင် စားလိုက်ရသည်မှာလည်း မောလို့ ၊ အိပ်လိုက်ရသည်မှာလည်း မောလို့ ။ စကတည်းက ပြည့်ပြည့်ဖြိုးဖြိုးမခင်မွန်သည် ခုတော့ ပေါင်ချိန်စက်ပေါ် ယောင်လို့တောင်မတက်ရဲ ။
ဟိုအရင် ဆိုင်ထွက်ချိန်တွေကတော့ ဆိုင်မှာလူကျလျှင် အလုပ်များလွန်းလို့ အသက်တောင် ဝဝမရှူနိုင်ဘူးဟု မကြာခဏပြောခဲ့ဖူးသည် ။ တခြားသူတွေလည်း ပြောဖူးကြလိမ့်မည် ။ ခုတော့ အားနေတာတောင် အသက်ရှူကမဝချင် ။ လေ ထဲမှာ ဗိုင်းရပ်စ်တွေများပျံ့နှံ့နေမလားဟု တစ်ခါတွေးမိလျှင် တစ်ခါ အသက်ရှူအောင့်ထားမိသည် ။
မခင်မွန်သည် ပြတင်းပေါက်မှာ လက်ထောက်၍ ခြောက်ကပ်ကပ် လမ်းမကိုငေးနေရင်းက ဒီအချိန်ဆို အမေစု ပို့စ်တင်လောက်ပြီထင်ရဲ့ဟုဖျတ်ခနဲ သတိရလာကာ ဖုန်းပြေး ယူပြီး အမေစု အကောင့်ကို ကြည့်ရသည် ။ အမေစု ဖေ့စ်ဘွတ်ခ်စသုံးပြီဆိုကတည်းက တစ်နေ့ တစ်နေ့ အမေစုအကောင့်ကို ပြေးပြေးကြည့်ရတာလည်း အမောပင် ။ ဟော အမေစု post တက်လာပြီ ။ မခင်မွန်က အမေစုပို့စ်ကိုမဖတ်အားသေး ၊ just nowဆိုသည့် စာတမ်းလေးနှင့်စာလုံးကလေးတွေ ပေါ်လာတာမြင်မြင်ချင်း အရင်ဦးအောင် ‘အမေစု ကျန်းမာပါစေ အသက်ရှည်ပါစေ ချစ်တယ်အမေ ‘ဟုမန့်လိုက်သည် ။ တစ်နေ့တစ်မျိုး မရိုးအောင်မန့်ရတာလည်း အမောပါပင် ။ အမေစု ဒီလို ဖေ့စ်ဘွတ်သုံးလာတော့ မခင်မွန်တို့ပြည်သူတွေနှင့်ရင်ဘတ်ချင်းနီးလာသလိုခံစားရသည် ။ ဦးပြားကြီးတို့ကိစ္စ အုပ်ချုပ်ရေးမှူးကို ပြောမရလျှင်တော့ အမေစုpostအောက်မှာ သွားမန့်မည်ဟုတွေးထားသည် ။ အမေဆုံးမမှ ရမည့်သူတွေက အများသားပင် ။ အမေသာမရှိရင် ခက်ရော့မည်။
မခင်မွန်သည် အမေ့ပို့စ်အောက်မှာ ကွန်မန့်ရေးပြီးမှ အမေ့postကို ဖတ်ရသည်။ Mask ကို ‘ကျွန်မတစ်ခု စမ်းချုပ်နေပါတယ် ‘ဟူသော အရေးအသားကို ဖတ်ရတော့ အမေ့ကို ချစ်စနိုးလေးဖြစ်သွားကာ ‘မနက်ဖြန်ကစပြီး သမီးအိမ်မှာMaskချုပ်ပြီး ရပ်ကွက်ကလူတွေကိုဝေပေးပါ့မယ်အမေ’ဟု စိတ်ထဲကနေ ကတိပြုလိုက်မိသည် ။
