မိုးရာသီနဲ့ သွေးလွန်တုပ်ကွေး အန္တရာယ် - Kharann Media

Breaking

မိုးရာသီနဲ့ သွေးလွန်တုပ်ကွေး အန္တရာယ်

မိုးရာသီရောက်လာပြီမို့  သွေးလွန်တုပ်ကွေး သတိပေးချက်တွေ ထွက်ပေါ်လာတယ်။  ကလေးမိဘတွေ လည်း သွေးလွန်တုပ်ကွေးကို သတိထားလာတာ တွေ့ရပါတယ်။ ကလေးနေမကောင်းရင် သွေးလွန် တုပ်ကွေး ဖြစ်မှာ စိုးရိမ်သူတွေလည်း မနည်းလှဘူး။ ဘာပဲပြောပြော ဒီလိုသတိထားလာတာ ကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လူနာတွေကလည်း ကျန်းမာရေးသတိရှိလာကြသလို ကလေးတွေကို ဂရုတစိုက် ကုလာကြတယ်။ ဒီဘက်ပိုင်းနှစ်တွေမှာ သွေးလွန်တုပ်ကွေးက ပိုမိုနာမည်ကြီးလာတယ်။ လူနာတွေ ကြားထဲမှာ သာမက ဆရာဝန်အသိုင်းအဝိုင်းထဲမှာကို နာမည်ဆိုးနဲ့ ကျော်ကြားလာတယ်။ သွေးလွန် တုပ်ကွေးပိုးဟာ ခြင်ကတဆင့် ကူးစက်နိုင်တာကြောင့် ခြင် နှိမ်နှင်းရေး၊ကာကွယ်ရေးတွေကို အလေးထားပြောလာကြတယ်။

သွေးလွန်တုပ်ကွေး ဘာကြောင့် ဖြစ်လဲ..
သွေးလွန်တုပ်ကွေးဟာ ဒန်ဂီး ဗိုင်းရပ်စ် (dengue virus) တစ်မျိုးကြောင့် ဖြစ်စေပါတယ်။ flavivirusမျိုးနွယ်စုမှာ ပါဝင်ပြီး RNA ဗိုင်းရပ်စ်တစ်မျိုးဖြစ်တယ်။ သွေးထွက်လွန်စေ၊သွေးယိုစေနိုင်တဲ့အပြင် တုပ်ကွေးလက္ခဏာတွေရှိလို့ သွေးလွန်တုပ်ကွေးလို့ ခေါ်ကြတယ်။  arthropod ပိုးမွှားအကောင်တွေက ကူးစက်တတ်လို့ arbovirusလို့လည်း ခေါ်နိုင်သေးတယ်။  ဖြစ်စေတဲ့ မျိုးရိုးဗီဇလိုက်ပြီး  DENV 1,DENV 2,DENV 3နဲ့ DENV 4 ဆိုပြီး လေးမျိုးခွဲထားတယ်။ ရောဂါအမျိုးအစား တစ်မျိုးဝင်ပြီးရင် အဲဒီအမျိုးအစားကို ဘဝတစ်လျှောက်လုံး ထပ်မဝင်အောင် ကာကွယ်ပေးနိုင်တယ်။ ဒါ့ကြောင့် လူတစ်ယောက်ဟာ သူ့တစ်သက်မှာ သွေးလွန်တုပ်ကွေး လေးကြိမ်ထက်ပိုမဖြစ်ဘူးလို့ ပြောစမှတ် ပြုကြတယ်။ သွေးလွန်တုပ်ကွေး ကူးစက်ခါစမှာ တခြားအမျိုးအစား သုံးမျိုးကိုလည်း ရေတို ကာကွယ်ပေးနိုင်တယ်။ ပြဿနာတစ်ခုက နောက်တစ်ကြိမ်မှာ အခြားသွေးလွန်တုပ်ကွေး အမျိုးအစား တစ်ခုဝင်လာခြင်းဟာ ပိုပြင်းထန်တဲ့ သွေးလွန်တုပ်ကွေး ဖြစ်ဖို့ အခွင့်အလန်းပိုများလာစေတယ်။

သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်တဲ့ Aedes ခြင်
သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကို ခြင်ကတဆင့် သယ်ဆောင်ပေးပြီး လူတွေကို ကူးစက်စေတယ်။ သယ်ဆောင်ပေးတဲ့ခြင်ကို အေးဒီးစ်ခြင်(aedes mosquito)လို့ ခေါ်ပါတယ်။ အဖြစ်များဆုံးက Aedes aegypti ခြင်ကြောင့် ဖြစ်ပါတယ်။အစောပိုင်းကာလတွေက Culex aegypti လို့ခေါ်ခဲ့ကြသေးတယ်။ ၁၉၂၀နောက်ပိုင်းမှ Aedes aegyptiလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတယ်။သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကို တခြား အေးဒီးစ်ခြင်အမျိုးအစားတွေကလည်း သယ်ဆောင်နိုင်သေးတယ်။

