သမိုင်းတန်းဖိုး သိပ်ကိုကြီးမားတဲ့ ရွှေကျောင်း - Kharann Media

Breaking

သမိုင်းတန်းဖိုး သိပ်ကိုကြီးမားတဲ့ ရွှေကျောင်း



တည်နေရာက အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်မှာပါ။ ရွှေကျောင်းအရှေ့မှာ ဗုဒ္ဓတက္ကလိုလ်ကြီး တစ်ခုရှိတယ်။ သမိုင်းကြောင်းကို ပြန်လိုက်ရမယ်ဆိုရင် မြနန်းစံကျောင်ရွှေနန်းတော်ဝန်းထဲက မှန်နန်းဆောင်ရဲ့ မြောက်ဘက်အရပ်မှာ နန်းဆောင်တစ်ဆောင် ရှိခဲ့တယ်။ မင်းတုန်းမင်း စံမြန်းရာအဆောင်ဆိုလည်း မမှားဘူး။ ၁-၁၀-၁၈၇၈မှာ မင်းတုန်းမင်းကြီး နတ်ရွာစံတော့ နောက်တက်တဲ့မင်း ဖြစ်တဲ့ သီပေါမင်းက ဖခင်မင်းတုန်းမင်း နတ်ရွာစံခဲ့တဲ့ နန်းဆောင်ရယ်၊ စနုဆောင်ရယ်ကို ၁၃ရက်နေ့မှာ ဖြုတ်သိမ်းလိုက်တယ်။ ၃၁-၁၀-၁၈၈၃ခုရောက်မှ အခုရွှေကျောင်း ရှိနေတဲ့နေရာမှာ ဘုန်းကြီးကျောင်းအဖြစ် ပြောင်းလဲဆောက်လုပ် လှူဒါန်းခဲ့တယ်။ ၁၉ရာစု ကုန်းဘောင်ခေတ်က မြန်မာမှုဗိသုကာလက်ရာတွေကို အစွမ်းကုန် အသုံးပြုထားပြီး ထိုခေတ်က ငွေဒင်္ဂါး တစ်သိန်းနှစ်သောင်းကျပ် ကုန်ကျခဲ့တယ်။ နန်းတော်ကနေ လာတဲ့ကျောင်းမို့လို့ ရွှေနန်းတော်ကျောင်းလို့ နာမည်ပေးပေမယ့် ကျောင်းတော်အတွင်းအပြင်တစ်ခုလုံးကို ရွှေပိန်းချထားတဲ့အတွက် ရွှေကျောင်းလို့ လူသိများလာတယ်။

ရွှေကျောင်းတစ်ခုလုံး အတွင်းအပြင် နေရာလပ်မကျန် ဗိသုကာပညာရပ်ကို အခမ်းနားဆုံး အသုံးပြုထားတယ်။ ခြူပန်း၊ ခြူနွယ်၊ အပြောက်အမွမ်း၊ ရုပ်လုံးရုပ်ကြွ၊ နံရံကပ်ရုပ်ကြွ၊ ဇာတ်ကြီးဆယ်ဘွဲ့ထွင်းရုပ်ကြွတွေနဲ့ ကိန်းကြီးခမ်းကြီး နိုင်လှတယ်။ ကိုယ်အတွက် တအံ့တသြအဖြစ်ရဆုံးကတော့ ကျောင်းထဲက ကွန်းစင်တိုင်ခြေမှာ ထွင်းထားတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ရုပ်ကြွတွေပဲ။ တိုင်ခြေတစ်ခုစီမှာ ဇာတ်တစ်ခုစီ ထွင်းထားတာ။ ဘယ်လိုမြင်အောင်ပြောရမလဲဆိုရင် ဝေဿန္တရာဇာတ်တော် ရုပ်လုံးရုပ်ကြွမှာဆိုရင် -
* ပုဏ္ဏားတို့က ဝေဿန္တရာမင်းကြီးထံမှာ မင်္ဂလာဆင်ဖြူ အလှူခံဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ညာဘက်ကပုံ)
* ဝေဿန္တရာမင်းကြီးက ပုဏ္ဏားတွေကို မင်္ဂလာဆင်ဖြူတော် အလှူပေးလိုက်လို့ ပုဏ္ဏားတွေပျော်ပြီး ဆင်စီးသွားဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ညာဘက် ဒုတိယမြောက်ပုံ)
* မင်္ဂလာဆင်ဖြူလှူလိုက်လို့ တိုင်းသူပြည်သားတွေ မကျေမနပ်ဖြစ်တဲ့အတွက် မင်းကြီးက မိဖုရားနဲ့ သားသမီးကို မြင်းရထားပေါ်တင်ပြီး တောသို့ထွက်ဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ဘယ်ဘယ်ပုံ)
* တောထဲမှာ အစာရှာထွက်တဲ့ မိဖုရားကို နတ်သားသုံးပါးက ခြင်္သေ့၊ ကျား၊ ကျားသစ်အသွင် ဖန်တီးပြီး အိမ်အပြန်နောက်ကျအောင် ဟန့်တားဟန်၊ (ဒုတိယအတန်း ညာဘက်ကပုံ)
* သားနဲ့သမီးကို အခိုင်းအစေအဖြစ် အလှူလာခံတဲ့ ပုဏ္ဏားကို ကြေကွဲစွာ လှူဒါန်းလိုက်ဟန်၊ (ဒုတိယအတန်း ဘယ်ဘက်ကပုံ)
စတဲ့ ဘုရားလောင်းတို့ ကျင့်ကြံရတဲ့ စွန့်ခြင်းငါးပါးထဲက သား၊ သမီးရတနာကို စွန့်ခြင်း ပါရီမီဖြည့်ကျင့်ပုံကို ထွင်းထုထားတာကို တွေ့နိုင်ပါတယ်။

credit : ရိုးရာလေး