မခင်မွန်က ဖုန်းကို ပြန်ချထားပြီး ပြတင်းပေါက်ကနေ ပြန်ငေးနေလိုက်မိသည် ။ ဖေ့စ်ဘွတ်ခ်ကိုလည်း ကြာကြာမကြည့်ချင် ၊ ခဏခဏ ကြည့်ပါများတော့ ဒေါသထွက်စရာတွေကို မြင်ရသည် ။ ရောဂါပိုးကူးစက်မှုကို အစိုးရက နိုင်နိုင်နင်းနင်း ထိန်းချုပ်ကွပ်ကဲနေချိန် ပိုးတွေ့ရှိသူလည်း နည်းနေချိန်ဆို အစိုးရနှင့် တာဝန်ရှိသူတွေကို အပြစ်ပြောဖို့ချောင်းနေသည့် လူစုက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပျောက်ကွယ်နေကြသည် ။ ပိုးတွေ့ရှိသူများလာပြီး တာဝန်ရှိသူတွေကို လက်ညှိုးထိုးကွက်လေးတစ်ကွက်တလေပေါ်လာပြီများဆို စောင့်ချောင်းနေသူတွေ အလျှိုအလျှို ပြန်ပေါ်လာကြကာ ပုံကြီးချဲ့ကြ အပြစ်ပြောကြ လက်ညှိုးထိုးကြနှင့် စည်စည်ကားကား ဖြစ်လာကြသည် ။ စိတ်တွေလည်း ကုန်ပါသည် ။ ကိုရီးယားကား ကြည့်နေတာပဲ အေးသည် ။ အင်းး ဒါပေမယ့် ကိုရီးယားကားကြည့်တိုင်းလည်း အေးရတာတော့မဟုတ် ၊ ဒီနေ့ကြည့်နေသည့် The world of married couple ဇာတ်လမ်းတွဲမှာ မယားအလှကလေးကိုလိမ်ညာပြီးဖောက်ပြန်နေသည့် မင်းသားကို ဒေါသထွက်လိုက်ရတာ ပြောမနေပါနဲ့တော့ ။ တစ်ခုတော်သေးတာက မခင်မွန်သည် အပျိုကြီးဖြစ်သောကြောင့်ဒီလိုကိစ္စမျိုးအတွက် လက်တွေ့ကျကျပူပင်ဖို့မလိုခြင်းပင် ။ အိမ်ထောင်သည်တွေဆိုလျှင်တော့ ဒီကားကြည့်ရင်း ကိုယ့်ယောကျာၤးကိုပါ သံသယမျက်လုံးနှင့်ကြည့်မိကောင်းကြည့်မိနိုင်မည် ။
မခင်မွန်သည် ပျင်းပျင်းနှင့်တောင်တောင်အီအီတွေးရင်း ထပ်၍ပျင်းလာမိသဖြင့် ဖုန်းကိုပြန်ကောက်ကိုင်မိပြန်သည် ။ သည်တစ်ခါတော့ ကာတွန်းတစ်ကွက်က နယူးဖိမှာ ဖတ်ခနဲပေါ်လာသည် ။ ထိုကာတွန်းမှာ ဆွဲထားသည့် ကိုရိုနာဗိုင်းရပ်စ် ပုံက အစိမ်းရောင်ဖြစ်သည် ။ ပုံအောက်က မန့်တချို့ကို ဖတ်မိတော့ မခင်မွန်က ခိခနဲရယ်ရသေးသည် ။ ဗိုင်းရပ်စ်ပုံက အနီ မဟုတ်ဘဲ အစိမ်းရောင်ဖြစ်နေတာကိုမကျေနပ်ကြောင်းရေးထားသည့် ကွန်မန့်တချို့ကိုဖတ်ရသည် ။မခင်မွေန်googleမှာရိုက်ရှာကြည့်တော့ သူများနိုင်ငံတွေက ဆွဲထားသည့်ပုံထဲမှာလည်း အစိမ်းရောင်ပါပါသည် ။ သူများနိုင်ငံမှာက အနီဆွဲဆွဲ အစိမ်းဆွဲဆွဲ ပြသနာမရှိ ၊ မခင်မွန်တို့နိုင်ငံမှာတော့ အရောင်တွေက ပြသနာရှိသည် ။
မခင်မွန်က ပုလဲရှန်ကြိုက်သည် ။ ဆိုင်မှာရောင်းသမျှပုလဲရှန်ရောင်စုံတွေကို ဝမ်းဆက်ချုပ်ဝတ်သည် ။ ထို ပုလဲရှန်ဝမ်းဆက်တွေထဲမှာ အစိမ်းရောင်လည်းပါသည် ။ အနီရောင်လည်းပါသည် ။ မြို့မှာကျင်းပသည့်အခန်းအနားတစ်ခုခုကို အစိမ်းရောင်ဝမ်းဆက်ဝတ်၍တက်သည့်အခါ အစိမ်းရောင်ပါတီက လူတွေက မခင်မွန်ကို သူတို့ဘက်တော်သားပမာ တပြုံးပြုံးနှင့် နှုတ်ဆက်ကြသည် ။ အနီရောင်ဝမ်းဆက်ဝတ်၍တက်သည့်အခါ အနီပါတီဘက်ကလူတွေ ကလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည် ။ အထင်မှားမခံရအောင် အနီနှင့်အစိမ်းကိုတွဲ၍ဝတ်တော့ အောက်ပိုင်းမှာဝတ်မိသည့်အရောင်ဘက်က ပြသနာရှိလာသည် ။ ငါ့အရောင်ကျတော့ ခါးအောက်ပိုင်းမှာဝတ်လို့ ၊သူ့အရောင်ကျတော့အထက်ပိုင်းမှာ ဝတ်လို့ ၊ ဒါက ယတြာချေတာလား နာမ်နှိမ်တာလား စသဖြင့် ဘာဘာညာညာ အထင်မှားစရာတွေ ဖြစ်လာသည် ။ အထင်မှားခြင်းမှာလည်း နောက်ခံအကြောင်းတရားတော့ရှိသည် ။ ပြီးခဲ့သည့် ရွေးကောက်ပွဲတုန်းက ကိုယ်ထောက်ခံသည့်အရောင်ကိုဝတ်ကာ ကိုယ်မထောက်ခံသည့်အရောင်ကော်ဇောပေါ်နင်း၍ ဓာတ်ပုံရိုက်ကာ နာမ်နှိမ်ကြတာတွေလည်းရှိခဲ့သည်မို့ပင် ။ မခင်မွန်သည် ခုတော့ဖြင့် ပုလဲရှန် ထိုနှစ်ရောင်ကို မဝတ်ဖြစ်တော့ဘဲ ဗီရိုထောင့်ကပ်၍ သိမ်းထားတာပင်ကြာခဲ့ပြီ ။ အရောင်တွေဖြင့်ပညတ်မခံလိုသောကြောင့်ပင်။ ခုလိုကပ်ကာလမှာတော့ ဗိုင်းရပ်စ်က အရောင်ရွေးပြီးကူးမှာမဟုတ်သဖြင့် အနီရောအစိမ်းပါ တစ်ဦးကိုတစ်ဦးက အပြစ်မဆိုဘဲ ထောက်ကူပံ့ပိုးစေချင်သည်။
