
ကော့သောင်း မတ် ၆
ပင်လယ်ဝန်းရံလျက်ရှိသည့် ကော့သောင်းမြို့ တွင် မတ်လဆန်းပိုင်းမှစ၍ (Jerryfish) ခေါ် ပင်လယ်ရေခူ များ မြို့နှင့်မနီးမဝေး ပါချန်မြစ်ဝ အက်ဒမန်ပင်လယ်ရေပြင်တစ်ဝိုက် လှိုင်လှိုင်ပေါ်နေကြပြီဖြစ်ရာ မြို့ခံရေလုပ်သားများ ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
ပင်လယ်ရေခူ (Jerryfish) များသည် မြန်မာ့ပင်လယ်ပြင်တွင် ပင်လယ်ရေစီးကြောင်းပြောင်းလဲ လာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်ထက်သို့ တက်လာကြခြင်းဖြစ်ပြီး ပုံမှန်မဟုတ်ဘဲ တစ်နှစ်အတွင်း တစ်ကြိမ်မက ပေါ်လာလေ့ရှိကြောင်း၊ နေသာသည့်နေ့များမှလွဲလျှင် မိုးအုံ့သည့်နေ့များတွင် ပင်လယ်ရေခူ များပေါ်လာလေ့မရှိကြောင်း၊ ပင်လယ်ပြင်အတွင်း သဘာဝအလျောက်ပေါ်ပေါက်လာသည့် ပင်လယ်ရေခူ (Jerryfish) များအား လှေငယ်လေးများဖြင့် လိုက်လံခပ်ယူ စုဆောင်း၍ ဒေသခံရေထွက် ပစ္စည်း ဝယ်ယူစုဆောင်းခွင့်လုပ်ငန်းလိုင်စင်ရယူထားသည့် အသေးစားရေလုပ်ငန်းရှင် အဝယ်ဒိုင်များသို့ လာရောက်ရောင်းချခြင်းဖြစ်ပြီး ပြုပြင်ပြီးသား ပင်လယ်ရေခူ (Jerryfish) ကုန်ချောများအား အိမ်နီးချင်းထိုင်းနိုင်ငံ ဈေးကွက်မှတစ်ဆင့် အမေရိက နှင့် ဥရောပနိုင်ငံဈေးကွက်များအထိ ရောင်းဝယ် ကြကြောင်း သိရသည်။
ရေခူ (Jerryfish) အစိုတစ်လုံးလျှင် ထိုင်းဘတ်ငွေ လေးဘတ်မှငါးဘတ် မြန်မာကျပ်ငွေ ၂ဝဝဝ ကျပ်အထိ ရောင်းချရရှိကြပြီး ရေခူခပ်လှေငယ်တစ်စင်းလျှင် လုပ်သားသုံးဦး လုပ်အားဖြင့် တစ်နေ့ လျှင် ရေခူအလုံးရေ ၆ဝဝ မှ ၈ဝဝ အထိ ခပ်ယူရရှိရာ လုပ်သားတစ်ဦးတစ်နေ့ဝင်ငွေ ကျပ် ၁ဝဝဝဝဝ ကျော်အထိ ရကြသဖြင့် မြို့ခံရေလုပ်သားမိသားစုများ ဝင်ငွေတိုး၍ မိသားစုစားဝတ်နေရေး အထိုက်အလျောက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း-IPRD) | the mirror