
လူတွေဟာ တစ်ယောက်တည်းမရှင်သန်နိုင်ဘူးလို့ စကားပုံတွေ ထားရှိကြပါတယ်။ ဒါပေမယ့် တစ်ချို့က ဒီစကားကို ယုံသော်လည်း တစ်ချို့ကတော့ မယုံကြည်ကြပါဘူး။ အသက်ခြောက်ဆယ်ကျော်ပြီဖြစ်တဲ့ ဘယ်လာဒီပေါလ် ဆိုတဲ့ အမျိုးသမီးကြီးလဲ တစ်ယောက်အပါအဝင်ပါ။ သူမဟာ သူမရဲ့ တစ်သက်တာအတွင်းမှာ တစ်ကိုယ်တည်းဖြတ်သန်းခဲ့ရုံသာမက တစ်ကိုယ်တည်းနေထိုင်သူတွေဟာ ကြင်ဖော်ရှိသူတွေထက် ပိုအထီးကျန်တယ်ဆိုတာကိုလည်း လက်မခံတဲ့သူဖြစ်ပါတယ်။
ဒါကြောင့် စိတ်ပိုင်းဆိုင်ရာဗေဒရှုထောင့်ကနေ ဒီအချက်အလက်တွေကို ဆယ်စုနှစ်ကြာအောင် သုတေသန ပြုလုပ်ခဲ့တဲ့ ဘယ်လာဟာ ၂၀၁၃ ခုနှစ်မှာတော့ ဘလော့ဂ်တစ်ခု ထုတ်လွှင့်ခဲ့ပြီး တစ်ကိုယ်တော်သမားတွေဟာ အထီးကျန်၊ စိတ်ဒုက္ခရောက်ပြီး အချစ်မခံရဘူးဆိုတာနဲ့ ရည်းစားရဖို့ ဘာမဆိုလုပ်ချင်တယ်ဆိုတာတွေဟာ မမှန်ကန်ကြောင်း ပြောဆိုဖြန့်ချိခဲ့ပါတယ်။ ပြောချင်လွန်းလို့ တို့လဲ သူပြောပြတဲ့ တစ်ကိုယ်တည်းနေခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို တစ်ချက်လောက်ကြည့်ကြရအောင်။
၁. ပြောချင်လွန်းလို့ တို့ဟာ လူတစ်ယောက်ထက်စာရင် လူနှစ်ယောက်ပါဝင်တဲ့ စုံတွဲတစ်ခုက ပိုပြီး အပေါင်းအသင်းဆန့်တယ်လို့ ထင်ကြပါတယ်။ အဲ့ဒါဟာတကယ်တော့မှားပါသတဲ့။ တစ်ကိုယ်တည်းနေသူတွေဟာ ပိုမို ဆက်သွယ်ဆက်ဆံရလွယ်ကူပြီး မတူညီတဲ့ အသိအကျွမ်းဝန်းကျင်တွေကို ပိုမိုရောက်ရှိလွယ်ပါတယ်။ အိမ်ထောင်ကျပြီးသူတွေထက်ကို မိတ်ဆွေသူငယ်ချင်းတွေကို ကူညီဖို့နဲ့ အကူညီရဖို့လဲ လွယ်ကူတယ်လို့ သိရပါတယ်။
၂. တစ်ယောက်တည်းနေသူတွေဟာ ကိုယ့်ကျန်းမာရေးကိုကိုယ်ပိုဂရုစိုက်ကြပါတယ်။ အိမ်ထောင်ရှင်တွေဟာ ဗာဟီရကိစ္စတွေများပြားပြီး ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဖို့ မလွယ်ကူတဲ့အချိန်မှာ Single တွေကတော့ ကိုယ့်ကိုယ်ကိုယ်ကြည့်ကောင်းအောင် လုပ်ဖို့ ပိုစိတ်အားထက်သန်တာ အမှန်ပဲလို့ ဆိုပါတယ်။ အိမ်ထောင်ရှင် တွေမှာ လုပ်စရာတွေများလွန်းတာကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ကို အမြဲတမ်းရွှေ့နေတတ်ကြတယ်လို့ ဆိုတယ်။
၃. ဒါကတော့ အမေရိကန်အမျိုးသားမိသားစုနဲ့ အိမ်ဂေဟာတွင်းနေထိုင်သူများ စစ်တမ်းကနေ လာတဲ့ အချက်ပါ။ တစ်ယောက်တည်းနေတဲ့သူတွေဟာ ကိုယ်ဆည်းပူးချင်တဲ့ အတတ်ပညာပိုင်းမှာလဲ ကိုယ်ကြိုးစားတဲ့ ပမာဏကို ပိုမိုကျေနပ်နှစ်သိမ့်လေ့ရှိပါတယ်။ သူတို့ဟာ ဘဝကို စိန်ခေါ်မှုအဖြစ် အမြဲတစေမြင်ယောင်နေပြီး သင်ယူဖို့လဲ ကြိုးစားတတ်ပေမယ့် အိမ်ထောင်ရှင်တွေအတွက်တော့ ဘဝဆိုတာ တာဝန်ယူရခြင်းလို့ မြင်ယောင်သွားတတ်ပါတယ်။
၄. ဒါ့အပြင် လူပျိုတစ်ယောက်နဲ့ အိမ်ထောင်ရှင်တစ်ယောက်ဟာ ရက်ရောမှုအပိုင်းမှာ ကြီးမားစွာ ကွာခြားသွားတယ်လို့ ဆိုပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ ယောက်ျားတွေဟာ သူငယ်ချင်းတွေနဲ့အတူ ပိုက်ဆံမသုံးတော့သလောက် ဖြစ်သွားပါတယ်တဲ့။ သူတို့မှာ ကျွေးမွေးရမယ့် မိသားစုရှိလာတော့ ဒါကို အမြဲထည့်တွက်နေတတ်ပြီး Single တွေမှာတော့ ဒီအပူအပင်မရှိပါဘူး။
၅. လူတွေမှာ တစ်ယောက်တည်း အေးအေးဆေးဆေးနေဖို့ အချိန်ဆိုတာ လိုအပ်ပါတယ်။ Single တွေဟာ ဒီအခွင့်အရေးကို အရဆုံးလူတွေပါ။ သူတို့မှာ ကိုယ့်အတွက်ကိုယ် အချိန်ပေးဖို့ အမြဲတမ်းရှာတွေ့နေမှာ ဖြစ်ပေမယ့် သနားစရာအိမ်ထောင်သည်တွေကတော့ ဒီလို ဇိမ်ခံခြင်းမျိုး မရနိုင်တော့ပါဘူး။ တစ်ယောက်တည်း အချိန်ဖြုန်းခြင်းက ကိုယ့်ကိုယ်ကိုယ် ပိုနားလည်စေပါတယ်။
-----------------------
Credit: nanmalgyi