မခင်မွန်သည် အစိုးရကို အသုံးမကျကြောင်း ပုံဖော်နေသည့် postတွေကို လျှောက်ဖတ်ရင်း ဒီလူတွေဟာဖြင့် တိုင်းပြည်တစ်ခုလုံး ကပ်ရောဂါ ထိန်းမနိုင်သိမ်းမရ ကူးစက်သွားရင် တောင် အစိုးရ အသုံးမကျကြောင်းလက်ညှိုးထိုး လို့ ရပြီဟဲ့ဟုတွေးကာ ပျော်နေမလားဟု ကြံကြံဖန်ဖန်တွေးမိရသည် ။ ပြီးတော့ ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ထဲမှာမျောနေသည့်ဆင်သေကောင်ပေါ်မှာနားရင်း ဆင်သေကိုအားပါးတရစားကာ နောက်ဆုံး စားစရာလည်းကုန် ပင်လယ်ထဲလည်း မြုပ်သွားရှာသည့် ကျီးမိုက်ပုံပြင်ကိုသတိရသည် ။ ကျီးမိုက်လိုလူတွေ ဘယ်လောက်တောင်များပါလိမ့်ဟုတွေးရင်းသက်ပြင်းချရပြန်သည် ။
‘အစ်မ အစ်မ ၊အစ်မမခင်မေ’
အိမ်ရှေ့မှ ခေါ်သံကြောင့် မခင်မွန်ခေါင်းထောင်ကြည့်မိသည် ။ အိမ်ရှေ့တံခါးဝမှာရပ်နေသူက အိမ်လည်ကျူးသည့် မစောရင် ။ သည်ကာလမတိုင်မီက သည်ရပ်ကွက်မှာ မစောရင်လောက် အိမ်လည်နိုင်သူမရှိ ။ အိမ်တကာလည်၍ အတင်းပြောတတ်ပြီး ညဆို ခုနစ်အိမ်ကြားရှစ်အိမ်ကြား ဘုရားရှိခိုး တတ်သူမို့ သူ့မြင်ရင် ပြုံးချင်ရသည် ။ ပါးစပ်က ဘုးား ဘုရား လက်က ကားယားကားယား ဆိုတာ သူလိုလူမျိုးပင်ဖြစ်မည် ။ ခုလိုကာလမှာ သူ့ကို မြင်တော့ နည်းနည်းစိတ်တိုသွားရသည် ။
‘ဟဲ့ ဘာတုံး ဘာကိစ္စတုံး ၊ငါဧည့်သည် လက်မခံဘူးနော် ၊ ဒီကာလကြီးမှာ အိမ်လည်အတင်းတုတ်ဖို့စိတ်မကူးနဲ့ တစ်ခါတည်းရောဂါဖြန့်ချိရေးဖြစ်သွားမယ် ၊ ကိုယ့်အိမ် ကိုယ်နေ ‘
‘ဟာ အစ်မကလည်း ကျွန်မ အိမ်မလည်တာကြာပါပြီ အစ်မရဲ့ ၊ ခုလည်း အစ်မအိမ် လာလည်တာမဟုတ်ပါဘူး အစ်မဆီက ပိုက်ဆံ လာချေးတာပါ ‘
‘ဘာ ၊ မချေးဘူးဟေ့ ၊ ငါလည်း ဆိုင်ပိတ်ထားရတာ ၊ ဝင်ငွေမရှိဘူး ‘
‘အမလေး သူဌေးက ညည်းနေပြန်ပါပြီ ၊ ဝင်ငွေ မရှိလည်း အစ်မမှာက ရွှေနဲ့ငွေနဲ့ အိမ်နဲ့ရာနဲ့ အထုပ်အထည်နဲ့ရှိတာ ၊ တော်ရုံ မငတ်ပါဘူး ၊ ကျွန်မတို့သာ သူတောင်းစားခွက်ပျောက်သလို ဖြစ်မှာ၊ ခုတောင် ကျွန်မသမီးဆီမှာ အကျီချုပ်ဖို့ လာမအပ်ကြတော့ ဝင်ငွေက ရှိတော့တာမဟုတ်ဘူး ၊ ‘
