ဗိုက်ပေါ်မှာ တီကောင် ရောက်နေတယ် - Kharann Media

Breaking

ဗိုက်ပေါ်မှာ တီကောင် ရောက်နေတယ်

■ တနေ့ ကျွန်မဆေးခန်းအတွင်းသို့ ချောမောလှပသော မိန်းမပျိုတစ်ဦး မိခင်ဖြစ်သူနှင့် ဝင်ရောက်လာပါ သည်။ အလောတကြီးဖြင့် “ ဒေါက်တာရေ ဒေါက်တာ့ညီမရဲ့ ဗိုက်ပေါ်က အရေ ပြားကို ကြည့် ကြည့်ပါဦး။ အရေပြားအောက်မှာ တီကောင်သေးသေးလေးတစ်ကောင် ရှိနေသလိုပဲ။ နာလည်းနာတယ်။ ယားလည်း
ယားတယ်” တဲ့ ဟုတ်ပါသည်။


ဖြူဝင်းချောမွတ်နေသော အရေပြားပေါ်တွင် လယ်ပြင်တွင် ဆင်သွားရာလမ်းကြောင်းကြီးကဲ့သို့ ထင်းထင်းကြီးပေါ်နေသော ကောက်တိကောက်ကွေးနှင့် လမ်းကြောင်းကြီးတစ်ခု ရှိနေသည်။ “အခုတလော Allergic လည်း ခဏခဏ ဖြစ်တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းကလည်း မအီမသာ ဖြစ်တာတွေ ဗိုက်လည်း နာနေလို့ အစာအိမ်ဆေးတွေလည်း သောက်ရသေးတယ်” သူက ထပ်ပြောသည်။

ကျွန်မစိတ်ထဲ တစုံတခုကို ရုတ်တရက်သတိရသွားသဖြင့် “ညီမ Sushi တွေများ ခဏခဏစားမိသေးလား” ဟုမေးလိုက်ရာ သူက “ စားတာပေါ့ဒေါက်တာရေ။ ညီမက အရမ်းကြိုက်တာ။ ခဏခဏလည်း
စားဖြစ်တယ်” ဟု ဖြေရာ ကျွန်မလည်း ရောဂါ၏အဖြေ တွေ့ပါတော့သည်။ ဒါသန်ကောင်ရောဂါပါ။ Sushi စားသုံးခြင်း အလေ့အထက တစ်ကမ္ဘာလုံး ပျံ့နှံ့လာတယ်။ မြန်မာနိုင်ငံမှာလည်း Sushi စားသုံးခြင်းအလေ့ အထဟာ ရေပန်းစားပါတယ်။ Sushi မှာ အဓိကအားဖြင့် အသားစိမ်းငါးစိမ်း ပါဝင်နေတာ။ ငါးများကို မီးဖြင့် ကျက်သည်အထိမချက်မပြုတ်ဘဲ Sushi (အထူးသဖြင့် Sashimi) လိပ်စားပါက ငါး၏ ဝမ်းဗိုက်ထဲတွင် ရှိနေတတ်သော သန်ကောင်သားလောင်းများမှာ လူများဧ။်ဝမ်းဗိုက်ထဲသို့ ကူးပြောင်းလာတတ်ပါတယ်။ အခုကူးစက်တဲ့သန်ကောင် အမျိူးအစားက Gnathostoma ဆိုတဲ့ သန်လုံးကောင်အမျိူးအစား ဖြစ်နိုင်ပြီး
သန်ကောင် သားလောင်းလေးက ထိုညီမလေးစားတဲ့ ငါးထဲမှာ ပါလာတယ်။ Sushi တိုင်းမှာပါတယ်လို့ တော့ မဟုတ်ပါဘူး ။ အသားစိမ်းငါးစိမ်းတွေနဲ့လိပ်တဲ့ Sushi လိပ်တွေမှာ ပါတတ်တယ်လို့ဆိုလိုတာပါ။

အဆိုပါသားလောင်းလေးဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ရောက်တဲ့အခါ အူနံရံကိုဖောက်ပြီး အရေပြားပေါ်ကို ရောက်လာတာပါ။ အဲဒီလိုမျိုး အူနံရံကို ဖောက်နေတဲ့အချိန်မျိူးဆို မအီမသာဖြစ်တာ
တွေ ပျို့ချင် အန်ချင် တာမျိုးတွေ ဝမ်းပျက်တာတွေ ဗိုက်အောင့် ဗိုက်နာတာတွေ ဖြစ်တတ်ပါတယ်။
တချိူ့အကောင်လေးတွေဆို သွေးထဲကိုရောက်သွားပြီး ခန္ဖာကိုယ်မှာရှိတဲ့ အရေးကြီးတဲ့အစိတ်အပိုင်း တွေကို ရောက်သွားတတ်တယ်။ အဆိုးဆုံးကတော့ ဦးနှောက်လို နေရာမျိူးကို ရောက်သွားရင် တော်တော်ကို ဆိုးရွားတဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဖော်ပြပါ ညီမလေးကတော့ကံကောင်း တယ် ပြောရမှာပဲ။ သားလောင်းလေးက အရေပြားပေါ်ကို ရောက်နေလို့ပါ။ အသည်းတွေ အဆုတ်တွေ ဦးနှောက်တွေကို ရောက်နေရင်တော့ ဆေးခန်းမှာကုလို့မရဘူးပေါ့။ အခုဟာက ဆေးခန်းမှာပဲ သန်ကောင်လေးကို ထုတ်ပေးလိုက်ပါတယ်။

ကံကောင်းတယ်လို့ပြောရ မှာပါပဲ။ အစကသန်ကောင်ဆိုတော့ တငိုငိုတရယ်ရယ် ဖြစ်နေတဲ့ ကောင်မလေးလည်း အဲ့ကျမှ ဟင်းချနိုင်တော့တာပါပဲ။ အထက်ပါကိစ္စကိုသင်ခန်းစာယူပြီး အသားစိမ်း ငါးစိမ်းနှင့် ပြုလုပ်သော Sushi များကို ဆင်ခြင်၍ စားစေလိုပါသည်။ အကယ်၍ Sushi စားဖြစ်ပြီး သန်ကောင်ရှိနေကြောင်း လက္ခဏာများတွေ့လာပါကလည်း နီးစပ်ရာဆေးခန်းသို့ အမြန်သွားရောက်
စေလိုပါသည်။ သို့မှသာ မလိုလားအပ်သော ဆိုးကျိုးများကို ရှောင်လွှဲနိုင်မည်ဖြစ်ပါသည်။
.
ဆင်ခြင်နိုင်ကြပါစေ။

by - ဒေါက်တာအေးချမ်းမိုး