မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိဂုတ်ထိပ်တံတားကြီးသို့ လာရောက်လည်ပတ်သူများဖြင့် စည်ကား - Kharann Media

Breaking

မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိဂုတ်ထိပ်တံတားကြီးသို့ လာရောက်လည်ပတ်သူများဖြင့် စည်ကား




မန္တလေး၊ မတ် ၆
မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိ နာမည်ကျော် ဂုတ်ထိပ် တံတားကြီးတွင် စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီးများတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

''တံတားကြီးသို့ ပြင်ဦးလွင်နှင့် မန္တလေးမြို့တို့မှ မီးရထားဖြင့်ဖြစ်စေ၊ ကားလမ်းမှဖြစ်စေ နေ့ချင်းပြန် လာရောက်လေ့လာလည်ပတ်နိုင်သာ နေရာတစ်ခု ဖြစ်ပါတယ်။ အခုအခါမှာတော့ ပြည်ပ ကမ္ဘာလှည့် ခရီးသွားများသာမက ပြည်တွင်းမှ စိတ်ဝင်တစား လာရောက်လေ့လာလည်ပတ်သူ များပြားလာ ပါတယ်။ နေ့စဉ်လာရောက်လည်ပတ်သူများရှိပေမယ့် စနေ၊ တနင်္ဂနွေနဲ့အခါကြီးရက်ကြီးများတွင်လာရောက် လည်ပတ်သူဦးရေ အယောက် ၂ဝဝ ကျော်ရှိပါတယ်။ လာရောက်လည်ပတ်သူများအတွက် တံတားကြီး နဲ့ တောတောင်ရှုခင်းအလှကို ကြည့်ရှုခံစားနိုင်ရန်နေရာများပြုလုပ်ပေးထားပါတယ်။ အပန်းဖြေအနားယူ စားသောက်ရန် ဆိုင်ခန်းများလည်း ဖွင့်လှစ်ထားရှိပါတယ်။

ယခင်ကတော့ တံတားပေါ်သို့ လာရောက်လည်ပတ်သူများကို တက်ရောက်လေ့လာ ကြည့်ရှုသွား လာနိုင်ရန် ခွင့်ပြုခဲ့ပါတယ်။ အခုတော့ လုံခြုံရေးအရ တံတားပေါ်သို့ ခြေကျင်လျှောက်ပြီး လေ့လာခွင့် မပြုတော့ပါဘူး။ တံတားပေါ်သို့ မီးရထားတစ်မျိုးသာ သွားလာနိုင်ပါတယ်'' ဟု ဒေသခံတစ်ဦးက ပြောပြ သည်။

အဆိုပါ ဂုတ်ထိပ်တံတားကြီးသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် နောင်ချိုဘူတာနှင့် ၇ မိုင်အကွာ မိုင်တိုင် ၄၆၃/ဝ၉ တွင် တည်ရှိပြီး နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့၏ နယ်နိမိတ် သတ်မှတ်ထားရာ နေရာလည်း ဖြစ်သည်။ ထိုဂုတ်ထိပ်အနီးတွင် သစ်ပင်ချုံနွယ်များ ထူထပ်များပြား စွာ ပေါက်ရောက်လျက်ရှိပြီး အလွန်မတ်စောက်သော လျှိုကြီးများလည်းရှိသည်။ ဂုတ်ထိပ်တံတားကြီးသည် အခြားတံတားများနည်းတူ မြစ်ချောင်းများကို ကျော်ဖြတ်ဖောက်လုပ်သော တံတားမဟုတ်ဘဲ အလွန် မတ်စောက်သော လျှိုကြီးနှစ်ခုကို ဆက်သွယ်ဖောက်လုပ်ထားသော တံတားတစ်ခုဖြစ်သည်။

ဂုတ်ထိပ်တံတားကြီးကို လန်ဒန်ရှိ ဆာအေအမ်ရင်း ဒဲလ်အင်ကုမ္ပဏီမှ ပုံစံရေးဆွဲ၍ အမေရိကန် ပြည်ထောင်စု ပင်ဆီဗေးလ်နီးယားနှင့် မာရီလင်းတံတားတည်ဆောက်ရေးကုမ္ပဏီက ၁၉ဝ၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အရှည်ပေ ၂၂၆ဝ ရှည်လျားကာ ပေ ၁၁ဝဝ မြင့်သောကြောင့် ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးတံတားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

အောင်ဖြိုးကျော် | The Mirror Daily