မစောရင် ဒီလိုပြောတော့ မခင်မွန်စိတ်နည်းနည်းပျော့သွားသည် ။ မစောရင်မှာသာ ကိုယ်မကြိုက်သည့် စရိုက်ရှိပေမယ့် သူ့သမီး အပျိုလေးကတော့ လိမ်မာရှာသည် ။ ဆယ်တန်းအောင်ပြီး အဝေးသင်တက္ကသိုလ်တက်ရင်း စက်ချုပ်သင်ပြီး ခုတော့ အတော်လူကြိုက်များသည့် စက်ချုပ်သူဖြစ်နေပြီ ။ သူကလေးကို သဘောကျမိသဖြင့် ရန်ကုန်ရောက်နေသည့် ကိုယ့်မောင်ကလေးနှင့်တောင် သဘောတူမိသေးသည် ၊ သို့သော် မစောရင်ကိုသဘောမကျတာနှင့်ပင် ကိုယ့်သဘောကျမှုကို ပြန်လည်သိမ်းဆည်းထားလိုက်ရသည် ။
မခင်မွန်သည် မစောရင်ကို ကြည့်ကာ သက်ပြင်းချလိုက်ရင်း
‘အေးလေ...ဒီလိုအချိန်ကြီး ဝတ်စားမော်ကြွားအလှပြဖို့ နေရာမှ မရှိတဲ့ဟာကို ၊ ဒီလိုအချိန်ကျတော့ ဒီလို အလှအပရေးရာတွေ ပကာသနတွေ ဟာ ဘာမှ အရေးမပါတော့ဘူး၊ အသက်ရှင်သန်ရေး ရောဂါမရရေး ထမင်းမငတ်ရေးကပဲ အရေးပါတော့တာ ၊ ကဲ ကဲ ပြောပါဦး ပိုက်ဆံက ဘယ်လောက်လိုချင်တာတုံး’
‘အများကြီးမဟုတ်ပါဘူး အစ်မရယ် တစ်သောင်းတည်းပါ ။ ‘
‘ဘာလုပ်ဖို့ လိုတာတုံး၊ ငါသိသလောက်တော့ ညည်းတို့ ဒီလောက်မကြပ်တည်းပါဘူး ။ သားအမိနှစ်ယောက်တည်း စားအိုးလည်း ကြီးမှ မကြီးဘဲ ။’
‘ဖုန်းငွေ ဖြည့်ကဒ်ဝယ်ချင်လို့ပါ အစ်မရယ် ကျွန်မသမီးက ကျွန်မ ဖေ့ဘုတ်သုံးတာ များလို့ ဆိုပြီး ဆူထားလို့ သူ့ဆီက မတောင်းရဲလို့ပါ ၊ သူစိတ်ဆိုးပြေရင် ပြန်တောင်းပေးပါ့မယ် ‘
အေးလေ သူလည်း ဒီအချိန်မှာ ကိုဗစ်သတင်းတွေ စောင့်စောင့် ကြည့်နေရတာ ဖုန်းငွေဖြည့်ကဒ်ကတော့ လိုရှာမှာပဲ ဟု မခင်မေက ဘဝတူချင်း ကိုယ်ချင်းစာလိုက်မိသည် ။
‘အေး အေး ဒါဆို ပေးလိုက်မယ် ၊ အဲ့ဒီ့မှာ ခဏစောင့် ပိုက်ဆံသွားယူလိုက်ဦးမယ် ၊ အဲ .. ပြီးရင် ငါ့ကို တစ်ခုတော့ လုပ်ပေး ၊’
‘ပြောပါ အစ်မ ၊ဘာလုပ်ပေးရမလဲ ‘
