
အလင်းနှစ် (၄၀) အဝေးတွင် ကြယ်တစ်လုံးတည်းကိုလှည့်ပတ်နေသည့် ကမ္ဘာနှင့်အရွယ်အစားမတိမ်း မယိမ်းဖြစ်သည့် ဂြိုလ် (၇)လုံးအားတွေ့  ရှိခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ရှိ နာဆာ ဌာန ချုပ်က ထုတ်ပြန်ကြေညာသည်။
ဖော်ပြပါဂြိုလ် (၇)လုံးမှာ ၄င်းတို့ လှည့်ပတ်နေသည့် နေ နှင့် သင့်တင့်မျှတသည့်အကွာအဝေးတွင် ရှိ ကြောင်း၊ ထို့ ကြောင့် သက်ရှိသတ္တ၀ါများရှင်သန်နေထိုင်နိုင်သည့်အနေအထားဖြစ်ကြောင်း၊ ၄င်းဂြိုလ်များ တွင် ရေနှင့်အတူ သက်ရှိဘ၀ဖြစ်ပေါ်နိုင်ရန်လိုအပ်သည်များလည်း ရှိနေနိုင်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။
နေအဖွဲ့ အစည်းပြင်ပမှာ အခုလို နေတစ်လုံးတည်းကိုလှည့်ပတ်နေတဲ့ ဂြိုလ်တွေအများကြီးကို တစ်စု တစ်ဝေးထဲ တွေ့ ရတာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
နေအဖွဲ့  အစည်းပြင်ပမှာလည်း ဖြစ်မယ်၊ နေတစ်လုံးတည်းကို လှည့်ပတ်နေတာလည်းဖြစ်မယ်၊ နေနဲ့  အကွာအဝေး ကလည်း သက်ရှိဘ၀ရှင်သန်နိုင်တဲ့ အကွာအဝေးဖြစ်မယ်၊ ဒါ့အပြင် အရွယ်အစား အားဖြင့်လည်း ကမ္ဘာနဲ့ မတိမ်းမယိမ်းဖြစ်မယ်၊ အစရှိတဲ့ အချက်အလက်တွေနဲ့  ကိုက်ညီတဲ့ နောက် ထပ်နေအဖွဲ့ အစည်းတစ်ခုကို တွေ့  ရှိလိုက်တာဟာ ထူးခြားမှု တစ်ရပ်ဖြစ်ပါတယ်ဟု ဘယ်လ်ဂျီယံနိုင်ငံ၊ Liege University မှ နက္ခတ်ပညာရှင် Michael Gillon က ပြောပြသည်။
ဖော်ပြပါဂြိုလ် (၇)လုံးသည် တစ်လုံးနှင့်တစ်လုံး နီးကပ်ကျစ်လျစ်စွာတည်ရှိနေကြောင်း၊ ၄င်းတို့  လှည့်ပတ် နေသည့်နေကို Trappist-1 ဟု အမည်ပေးထားကြောင်း၊ ကမ္ဘာနှင့် အရွယ်ချင်းနီးစပ် တူညီနေသည့် အတွက် ကျောက်သားတို ဖြင့်ဖြစ်တည်နေသောဂြိုလ်များဖြစ်နိုင်ကြောင်း၊ ၄င်းဂြိုလ်(၇)လုံး အနက် (၃)လုံးမှာ သက် ရှိဘ၀ရှင်သန်နိုင်သည့်အကွာအဝေးတွင် ရှိနေကြောင်း၊ ၄င်းတို့ ကို Trappist 1e, f, g ဟု အမည်ပေးထား ကြောင်း၊ ၄င်းတို့ အနက် Trappist-1f သည် သက်ရှိဘ၀ရှင်သန်နေထိုင်နိုင်ရန် အသင့်လျော်ဆုံးဂြိုလ် ဖြစ်သည်ကိုတွေ့ ရှိရကြောင်း သိရသည်။
Trappist-1f ပေါ်တွင် အပူချိန်သည် ကမ္ဘာထက်အနည်းငယ်ပိုအေးနိုင်ကြောင်း၊ သို့ သော် လေထုပတ်ဝန်း ကျင်တည်ရှိနိုင်သည့်အတွက် သက်ရှိဘ၀ရှင်သန်နိုင်အောင်အပူပေးမည့် ဖန်လုံအိမ်ဓါတ်ငွေ့ ဖြစ်ပေါ်နိုင် သည့် လက္ခဏာများကိုတွေ့ ရကြောင်း သိရသည်။
ရတနာပုံ သတင်းစာ | 24 February 2017