
အသက်(၂၀)ကျော်လာပြီ ဆိုတာနဲ့ မျက်နှာပေါ်က နေရာတိုင်းမှာ အရေးအကြောင်းသေးသေးလေးတွေ စဖြစ်လာပါပြီ။ ပါးစပ်နားတ၀ိုက်မှာ၊ မျက်လုံးထောင့်တွေမှာနဲ့ နဖူးပြင်နေရာတွေမှာ စဖြစ်လာတဲ့ အရေးအကြောင်းတွေ ပိုမဆိုးလာအောင် skin care လုပ်ပြီးတားလို့ ရပါတယ်။ anti-aging skin care တွေက ဈေးလည်းကြီးသလို၊ chemical ပါဝင်မှုလည်း များနိုင်တာကြောင့် သဘာဝအတိုင်း အရေးအကြောင်းတွေ ပျောက်အောင်၊ နောက်ထပ် မဖြစ်အောင် တားဆီးပေးနိုင်မယ့် အရာကတော့ ဈေးလည်းမကြီး ရှာရလည်းလွယ်တဲ့ အုန်းဆီပဲဖြစ်ပါတယ်။ အုန်းဆီကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ဖတ်ကြည့်နော်။
(၁) အုန်းဆီ
မျက်နှာကို သန့်သွားအောင် ရေအေးနဲ့မျက်နှာသစ်ပြီး ခြောက်သွေ့အောင် သုတ်ပါ။ ပြီးရင် အုန်းဆီအနည်းငယ်ကို လက်ချောင်း ထိပ်လေးတွေမှာ ဆွတ်ပြီး မျက်နှာနဲ့ လည်ပင်းအနှံ့ လိမ်းပေးပြီး မိနစ်(၂၀)လောက် စက်ဝိုင်းပုံ နှိပ်နယ်ပေးပါ။ ပြီးရင် တစ်ညလုံးထားပြီး မနက်အိပ်ရာထမှ မျက်နှာပြန်သစ် ပေးရမှာပါ။ အုန်းဆီက အသားအရေကို ဒုက္ခပေးမယ့် free radical တွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် ညအိပ်ရာ မ၀င်ခင်တိုင်းမှာ လုပ်ပေးမယ်ဆိုရင် အရေးအကြောင်းကင်းတဲ့အသားအရေကို ပိုင်ဆိုင်ရမှာပါ။
(၂) အုန်းဆီနဲ့ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည် တစ်ဇွန်းကို ရေတစ်ဇွန်းနဲ့ရောပြီး cotton ball လေးနဲ့တို့ယူကာ မျက်နှာအနှံ့လိမ်းပေးပါ။ ခြောက်သွားပြီဆိုရင် လက်ချောင်းထိပ်လေးတွေနဲ့အုန်းဆီကိုယူပြီး မျက်နှာအနှံ့ကို မိနစ်အနည်းငယ်လောက်နှိပ်နယ်ပေးပါ။ တစ်ညလုံးထားပြီး မနက်ရောက်မှ ရေအေးနဲ့ မျက်နှာသစ်ပေးရမှာပါ။ ပန်းသီးရှာလကာရည်က အသားအရေအတွက် ရှိသင့်တဲ့ pH ပမာဏကို ညှိပေးနိုင်တာကြောင့် အသားအရောင်မညီမညာဖြစ်နေတာကိုပြင်ပေးနိုင်ပြီး အုန်းဆီက free radicals တွေကိုတိုက်ဖျက်ပေးနိုင်တာကြောင့် ဒီနည်းလမ်းကို ညတိုင်းလုပ်ပေးမယ်ဆိုရင် အရေးအကြောင်းကင်းပြီး အသားအရောင် ညီညာမှုကိုပါ ရနိုင်မှာပါ။
(၃) အုန်းဆီနဲ့ ကြက်ဆူဆီ