‘ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ခဏသွားပေး ၊ ရိက္ခာဝေမယ့်စာရင်းထဲမှာ ဦးပြားကြီးနဲ့ ဒေါ်စိန်တင့် ဘာလို့ မပါသလဲလို့ မခင်မွန်မေးခိုင်းလိုက်တယ်လို့ပြောလိုက် ‘
‘ကျွန်မတို့လည်း မပါဘူးအစ်မရယ်၊ ကျွန်မလညိး ကျွန်မတို့ မပါတာ ဘာလို့လဲလို့ သွားမေးမလို့ပဲ ၊ ‘
‘ဟဲ့ ညည်း တို့က ပါစရာလား ၊ ဦးပြားကြီးတို့ ဒေါ်စိန်တင့်တို့ က အင်မတန်မွဲပြာကျနေတဲ့သူတွေလေ ၊ ညည်းတို့နဲ့တူလို့လား ၊ ရှိသမျှ အခွင့်အရေး သိမ်းကျုံး ယူချင်မနေနဲ့ ကိုယ့်လောက်အဆင်မပြေတဲ့သူတွေ ရကြပါစေလား ။ ‘
‘ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ၊ ဒါနဲ့ အုပ်ချုပ်ရေးမှူးဖုန်းနံပါတ် အစ်မမှာ မရှိဘူးလား ‘
‘မရှိလို့ပေါ့ဟယ် ၊ ငါမေးမထားမိဘူး ၊ တစ်လက်စတည်း ဖုန်းနံပါတ်ပါ တောင်းလာခဲ့ပေး ၊ နောင်အရေးကြုံရင် မေးရပြောရအောင် ၊ ‘
မခင်မွန်က မစောရင်ကိုပြောပြီး အိပ်ခန်းထဲသို့ ဝင်လာကာ ပိုက်ဆံ တစ်သောင်းတန်တစ်ရွက် ယူပြီး ပလတ်စတစ်ဗူးခွံတစ်ခုမှာပတ်၍ သရေပင်နှင့်ချည်လိုက်ပါသည် ။ ထို့နောက် ပြတင်းပေါက်သို့ ပြန်လျှောက်လာကာ ..
‘ဒီမှာ မစောရင် ညည်းလည်း မလာနဲ့ ငါလည်းမလာဘူး ၊ ခြံပြင်ရောက်အောင်ပစ်ပေးလိုက်မယ် ဆီးသာဖမ်းပေတော့ ၊ ‘
မခင်မွန်က ပြောပြောဆိုဆို ပိုက်ဆံပါတ်ထားသည့် ဘူးခွံကို ခြံပြင် သို့ လွှဲ၍ပစ်လိုက်ရာ မစောရင်က ခုန်ဖမ်းယူလိုက်ပါသည် ။
‘ဟဲ့ အုပ်ချုပ်ရေးမှူးကို ပြောလိုက်ဦး မခင်မေ မှာလိုက်တယ်လို့ ၊ ရိက္ခာဝေရင် လူတွေနဲ့ ပူးကပ်ပြီးမဝေနဲ့ လို့ ၊၆ပေခွါပြီးဝေလို့ ၊နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီးပေးအပ်နေတဲ့ပုံမျိုး ဓာတ်ပုံရချင်ဇောနဲ့ ပူးကပ်မပေးနဲ့လို့ ၊ရိက္ခာဝေတာမဟုတ်ဘဲ ရောဂါဝေသလိုဖြစ်နေဦးမယ်လို့ ၊ဘယ် အုပ်ချုပ်ရေးမှူးမှ ကိုဗစ်မပြီးဘူးလို့ ပြောလိုက်ကြားလား ‘
မခင်မွန်က အမေစု ဖေ့စ်ဘွတ်ခ်ပေါ်မှာရေးသည့်စာသားလေးကို အတုခိုး၍ပြောလိုက်ပြီး ကိုယ့်ဘာသာ သဘောကျသွားသည် ။
