
နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၃
ပြည်ပခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ရတာဟာ တခြားအာရှနိုင်ငံတွေ ထက် ကုန်ကျစရိတ်ပိုများတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံမှူး Mr. YangShouzheng က မြန်မာနိုင်ငံကို လည်ပတ်ရတာဟာ ကျွန် တော်တို့ နိုင်ငံရဲ့ခရီးသွားတွေပြောပြချက် အရ တခြားနိုင်ငံတွေထက် ကုန်ကျစရိတ်များတယ်၊ မြန်မာနိုင်ငံကိုခရီးသွားရမယ့် စရိတ်ဟာ တခြား စင်ကာပူ၊ ထိုင်း၊ မလေးရှား သုံးနိုင်ငံလောက်သွားလို့ရတဲ့ စရိတ်နဲ့ညီမျှတယ်လို့ ခရီးသွားတဲ့ သူတွေပြောပြချက်အရသိရပါတယ်လို့ ပထမအကြိမ် တရုတ်-မြန်မာခရီးသွားလုပ်ငန်း ပူးပေါင်းဆောင် ရွက်ရေး ဖိုရမ်အကြို သတင်း စာရှင်းလင်းပွဲမှာပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြည်ပခရီးသွားတွေလည်ပတ်တဲ့အခါမှာဂိုက်တွေကလည်း အကန့်အသတ် ရှိနေပြီး လည်ပတ်လို့ရတဲ့ နေရာတွေဟာလည်း အကန့်အသတ်တွေများနေတယ်လို့သိရပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်းမှာ အဓိကကျတဲ့ ဟိုတယ်တွေရဲ့ ဝန်ဆောင်မှုအပိုင်းဟာလည်း တခြား နိုင်ငံတွေနဲ့ယှဉ်ရင်အားနည်းချက်တွေ ရှိနေသေးတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ကတော့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံလည်းဖြစ်သလို ယဉ်ကျေးမှုပိုင်းလည်းနီးစပ်တဲ့အတွက် ပထမ အကြိမ် နှစ်နိုင်ငံခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ပွဲပြီးရင်တော့ တရုတ်နိုင်ငံကခရီးသွားတွေ ပိုမိုဝင်ရောက်လာနိုင်တယ်လို့ သိရပါတယ်။
ဘယ်လိုပဲဖြစ်ပါစေ မြန်မာနိုင်ငံခရီးသွားအနာဂတ်ဟာ အလားအလာကောင်းတယ်လို့ထင်ပါတယ်၊ ကျွန်တော်တို့ နိုင်ငံနဲ့ဆို မြန်မာနိုင်ငံဟာသွေးချင်းလည်းနီးပါတယ်၊ ဒီဖိုရမ်ကနေပြီး ကောင်းမွန်တဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်လို့ Mr.Yang Shouzheng ကပြောပါတယ်။
လက်ရှိမှာတော့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံကိုလာရောက်လည်ပတ် တဲ့အခါမှာ တခြားနိုင်ငံတွေထက်ကုန်ကျစရိတ်များပြားနေမှုကို ဖြေရှင်းနိုင်ဖို့ ခရီးသွားကဏ္ဍနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ နဲ့စရိတ်စကတွေလျှော့ချနိုင်ဖို့ ညှိနှိုင်းနေပါတယ်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က အခုတော့ရိုးရာ ပစ္စည်းတွေရောင်းချတဲ့ အသင်းတွေနဲ့ရော၊ တခြားသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ရော၊ ဒါ့အပြင်ဟို တယ်ခဈေးကြီးတာတွေပါ လျှော့ချနိုင်အောင်ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ပါညှိနှိုင်းနေပါတယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ ခရီးသွားတွေရဲ့ကုန်ကျစရိတ်ဟာတခြား အာဆီယံနိုင်ငံတွေမှာလည်ပတ်တဲ့ ကုန်ကျစရိတ်နဲ့နှိုင်းယှဉ်လိုက်ရင် ဈေးများနေသေးတယ်လို့ သိရပါတယ်။
Author – မာရီခိုင်