
လူတွေရဲ့ အမူအကျင့်လေးတွေက သူတို့ရဲ့သွေးအမျိုးအစားနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာကို လက်ခံတယ်ဆိုရင် အခုဖော်ပြမယ့် သွေးအမျိုးအစားအလိုက် သင်က သင့်ချစ်သူအတွက် ဘယ်လိုချစ်သူမျိုးဖြစ်နေလဲဆိုတာကို ဖတ်ကြည့်လိုက်ပါဦးနော်။
အေသွေး
အရှေ့ကတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးရအောင် လုပ်ထားမိလို့ အခုတစ်ယောက်ကို သင့်ရဲ့ နောက်ဆုံးချစ်သူဖြစ်ဖို့မျှော်လင့်နေတဲ့သူပါ။ ချစ်သူကို အချိန်တိုင်းဂရုစိုက်ပြီးတော့ သူနဲ့ကိုယ့်ရဲ့ အနာဂတ်ကို အမြဲတမ်းပုံဖော်နေတတ်သူလည်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သူမဟုတ်တဲ့ တခြားတစ်ယောက်နဲ့တွဲမြင်လို့တောင်မရလောက်အောင် ဖြစ်နေပါတယ်။ ကိုယ့်စွဲလန်းစိတ်တွေကို ကိုယ်ကိုယ်တိုင်တောင် မထိန်းချုပ်နိုင်ပါဘူး။ သူ့ရဲ့ အာရုံစိုက်မှုကို ရအောင်လို့ ပြဿနာတွေကို တစ်ခုပြီးတစ်ခု ဖန်တီးချင်နေသူပေါ့။ စိတ်ဆတ်တဲ့ မရင့်ကျက်တဲ့ အပြုအမူတွေက သူ့ကိုချစ်လို့ဆိုတာကို သိစေချင်နေသူဆိုလည်း ဟုတ်ပါတယ်။ ချစ်သူကို အရမ်းချစ်ပြီး ပျော်အောင်ထားချင်ပေမယ့် အမြဲစိတ်ညစ်အောင် လုပ်မိနေတာ အေသွေးလေးတွေပါ။
ဘီသွေး
သင်က ပျော်တတ်ပြီး စွန့်စားတတ်၊ ပျင်းရိငြီးငွေ့လွယ်တတ်တာကြောင့် ချစ်သူကောင်လေးကို အမြဲတမ်း နားပူနားဆာလုပ် ဒုက္ခပေးတတ်တဲ့ သူမျိုးဖြစ်ပါတယ်။ လူမှုဆက်ဆံရေးကောင်းမွန်တာကြောင့် ချစ်သူကောင်လေးရဲ့သူငယ်ချင်းတွေနဲ့ပတ်သက်ပြီး မနာလိုဝန်တိုတာမျိုး လုံးဝမရှိပေမယ့် ဘီသွေးကောင်မလေးရဲ့ စိတ်ကိုတော့ သူ့ချစ်သူကောင်လေးက ဘယ်လိုမှ နားမလည်နိုင်ပါဘူးတဲ့။
ဘီသွေးကောင်မလေးတွေရဲ့ အချျက်အပြုတ်ကောင်းတာ၊ စီမံခန့်ခွဲတဲ့နေရာမှာ တော်တာ၊ အချစ်အကြောင်း စာလေးတွေ ရေးတတ်တာနဲ့ အိမ်အလှဆင်တတ်တာ … အဲ့ဒီ အရည်အချင်းတွေက သူ့ချစ်သူကောင်လေးကို လုံးဝဆွဲဆောင်နိုင်ပါတယ်။ ဘီသွေးကောင်မလေးကို ချစ်မိသူတွေရဲ့ အချစ်ရေးကတော့ အမြဲတမ်း မရိုးနိုင်အောင် စိတ်လှုပ်ရှားနေရလို့ ရိုလာကိုစတာစီးရသလို ခံစားချက်မျိုးပါတဲ့။ တကယ်တော့ ဘီသွေးကောင်မလေးတွေရဲ့ အပူအပင်ကင်းတဲ့ပုံစံ၊ အကောင်းမြင်တဲ့ပုံစံလေးကို ကောင်လေးတွေက ချစ်မိသွားခြင်းဖြစ်ပါတယ်တဲ့။
အေဘီသွေး