‘အဲ့ဒါတော့ အစ်မနဲ့တွေ့မှသာ ပြောတော့အစ်မရေ ကျွန်မတော့ပြောရဲပေါင် ‘
မစောရင်က ရပ်ကွက်ရုံးဘက်သို့ ခပ်သုတ်သုတ်ထွက်သွားသည် ။ မခင်မွန်က အိမ်ပေါ်ထပ်မှ ဆင်းလာပြီး တူတော်မောင်ကိုရှာလိုက်တော့ အိမ်ရှေ့မှာ ခပ်ငိုင်ငိုင်ထိုင်နေသည့် တူတော်မောင်ကိုတွေ့ရသည် ။ မျက်နှာက တော်တော်မလန်း ၊ ဘုရားရေ .. သူမပျော်လို့ immuneကျရင် မခက်လား ။ မခင်မွန်သည် ဗြုန်းခနဲတွေးမိကာ စိုးရိမ်သွားမိသည် ။ ဒီကာလမှာ စိတ်မပျော်လျှင် ကိုယ်ခံအားကျပြီး ရောဂါအလွယ်တကူဝင်နိုင်သည်တဲ့ ။ တူတော်မောင် ရည်းစားနဲ့မတွေ့ရလို့စိတ်ဆင်းရဲပြီး အလွယ်တကူရောဂါဝင်ရင် မခက်ဘူးလား ။ သူ့ရည်းစားနဲ့တွေ့ရလျှင်ဖြင့် စိတ်ပျော်ပြီး immuneတက်လေမလား ။ immuneနှင့် စတေးအတ်ဟုမ်း ..ဘယ်ဟာရွေးရပါ့ကွယ် ။ မခင်မွန်သည် သက်ပြင်းတစ်ခါ ချမိရကာ တူတော်မောင်ဆီသို့ လျှောက်လာခဲ့သည် ။
‘ဟဲ့ကောင်လေး သွားချင် ခဏသွား ၊ လက်သန့်ဂျယ် ယူသွား ၊ Mask တပ်သွား ၊ ဟိုရောက်ရင်လည်း မျက်နှာပြချင်ဇောနဲ့ Maskကို ချွတ်မနေနဲ့ဦး၊ မြန်မြန်ပြန်လာခဲ့ ကြားလား ၊ ‘
‘ဟုတ် ‘
တူတော်မောင့်မျက်နှာ ဗြုန်းခနဲ ဝင်းပသွားလိုက်ပုံများ တစ်သက်လုံး အဖျားမဝင်နိုင်လောက်အောင် immune တွေ တက်သွားသလားအောက်မေ့ရသည် ။ အလျှင်အမြန်ထထွက်သွားသည်မှာ မခင်မွန်ကိုပင်ခလုတ်တိုက်မတတ် ။ အင်း ..ဒီကာလမှာ ကိုဗစ်အရေးထက် လွမ်းရေးခက်နေသူတွေ ဘယ်လောက်များပါလိမ့် ။
‘ဟဲ့ စကားပြောရင် ၆ပေအကွာကပြောနော် ..ကြားလား ‘
ခြံဝသို့ချက်ချင်းရောက်သွားသော တူတော်မောင်ကို မခင်မွန်က လှမ်းအော် သတိပေးလိုက်သည် ။
‘၃ပေပါ တီတီရဲ့ ‘
‘ဟဲ့ အရေးထဲ ၃ပေ ဈေးလာဆစ်မနေနဲ့ ၊ ဒါ ငါပြောတာမဟုတ်ဘူး WHO ကပြောတာဟဲ့ ‘
‘အဲ့ဒီ့ WHOကလည်း အမျိုးမျိုးပဲ ‘
တူတော်မောင်က ပြန်အော်ပြောရင်း ထွက်သွားသည် ။မခင်မွန်မှာတော့ သင်းပြန်လာရင် အိမ်ဝကနေ အဝတ်အစားချွတ်လဲဖို့ ပိုးသတ်ဆေး ဆီးဖြန်းဖို့စောင့်နေလိုက်ရသည် ။
