
လောကကြီးမှာ ကျင်လည်နေရသမျှ စိတ်ဓာတ်အမျိုးမျိုးနဲ့ လူအမျိုးမျိုးကို ကြုံတွေ့ကြရမှာပါ။ အဲ့ဒီအခါ စိတ်ဓာတ်ကောင်းတဲ့သူတွေနဲ့လည်း ကြုံတွေ့ရနိုင်သလို၊ စိတ်ဓာတ်မကောင်းတဲ့သူတွေနဲ့လည်း ကြုံတွေ့နိုင်ပါတယ်။ ဘာရန်ငြိုးရန်စမှမရှိဘဲ သက်သက်ကြီး နှိမ့်ချတိုက်ခိုက်တတ်တဲ့၊ လူတွေကြားထဲမှာ ကိုယ့်ကို အရှက်ခွဲတတ်တဲ့လူမျိုးတွေကိုလည်း တွေ့ရနိုင်ပါတယ်။ ဒီတော့ အဲ့ဒီလိုမျိုး ကိုယ့်ကို တမင်သက်သက် နှိမ့်ချအရှက်ခွဲတဲ့သူတွေနဲ့ တွေ့လာခဲ့ရင် အကောင်းဆုံးတုံ့ပြန်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ချက်ချင်းစိတ်လိုက်မာန်ပါမတုံ့ပြန်ပါနဲ့
ဘယ်သူမဆို တစ်ယောက်ယောက်က ကိုယ့်ကိုအရှက်ရအောင်ပြောတာ၊ နှိမ့်ချစော်ကားပြောဆိုတာမျိုးနဲ့ ကြုံရရင် ရုတ်တရက်ဒေါသထွက်သွားပြီး ဘာမှမစဉ်းစားနိုင်ဘဲ စိတ်လိုက်မာန်ပါ တုံ့ပြန်လိုက်မိတတ်ပါတယ်။ အဲ့ဒီလိုမဖြစ်ပါစေနဲ့။ ရုတ်တရက်တုံ့ပြန်လိုက်တာက ထိရောက်မှု မရှိနိုင်လို့ပါ။
(၂) လူကြီးဆန်စွာတုံ့ပြန်ပါ
သူက ကိုယ့်ကို တမင်သက်သက်နှိမ့်ချပြောဆိုပြီး အရှက်ခွဲပေမယ့်လည်း တကယ်တမ်းအရှက်ရသွားတာက သူပါ။ ဘာလို့လဲဆိုတော့ သူ့မှာ သူများအပေါ် အဲ့ဒီလိုပြောချင်တဲ့စိတ်မျိုးရှိနေတယ်ဆိုတာ လူတွေသိအောင် သူကိုယ်တိုင်ချပြလိုက်လို့ပါပဲ။ ဒါကြောင့် ကိုယ့်ဘက်က သူ့လို စိတ်ဓာတ်မျိုး မရှိကြောင်းပြပါ။ လူကြီးဆန်စွာတုံ့ပြန်ပါ။ ဥပမာ – နင်ကအရမ်းပိန်နေလို့ ရောဂါတစ်ခုခုဖြစ်နေတယ်လို့ထင်နေတာ ဆိုတာမျိုးပြောလာရင် ငါ့ကိုစိတ်ပူပေးလို့ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောလိုက်ပါ။
(၃) မသိချင်ယောင်ဆောင်လိုက်ပါ
ကိုယ့်ကို အရှက်ရအောင်ပြောတာ၊ တိုက်ခိုက်တာဟာ ကိုယ့်ကိုဒေါသထွက်အောင်၊ ကိုယ့်ရဲ့စိတ်အကြည်ဓာတ်လေးပျောက်သွားအောင် လုပ်တာပါ။ အဲ့ဒါကြောင့် သူတို့ဖြစ်စေချင်သလို မဖြစ်ပါစေနဲ့။ သူတို့ပြောတဲ့ စကားတွေက ကိုယ့်အပေါ်ဘယ်လိုသက်ရောက်မှုမျိုးမှ မဖြစ်စေဘူးဆိုတာ ပြပါ။ မသိလိုက်သလို၊ မကြားလိုက်သလို နေလိုက်ပါ။ ဒီလိုနေရတာ ခက်ခဲပေမယ့် သူတို့လိုလူမျိုးတွေကို တုံ့ပြန်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