အေဘီသွေးမိန်းကလေးတွေက ခန့်မှန်းရခက်တဲ့ သဘောသဘာဝရှိကြပါတယ်။ တခါတရံ ခွန်အားအပြည့်နဲ့တက်ကြွနေသလောက်၊ တခါတရံမှာလည်း မယုံနိုင်လောက်အောင် တည်ငြိမ်အေးချမ်းနေတတ်ပါတယ်။ အေဘီသွေး မိန်းကလေးတွေဟာ ချစ်သူကောင်လေး အပြင်ထွက်လည်ချင်တာလား၊ အိမ်မှာပဲ နားနေချင်တာလားဆိုတာမျိုးကို ကောင်းကောင်းသိကြတာကြောင့် သမီးရည်းစားနှစ်ယောက်ကြားမှာ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ပြဿနာအဖြစ် နည်းပါတယ်။
အကြောင်းအရာတွေအပေါ်မှာ ထိုးထွင်းသိမြင်တတ်လွန်းလို့ ချစ်သူကောင်လေးတွေအနေနဲ့ လိမ်ညာလှည့်စားလို့မရတဲ့ ကောင်မလေးတွေဖြစ်နေပါတယ်။ အရာရာကို ခွဲခြမ်းစိတ်ဖြာတွေးတတ်လွန်းပြီး သေးသေးမွှားမွှားလေးတွေကအစ လိုက်ပြောလွန်းလို့ ကောင်လေးတွေက သူတို့အမှားလုပ်မိမှာကိုတောင် ကြောက်ပြီး တစ်ခုခုဆိုဖုံးကွယ်ထားဖို့ကြိုးစားလာတဲ့အထိ ဖြစ်သွားနိုင်တာမို့ အဲ့လို ပြောတတ်တာကိုဆင်ခြင်သင့်ပါတယ်။ ဘာပဲပြောပြော အေဘီသွေးမိန်းကလေးတွေက ခန့်မှန်းရခက်တဲ့ အကျင့်စရိုက်မျိုး ရှိပေမယ့် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသူတွေဖြစ်လို့ ချစ်သူအတွက် အားဖြစ်စေသူလေးတွေဆိုတာ အသေအချာပါပဲ။
အိုသွေး
ကိုယ့်ကိုယ်ကိုယုံကြည်မှု အပြည့်ရှိတာကြောင့် မလုံမခြုံဖြစ်တဲ့ခံစားချက်မျိုး ဘယ်တော့မှမရှိတဲ့သူလေးတွေပါ။ ကိုယ့်တန်ဖိုးကိုလည်း သိပြီး ချစ်သူရဲ့တန်ဖိုးကိုပါ မြင့်တက်အောင် လုပ်ပေးနိုင်စွမ်းရှိသူလေးတွေပါ။ ဘုရင်မတစ်ယောက်လိုမျိုး ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတာ ကောင်းကောင်းသိသူလေးတွေဖြစ်ပြီး အဲ့ဒါက ချစ်သူကောင်လေးအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အချက်ဖြစ်ပါတယ်။ ရည်မှန်းချက်ရှိပြီး အတ္တကြီးတဲ့ ပုံစံမျိုးလည်း ဖြစ်နေပါတယ်။
ကိုယ့်တန်ဖိုးကို သိတာနဲ့ မာန်တက်နေတာက မတူဘူးဆိုတာ သိသင့်ပါတယ်။ အချစ်ရေးမှာလည်း ကိုယ့်သဘောအတိုင်းချည်းပဲ ဖြစ်ချင်တာကို လျှော့သင့်ပါတယ်။ အမှီအခိုကင်းပြီး လွတ်လပ်တဲ့စိတ်အတိုင်း နေတာကလည်း အမြဲတမ်းတော့ မဖြစ်သင့်ပါဘူး။ အိုသွေးမိန်းကလေးတွေက ချစ်သူက ထားသွားရင်တောင် ဂရုမစိုက်ဘဲနေနိုင်ရုံမက ဘဝကို တစ်ယောက်တည်းလည်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်ပါတယ်တဲ့။
_____________
MAY THAZINHTOO