ခဏနေတော့ အိမ်ရှေ့က မစောရင်အသံကို ကြားရသည် ၊
‘အစ်မရေ အုပ်ချုပ်ရေးမှူးကပြောလိုက်တယ် စာရင်းက ကပ်ပြီးကောက်ရလို့ မြေပြင်အခြေအနေဲ့ကွာဟသွားတာလေးတွေရှိလို့ပါတဲ့ ၊ဦးပြားကြီးနဲ့ ဒေါ်စိန်တင့်ကို စာရင်း ထည့်ထားလိုက်ပါ့မယ်တဲ့ ၊ စိတ်မပူပါနဲ့တဲ့ ‘
‘ဪ အေး အေး တော်သေးတာပေါ့ ၊ ‘
‘ဖုန်းနံပါတ်လည်းပေးလိုက်တယ်အစ်မ ၊ ပြီးမှ ကျွန်မ မတ်စိပို့လိုက်မယ်၊ကျွန်မသွားပြီနော် အစ်မရေ ‘
‘အေး အေး ညည်းလည်း လျှောက်သွားမနေနဲ့တော့ ၊ အိမ်မှာပဲနေ ၊ သတင်းတွေလည်း ညည်းဖတ်ရတယ်မဟုတ်လား ‘
‘ဘာသတင်းတွေလဲ အစ်မ’
‘ကူးစက်တဲ့သူတိုးတဲ့သတင်းလေ ၊ ညည်းမဖတ်ရဘူးလား’
‘မဖတ်ရဘူးအစ်မ’
‘သတင်း pageတွေ ဝန်ကြီး ဌာနpageတွေ likeလုပ်မထားဘူးလား’
‘မလုပ်မိဘူး အစ်မ’
‘ဒါဆို ညည်းက ဘာတွေ like လုပ်ထားပြီး ဘာတွေ ကြည့်နေလို့ ဖုန်းဘေလ်တက်နေတာတုန်း ‘
‘ဟီးး လိုက်လုပ်ထားတာတော့ အစုံပဲ အစ်မရဲ့ ၊မင်းသားမင်းသမီးတွေ ဖေ့စ်ဘွတ်ဆယ်လီတွေ အများကြီးပဲ ၊တစ်နေ့တစ်နေ့သူတို့တင်တာ ဖတ်ရကြည့်ရ အားကိုမအားရပါဘူး ၊ ခုတလော ဖုန်းဘေကုန်တာကတော့ ဟဝှါကြောင့်ပါ အစ်မရဲ့ ‘
‘ဘာအဝှါတုံး’
‘ဟိုမင်းသားအဝှါပြုတဲ့ကိစ္စ အသံဖိုင် နားထောင်နေရလို့ အစ်မရဲ့ ‘
‘ဘာ ‘
မခင်မွန်က ဒေါသတကြီးအော်လိုက်ပြီး အိမ်ပြင်ထွက်၍ ရပ်ကာ အော်လိုက်မိသည် ။
‘ဟဲ့ ငါ့ ပိုက်ဆံ ခုပြန်ပေးခဲ့ ‘
‘အစ်မကလည်း ချေးပြီးသားပိုက်ဆံ ပြန်မတောင်းကောင်းပါဘူး အစ်မရဲ့ ၊ သွားပြီ အစ်မရေ ‘
မစောရင်အသံက တဖြည်းဖြည်းဝေးသွားသည် ။ မခင်မွန်မှာသာ ဒေါသချောင်းချောင်းထွက်၍ ကျန်ရစ်ရသည် ။ ဒေါသထွက်ရင် immuneများကျလေမလားဟုတွေးမိတော့မှချက်ချင်း လေကိုရှိုက်ရှိုက်ရှူကာ ဒေါသကို ဖြေလျော့လိုက်ရလေသည် ။
အင်းးး ဒီလိုလူတွေနှင့် စတေးအတ်ဟုမ်းနှင့်တော့ ခက်ပါသေးသည် ။
#ပုညခင်
၁၈.၄.၂၀၂၀