ဘာလို့ အလုပ်ပဲ အမြဲလုပ်နေရပြီး ကံတရားကမျက်နှာသာမပေးသေးတာလဲ။ “ချမ်းသာဖို့ အလုပ်လုပ်နေတာကွ။ ရှာသမျှပိုက်ဆံက ဘာလို့ခဏနဲ့ကုန်သွားရတာလဲ” လို့ရော တွေးဖူး ပါသလား။ တွေးဖူးတဲ့သူတွေအတွက် ချမ်းသာဖို့ ငွေကို အကျိုးရှိစွာ အသုံးပြုနည်းလေးဝေမျှပါရစေ။
70/30စည်းမျဉ်းလို့ခေါ်ပါတယ်။
အလုပ်အတွက် လိုအပ်တဲ့အခွန်အခတွေ ကုန်ကျစရိတ်တွေအတွက် သုံးပြီးကျန်တဲ့ငွေ(အမြတ်ငွေ)ရဲ့ 70%နဲ့ ကိုယ့်အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ ဇိမ်ခံပစ္စည်းတွေကို သုံးစွဲပါ။ ဒါဆိုကျန်တဲ့30%ကို ဘာလုပ်မလဲလို့ ပြန်မေးပါလိမ့်မယ်။ အောက်ဖော်ပြပါနည်းလမ်းတွေနဲ့ သုံးစွဲပါလို့ ဖြေပါရစေ။
၁။ လှူဒါန်းပါ...
မသုံးရမယ့် ငွေ 30%ထဲက ၃ပုံ ၁ပုံကို လှူဒါန်းလိုက်ပါ။ လှူဒါန်းတယ်ဆိုတာက အကူအညီလိုနေ တဲ့သူတွေကို အကူအညီပေးလိုက်တာပါ။ ဝင်ငွေရဲ့10%လောက်ကတော့ လှူဒါန်းသင့်တယ်လို့ ထင်မိပါတယ်။ ဝင်ငွေနည်းနေချိန်ကတည်းက လှူဒါန်းတဲ့အကျင့်ကို လုပ်ထားသင့်ပါတယ်။ ငွေများမှ 10%ကို လှူမယ်ဆိုရင် လက်တွန့်သွားမှာ အသေအချာဖြစ်နေတာမို့လို့ပါ။
၂။ ရင်းနှီးမြှုပ်နှံပါ...
နောက်ထပ် ၃ပုံ ၁ပုံကိုတော့ ချမ်းသာဖို့ လုပ်ငန်းတစ်ခုအနေနဲ့ စတင်လိုက်ပါ။ အချိန်ပိုင်း အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ အဲ့ဒီငွေနဲ့ လုပ်ငန်းစဖို့ လိုအပ်တာတွေဝယ်ပါ။ တပ်ဆင်ပါ။ ရောင်းချလိုက်ပါ။ ဘယ်လိုလုပ်ငန်းတွေ လုပ်ရမလဲဆိုတဲ့ မေးခွန်းပြန်မေးလာရင်တော့ စိတ်ကူးတွေကို ဖြန့်ကျက်လိုက်ပါ လို့ပဲ ဖြေချင်ပါတယ်။ ကိုယ်အလုပ်မှာ ကျွမ်းကျင်ခဲ့တဲ့ပညာရပ်တစ်ခုခုဖြစ်ဖြစ် ဝါသနာပါတဲ့ အရာတစ်ခုခု ကနေဖြစ်ဖြစ်ကနေ ကိုယ့်အတွက် အမြတ်အစွန်းရနိုင်မယ့် လုပ်ငန်းတစ်ခု အဖြစ် ပြောင်းလဲလိုက်ပါ။ ဥပမာအနေနဲ့ လက်ကားဝယ်ထားတဲ့ပစ္စည်းတစ်ခုကို လက်လီပြန်ရောင်းသလိုပေါ့။ တွေးကြည့် လိုက်ပါ။ စမ်းပြီးလုပ်ကြည့်လိုက်ပါ။ အခွင့်အရေးဆိုတဲ့ မီးတောက်လေးက နှိုးဖို့ သင့်မှာ ဘယ်လောက်တောင် ပါရမီရှိနေလဲဆိုတာ ဘယ်သူကမှ ပြောပြနိုင်တာမှမဟုတ်တာ။
၃။ စုပါ...
နောက်ဆုံး ၃ပုံ ၁ပုံကိုတော့ စုဆောင်းထားဖို့သုံးလိုက်ပါ။ ချမ်းသာဖို့ လုပ်ဆောင်နေတဲ့ နည်းလမ်းတွေ ထဲမှာ ဒါက စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်း ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကိုယ်အလုပ် မလုပ်နိုင်တော့တဲ့အချိန်မှာ မပူမပင်နေနိင်တဲ့အထိ စိတ်ချမ်းသာနေစေမှာမို့လို့ပါ။ လူဆင်းရဲဆိုတာနဲ့ လူချမ်းသာဆိုတာ ကွာခြားချက်ရှိပါတယ်။ လူဆင်းရဲက ရှာလို့ရတာကို သုံးပြီး ပိုတာကို စုတယ်။ လူချမ်းသာကတော့ ရှာလို့ရတာကို စုပြီး ပိုတာကို သုံးတယ်။
အဲ့ဒီတော့ လှူဒါန်းတာရယ် ရင်းနှီးမြှုပ်နှံတာရယ် စုဆောင်းတာရယ်ဆိုတဲ့အချက်တွေကို မမေ့ပါနဲ့။ အမြဲ ကျင့်သုံးလိုက်ပါ။ တစ်နေ့ချင်း တစ်လချင်းမှာ အများကြီးမသိသာပေမယ့် နှစ်အနည်းငယ်အတွင်း လူချမ်းသာတစ်ယောက်အဖြစ်နေနိုင်ဖို့ ဒီအချက်တွေက ကူညီပေးသွားမှာပါ။
__________________________________________
Apr 20.2016 | http://www.mymemo.cf/2016/04/post404.html source : gentleman