Visa, Master ကတ်တွေ မသုံးရတော့ဘူးလား - Kharann Media

Breaking

Visa, Master ကတ်တွေ မသုံးရတော့ဘူးလား



*** Visa, Master ကတ်တွေ မသုံးရတော့ဘူးလား
===============================
တစ်နေ့က ထုတ်ပြန်လိုက်တဲ့ ဗဟိုဘဏ်ရဲ့ စာကြောင့် Credit Card လို့ အလွယ်ခေါ်တဲ့ Visa, MasterCard, UnionPay နဲ့ JCB ငွေပေးချေကတ်တွေ မြန်မာပြည်တွင်းမှာ သုံးလို့ မရတော့ ဘူးလားလို့ အများပြည်သူကြားမှာ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
အရင်ဆုံး ငွေပေးချေကတ်တွေရဲ့ အမျိုးအစားတွေ အကြောင်းကို အရင်ပြောချင်ပါတယ်။ Credit Card လို့ လူသိများပေမယ့် တကယ်တော့ သုံးမျိုးရှိနေပါတယ်။ အဲဒါတွေကတော့
1. Prepaid Card
2. Debit Card
3. Credit Card တို့ပဲ ဖြစ်ပါတယ်။

Prepaid ကတ်ဆိုတာကတော့ သုံးစွဲလိုတဲ့ ပမာဏအတိုင်းကို ကတ်ထဲကို ကြိုတင်ဖြည့်သွင်းပြီးမှ သုံးစွဲလို့ ရတာဖြစ်ပါတယ်။  အဲဒီ ကြိုတင်ငွေရှိသလောက်ကို ကတ်ကိုထုတ်ခွင့်ပေးတဲ့ Visa, MasterCard, UnionPay နဲ့ JCB နဲ့ ချိတ်ဆက်လိုက်မယ်ဆိုရင် အဲဒီကတ်တွေကို လက်ခံတဲ့နေရာတွေမှာ သုံးစွဲလို့ ရမှာဖြစ်ပါတယ်။
----
Debit ကတ်ဆိုတာကတော့ အလွယ်ပြောရရင် ဘဏ်  ATM ကတ်ဖြစ်ပါတယ်။ ဘဏ်စာရင်းထဲမှာ ရှိသလောက်ကို ကတ်အဖြစ် Visa, MasterCard, UnionPay နဲ့ JCB နဲ့ ချိတ်ဆက်လိုက်မယ်ဆိုရင် အဲဒီကတ်တွေကို လက်ခံတဲ့နေရာတွေမှာ  သုံးစွဲလို့ ရမှာဖြစ်ပါတယ်။
---
Credit ကတ် ဆိုတာတော့ သိကြတဲ့ အတိုင်း အကြွေးဝယ်ကတ်ဖြစ်တာကြောင့် ကြိုတင်ငွေရှိစရာမလိုဘဲ တစ်လကို ဘယ်လောက်ကြိုသုံးခွင့်ရှိတယ်လို့ ဘဏ်က သုံးခွင့်ပေးတာဖြစ်ပါတယ်။ အဲဒီ  အကြွေးသုံးခွင့်ကို ကတ်အဖြစ် Visa, MasterCard, UnionPay, JCB တို့နဲ့ ချိတ်ဆက်လိုက်မယ်ဆိုရင် အဲဒီကတ်တွေကို လက်ခံတဲ့နေရာတွေမှာ  သုံးစွဲလို့ ရမှာဖြစ်ပါတယ်။
---
အခုတားမြစ်လိုက်တဲ့ အမျိုးအစားက ပြည်တွင်းဘဏ်များက ထုတ်ဝေတဲ့ Prepaid Visa, MasterCard, UnionPay နဲ့ JCB ကတ်အမျိုးအစားကိုသာ ဖြစ်ပါတယ်။ တားမြစ်တာတွေကတော့ ပြည်တွင်းမှာ လက်ခံသုံးစွဲခြင်းမှတားမြစ်ခြင်း၊ Shopping Mall များ၊စားသောက်ဆိုင်များ၏ နာမည်များကို ကတ်ပေါ်တွင် ဖေါ်ပြခြင်းတို့ကို တားမြစ်ခြင်း ဖြစ်ပါတယ်။
---
မေးခွန်း။ ကျန်တဲ့ Visa, MasterCard, UnionPay နဲ့ JCB Debit Card တွေ၊ Credit Card တွေ သုံးလို့ သေးလား။
>>> အဖြေ။ သုံးလို့ရပါတယ် ဒါပေမယ့်လို့ ဖြေရမှာ ဖြစ်ပါတယ်။ ပြည်တွင်းဘဏ်တွေကို Visa, MasterCard, UnionPay နဲ့ JCB Debit Card ထုတ်ခြင်းကို ဗဟိုဘဏ်က ခွင့်မပြုထားတဲ့အတွက် Debit Card မရှိပဲ  Credit ကတ်များသာ ရှိပြီး  ပြည်တွင်းဘဏ်များက ထုတ်ဝေတဲ့ Visa, MasterCard, UnionPay နဲ့ JCB Credit ကတ်များကို ဆက်လက်သူံးစွဲလို့ ရပါတယ်။
--
မေးခွန်း။ အခုလို ထုတ်ပြန်လိုက်တဲ့ စာကြောင့် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်လဲ။
>>> အဖြေ။ Regulator  ဘက်က ဘယ်လို အကျိုးဆက်ကို လိုချင်လို့ ထုတ်တယ်ဆိုတာကိုတော့ ဗဟိုဘဏ်ကပဲ ပြောနိုင်ပါလိမ့်မယ်။ အခုလောလောဆယ်တော့
၁။ အများပြည်သူတွေကြားထဲမှာ  ကတ်သုံးစွဲမှု အတွက် စိုးရိမ်စိတ်များ ဖြစ်ပေါ်စေပါတယ်။
၂။ ကတ်လက်ခံသုံးစွဲသူဘက်မှာလဲ ပိုမို ရှုပ်ထွေးစေတဲ့ အတွက် ကတ်လက်ခံလိုစိတ်ကို လျော့ပါးစေပါတယ်။

သည်နောက်ကွယ်မှာ အကြောင်းတွေ အများကြီးရှိပါတယ်။ ဘာလို့ ပြည်တွင်းဘဏ်တွေကို Visa, MasterCard, UnionPay , JCB  Debit ကတ် ပေးမထုတ်ရသလဲဆိုတဲ့ အကြောင်းရင်းက Prepaid ကတ်များ ထုတ်ဝေခြင်းဆိုတဲ့ အကျိုးဆက်ကို ဖြစ်စေပြီး အခုလို ဂယက်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

အကြောင်းရင်းကတော့ အစိုးရ အဖွဲ့ အစည်းမဟုတ်ပဲ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေတဲ့ အဖွဲ့ အစည်းတစ်ခုရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့ လဲလှယ်နေခဲ့လို့ပါပဲ။