(၄) သွယ်ဝိုက်တဲ့နည်းနဲ့တုံ့ပြန်ပါ
ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာကို မသိသလိုတော့ မနေနိုင်ဘူး၊ တုံ့ပြန်ရမှကို ကျေနပ်မယ်ဆိုရင်တော့ သွယ်ဝိုက်တဲ့ နည်းလေးတွေနဲ့ ပညာသားပါပါ တုံ့ပြန်နိုင်ပါတယ်။ သူတို့ပြောသလိုမျိုး သူတို့ကိုပြန်ပြောလိုက်မယ်လို့တော့မတွေးပါနဲ့။ အဲ့ဒါဆိုရင် ကိုယ့်အဆင့်ကလည်း သူတို့လိုပဲ နိမ့်ကျသွားပါလိမ့်မယ်။ ဆိုရှယ်မီဒီယာမှာ အဲ့ဒီလိုအကြောင်းအရာမျိုးနဲ့ ပတ်သက်တာတွေ share တာမျိုး၊ ပြောနေတဲ့စကားဝိုင်းထဲက ထွက်သွားတာမျိုး၊ ဒီလိုအကြောင်းအရာတွေကို မကြိုက်ကြောင်းပြတာမျိုးလေးတွေလောက်ပဲ လုပ်ပါ။
(၅) ကိုယ်တိုင်သူ့လိုလူမျိုးမဖြစ်ပါစေနဲ့
ကိုယ့်ကို အရှက်ခွဲတာ၊နှိမ်တာကို မကြိုက်ဘူး၊ ဒီခံစားချက်ကို မုန်းတယ်ဆိုရင် ကိုယ့်အလှည့်မှာ ဒီလိုလူမျိုးမဖြစ်အောင် တတ်နိုင်သလောက် ဆင်ခြင်ရမှာပါ။ ကိုယ်တိုင်ကတော့ သူများကို ဒီလိုပြောဆိုတတ်တဲ့သူမျိုးမဖြစ်စေရဘူးလို့ ဆုံးဖြတ်လိုက်ပါ။
(၆) ကိုယ့်ကိုယ်ကို သံသယဝင်စရာမလိုဘူး
လူတွေက သင့်ကို မလှဘူး၊ ရုပ်ဆိုးလိုက်တာလို့ပြောလို့၊ သင့်ရဲ့ အားနည်းချက်ကိုလှောင်ပြောင်လို့ အဲ့ဒီအတွက် စိတ်မလုံခြုံတဲ့ ခံစားချက်မျိုးဖြစ်စရာမလိုပါဘူး။ ကိုယ်တိုင်လည်း ကိုယ့်ရဲ့အားနည်းချက်ကိုပဲမြင်နေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းနေစရာမလိုပါဘူး။ သူတို့ပြောတဲ့အ ားနည်းချက်တွေနဲ့ပတ်သက်လို့ လစ်လျူရှုနိုင်အောင်ကြိုးစားပြီး ကိုယ့်မှာရှိတဲ့ အားသာချက်တွေကို ပိုပြီးဖော်ထုတ်နိုင်အောင်ကြိုးစားရမှာပါ။ ကိုယ့်ကို လှောင်ပြောင်နှိမ့်ချနေတာဟာ ကိုယ့်ရဲ့ အားသာချက်ကိုလိုက်မမီလို့ လို့ တွေးပြီး ပိုကြိုးစားတာက သူတို့ကို အနိုင်ယူလိုက်တာပါပဲ။
______________
MAY THAZINHTOO