Online မှာ​ကြော်​ငြာများပြီး လူသုံးများလာတဲ့ Clobetamil G (သူတို့ အ​ခေါ် 'အသားဖြူ ဝက်​ခြံ​ပျောက်​​ဆေး') ရဲ့ အန္တရာယ်​ - Kharann Media

Breaking

Online မှာ​ကြော်​ငြာများပြီး လူသုံးများလာတဲ့ Clobetamil G (သူတို့ အ​ခေါ် 'အသားဖြူ ဝက်​ခြံ​ပျောက်​​ဆေး') ရဲ့ အန္တရာယ်



ဒီနေ့ facebook သုံးရင်း cosmetic page တစ်ခုက clobetasol နဲ့ Gentamycin တွဲထားတဲ့cream တစ်မျိုးကို ဝက်ခြံ ဆားဝက်ခြံ တင်းတိပ် အဆီပြန် အမဲစက်ပျောက်တဲ့ skin care ဆိုပြီး ရောင်းနေတာတွေ့လို့ အံ့အားသင့်သွားတယ်။ ဆေးအဖြစ်နဲ့ရောင်းတယ်ဆိုရင်တောင် ဒီဆေးမျိုးက prescription drug(ဆရာဝန် ညွှန်ကြားချက်ပါမှ ရောင်းရတဲ့ဆေး) မျိုးပါ။ comment တွေ ဝင်ဖတ်ကြည့်လိုက်တော့ ကောင်းတယ် တစ်ကယ်ပျောက်တယ် အဲ့ဒါပဲ စွဲသုံးနေတယ် ဆိုတဲ့ feedback တွေ တော်တော်များများ တွေ့ရတော့ တော်တော်လည်း လန့်သွားတယ်။

 

Clobetasol ဆိုတာ topical steroid ( စတီးရွိက် လိမ်းဆေး) အမျိုးအစားတွေထဲက တစ်ခုပါ။ steroid လိမ်းဆေးတွေကို အားအပြင်းဆုံးကနေ အပျော့ဆုံးအထိ အုပ်စု ၇ ခု ခွဲကြည့်ရင် clobetasol ဟာ အားအပြင်းဆုံး နံပါတ် ၁ အုပ်စု(superpotent class) ထဲမှာပါပါတယ်။ ဆိုလိုတာက တော်တော်ပြင်းတဲ့ steroid လိမ်းဆေးပါ။

ကျန်းမာရေးဗဟုသုတ နည်းလို့ ပဲဖြစ်ဖြစ် ကြော်ငြာ အဆွယ်ကောင်းလို့ပဲ ဖြစ်ဖြစ် ဝယ်သုံးမိကြတဲ့သူတွေအနေနဲ့ စသုံးခါစမှာ steroid ဆေးတွေရဲ့ အစွမ်းအတိုင်း မျက်နှာဖြူလာမယ် တင်းတိပ်​တွေ ဝက်​ခြံ​တွေ အဆီပြန်တာတွေ အမဲစက်တွေ စတဲ့ အရေပြား လက္ခဏာတော်တော်များများ သက်သာသွားမယ်ဆိုတာတော့ ကျိန်း​​သေပဲ။ ဒါပေမယ့် အရေပြားဆရာဝန် ညွှန်ကြားချက်အတိုင်းမဟုတ်ဘဲ cosmetic တစ်ခုလို စွဲသုံးမယ်ဆိုရင်တော့ သုံးတဲ့ steroid အမျိုးအစားပြင်းရင် ပြင်းသလောက် ဘေးထွက်ဆိုးကျိုးတွေ ခံရမှာလဲ ကျိန်း​သေ ပါပဲ။

 

Steroid လိမ်းဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

၁။ အရေပြားပါးလာမယ်။ အရေပြား အောက်အလွှာမှာ ရှိတဲ့ collagen 1 & 3 တွေ လျော့နည်းသွားတယ်။ အရေပြားထဲမှာရှိတဲ့ အရေပြားတင်းရင်းအောင်ထောက်ပံ့ပေးတဲ့ hyaluronic acid တွေလည်း လျော့နည်းသွားတယ်။

၂။အရေပြားရောင်ခြယ် cells တွေ နည်းသွားမယ်။ ရလဒ်ကတော့ မျက်နှာဖြူလာတယ်။ အဲဒါကြောင့် ရက်ပိုင်းအတွင်း မျက်နှာ သိသိသာသာ ဖြူဝင်းလာစေတယ်ဆိုတဲ့ cosmetics တော်တော်များများမှာ steroid တစ်မျိုးမျိုးပါလေ့ရှိတယ်။