အုန်းဆီအနည်းငယ်နဲ့ ကြက်ဆူဆီအနည်းငယ်တို့ကို ရောပြီး မျက်နှာအနှံ့ လိမ်းပေးပါ။ မိနစ်(၂၀)လောက် နှိပ်နယ်ပြီး တစ်ညလုံးထားပြီးမှ မနက်ရောက်မှ မျက်နှာသစ်လိုက်ရုံပါပဲ။ ကြက်ဆူဆီက အစိုဓာတ်ကို ဖြည့်ပေးနိုင်ရုံမက ရောင်ရမ်းမှုတွေကိုပါ သက်သာစေနိုင်တာကြောင့် အသားအရေခြောက်သွေ့ အက်ကွဲခြင်း၊ ၀က်ခြံကြောင့်ဖြစ်တဲ့ အသားအရေပြဿနာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဒီနည်းကိုလည်း ညတိုင်းလုပ်ပေးလို့ ရပါတယ်။
(၄) ပျားရည် နဲ့အုန်းဆီ
အုန်းဆီတစ်ဇွန်းနဲ့ ပျားရည်ဇွန်းတစ်ဝက်ကို ရောပါ။ အရေးအကြောင်းဖြစ်နေတဲ့ နေရာတွေမှာ လိမ်းပြီး မိနစ်(၂၀)လောက်ကြာရင် ရေဆေးချလိုက်ပါ။ ပျားရည်မှာ anti-oxidants ပါဝင်မှု များတာကြောင့် အရေးအကြောင်းတွေကို အချိန်တိုအတွင်း သက်သာသွားစေပြီး နောက်ထပ်လွယ်လွယ် မဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။ နေ့တိုင်း တစ်နေ့ (၁)ကြိမ်လုပ်ပေးနိုင်ပါတယ်။
(၅) သံပရိုရည်နဲ့အုန်းဆီ
နွားနို့ တစ်ဇွန်းနဲ့ သံပရိုရည် အနည်းငယ်ကို ရောမွှေပါ။ အဲ့ဒီအထဲကို အုန်းဆီ တစ်ဇွန်းရောထည့်လိုက်ပါ။ ပြီးရင် မျက်နှာအနှံ့လိမ်းပေးပြီး (၃)မိနစ်လောက် နှိပ်နယ်ပေးပါ။ (၁၅) မိနစ်ကြာရင် မျက်နှာသစ်ပါ။ သံပရိုရည်က မျက်နှာပေါ်က အညစ်အကြေးတွေကို သန့်စင်ပေးပြီး ချွေးပေါက်တွေကို ကျဉ်းစေရုံမက ဗီတာမင် စီ ကြွယ်ဝလို့ အရေပြားရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို တိုးစေတာကြောင့် အရေးအကြောင်းတွေကို နည်းသွားအောင် ကူညီပေးနိုင်ပါတယ်။ အချဉ်ဖောက်ထားတဲ့ နို့က အသားအရေကို အစိုဓာတ်ဖြည့်ပေးပါတယ်။ နို့နဲ့ ဓာတ်မတည့်တဲ့သူတွေ ဒီနည်းကို မလုပ်သင့်ပါဘူး။
(၆) နနွင်းနဲ့အုန်းဆီ
အုန်းဆီတစ်ဇွန်းနဲ့ နနွင်းမှုန့် အနည်းငယ်ကို ရောပြီး အဲ့ဒီအနှစ်ကို မျက်နှာအနှံ့ လိမ်းပေးပါ။ မိနစ်(၂၀)လောက်ထားပြီး ရေအေးနဲ့ဆေးချပေးပါ။ နနွင်းမှာ antioxidants ကြွယ်ဝတာကြောင့် free radicals တွေကြောင့် အသားအရေ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ collagen ထုတ်လှုပ်မှုကို အားပေးပြီး အရေးအကြောင်း မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒီနည်းကိုလည်း ညတိုင်း လုပ်ပေးနိုင်ပါတယ်။
MAY THAZIN HTOO