၃။ အရေပြားမှာရှိတဲ့ သွေးကြောနံရံတွေကနေ nitric oxide တွေထွက်လာလို့ အရေပြားမှာ ရှိတဲ့ ဆံချည်မျှင် သွေးကြောလေးတွေ ကျယ်လာတယ်။

၎။ Steroid rosacea လို့ ခေါ်တဲ့ မျက်နှာအလယ်မှာ အပြွတ်လိုက်ထွက်တဲ့ ဝက်ခြံမျိုး ဖြစ်လာတတ်တယ်။

၅။ အရေပြားမှာရှိတဲ့ protein တွေပြိုကွဲကုန်တာမို့ အနာရွတ်ပုံစံ ချိုင့်ခွက်တွေ ဖြစ်လာတတ်တယ်။

၆။ Steroid ပါတဲ့ Cream ကို ကြာကြာစွဲလိမ်းရင် Perioral dermatitis လို့ ခေါ်တဲ့ ပါးစပ်တစ်ဝိုက် အရေပြားတွေ ယောင်လာတတ်တယ်။

၇။ နဂိုက အမွှေးမရှိတဲ့ မျက်နှာ အစိတ်အပိုင်းတွေမှာ အမွှေးတွေပေါက်လာမယ်။

၈။ မျက်နှာ အသားအရေက နေလောင်ထားသလို နီစပ်စပ်ဖြစ်လာမယ်။

၉။ အကြာကြီးသုံးနေပြီး ရုတ်တရက် ရပ်လိုက်ရင် ရပ်ပြီး ၅ ရက်ကနေ တစ်ပတ်အတွင်း eyelid dermatitis ဆိုတဲ့ မျက်ခွံ အရေပြားတွေ ယောင်ရမ်းလာတတ်တယ်။ ပိုဆိုးတဲ့ အချက်က အဲ့လိုရုတ်တရက် ရပ်လိုက်ရင် rebound effect ရပြီး နဂိုက ဆေးကြောင့် ဝပ်နေတဲ့ တစ်ခြားလက္ခဏာတွေဟာလည်း အရင်ကထက် ပိုဆိုးပြီး များလာတာပဲ။

အဲ့ဒါကြောင့် steroid ဆေးတွေကို တစ်ကယ်လိုအပ်မှသာ အရေပြားဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာ သုံးစွဲသင့်ပါတယ်။ ဆရာဝန် ညွှန်ကြားထားတဲ့ ရက်ထက်ကျော်ပြီး ကိုယ်ဘာသာ ဆက် မသုံးစွဲသင့်ပါဘူး။ တစ်ကယ်လို့ ၂ ပတ်ထက်ပိုပြီး ကြာကြာသုံးနေမိပြီဆိုရင်လည်း ချက်ချင်းမရပ်လိုက်ပဲ hydrocortisone လို steroid အပျော့စားပါတဲ့ cream တစ်မျိုးမျိုးနဲ့ အစားထိုးပြောင်းလိမ်းပြီးမှ ဖြတ်သင့်ပါတယ်။ နောက်ပြီး လူ့ခန္ဓာကိုယ်မှာ မျက်နှာဟာ အနူးညံ့ဆုံးနဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် ရက်ပိုင်းအတွင်း အသားအရေ သိသိသာသာဖြူဝင်းလာစေတယ်ဆိုတဲ့ cosmetic မျိုးကို ကြော်ငြာကောင်းတိုင်း မမေးစမ်းဘဲ မလေ့လာဘဲ ရမ်းမလိမ်းကြည့်သင့်ပါဘူး။ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတော့မှ အသားအရေပျက်ဆီးသွားမှ ပြန်ကုရရင် ငွေကုန်တာထက် အချိန်အတော်ကြာတဲ့အထိ လူတောမတိုးဝံ့ဘဲ ဖြစ်နေရမှာက ပိုဆိုးပါတယ်။

ဒါကတော့ steroid လိမ်းဆေးတွေအကြောင်း ကျွန်တော် ဖတ်မှတ်လေ့လာမိသမျှ တစ်ဆင့်ပြန်မျှဝေလိုက်တာ ဖြစ်ပါတယ်။ ဒီစာကို ဖတ်မိပြီး စိတ်ထဲမှာ "steroid ပါတဲ့ လိမ်းဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသုံးသင့်ဘူး" ဆိုတဲ့ အသိလေးတစ်ခုဝင်သွားရင် ဒီစာရေးရကျိုးနပ်ပြီလို့ ခံယူရင်း နိဂုံးချုပ်ပါတယ်ဗျာ။

Credit: Mortalez Sapieno(16.12.2016)
အများသူငါ သတိထားနိုင်​​အောင်​မျှ​ဝေ​ပေးကြပါ