အေးဒီးစ်ခြင်ဆိုတာ
အေးဒီးစ်ခြင်တွေဟာ အဖြူအမည်း အစင်းကြားရှိတယ်။ အများစုဟာ အာဖရိကတိုက်က ပြန့်နှံ့လာတာ ဖြစ်ပါတယ်။ ခြင်တွေဟာ အမြင့်ပေ ၃၃၀၀အောက်မှာ သာ နေထိုင်ကြလို့ တောင်ပေါ်ဒေသတွေမှာ အဖြစ်နည်းတယ်။ သွေးလွန်တုပ်ကွေးပိုး (dengue virus) သယ်ဆောင်တဲ့ခြင်က ခြင်မ ဖြစ်ပါတယ်။ ခြင်မ ဖြစ်လို့ အသန့်အပြန့် အလွန်ကြိုက်တယ်။ ပေါက်ဖွားရင်လည်း သန့်တဲ့၊ ပြန့်တဲ့ နေရာတွေမှာ အဓိက ပေါက်ဖွားတယ်။ ပန်းအိုး၊ဘုရားအိုး၊ ဗူးခွံ၊ ပုံးခွံ၊ တာယာအဟောင်းအပျက်တွေထဲမှာ ရှိတဲ့ ရေမှာ ပေါက်ဖွားတယ်။ ရေဆိုးရေမြောင်းတွေမှာ ပေါက်ဖွားတာ ရှားတယ်။ နေ့ခင်းပိုင်းမှာ အစာရှာ ထွက်တယ်။ အထူးသဖြင့် မနက်ပိုင်း ဝေလီဝေလင်းနဲ့ ညနေစောင်းပိုင်းတွေမှာ ခြင်ကိုက် မခံရအောင် သတိထားနေထိုင်ဖို့လိုတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ ခြင်ဟာ ကူးစက်ခံရပြီးနောက် ၄ရက်မှ ၁၀ရက်အတွင်း တခြားလူတွေကို ကူးစက်နိုင်တယ်။တခါကူးစက်ခံရရင် ခြင်သက်တမ်း မကုန်မချင်း တခြားလူတွေကို ထပ်မံကူးစက်နိုင်တယ်။ ခြင်တစ်ကောင်ရဲ့ ပျမ်းမျှသက်တမ်းဟာ ၁လ လောက် ရှိပါတယ်။

သွေးလွန်တုပ်ကွေးဆိုတာ
သွေးလွန်တုပ်ကွေးကို dengue hemorrhagic feverလို့ ခေါ်ပါတယ်။၂၀၀၉ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  uncomplicated dengue infectionသာမန် သွေးလွန်တုပ်ကွေး နဲ့ severe dengue hemorrhagic fever ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေး ဆိုပြီး ခွဲခြားထားတယ်။severe dengue haemorrhagic fever ကို ၁၉၅၀လောက်ကစပြီး ထိုင်းနဲ့ ဖိလစ်ပိုင်မှာ သတိထားမိလာကြတယ်။ ၁၉၇၀ မတိုင်ခင်က (၉)နိုင်ငံ လောက်သာ ပြင်းထန်တဲ့သွေးလွန်တုပ်ကွေးတွေ ဖြစ်ခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာ နိုင်ငံပေါင်း (၁၁၀)ကျော်လောက်မှာ ဖြစ်လာကြတာ တွေ့ရပါတယ်။ အဖြစ်များတဲ့ အာရှ၊ အာဖရိက နိုင်ငံတွေသာမက ဖွံ့ဖြိုးတဲ့ အနောက်နိုင်ငံတွေမှာပါ သွေးလွန်တုပ်ကွေးကို သတိထားလာကြတယ်။ မြို့ပြယဉ်ကျေးမှုတွေ၊ ဂလိုဘယ်လိုက်ဇေးရှင်းတွေရဲ့ ဆိုးကျိုးလည်း ပါလိမ့် မယ်။ လေ့လာတွက်ချက်မှုတွေအရ ၁၉၆၀ နဲ့ ၂၀၁၀ နှစ်ပေါင်းငါးဆယ်အတွင်း သွေးလွန် တုပ်ကွေးဖြစ်နှုန်းဟာ အဆ ၃၀ ကျော်လောက်ထိ တက်လာတာ တွေ့ရပါတယ်။ နှစ်စဉ် ကမ္ဘာ့လူဦးရေ သန်း ၁၀၀ ကျော်လောက်ဟာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတယ်။ အဲဒီထဲက လူပေါင်း ၅သိန်းလောက်ဟာ severe dengue hemorrhagic fever ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေး ဖြစ်လို့ ဆေးရုံတက်ကုသဖို့ လိုအပ်ကြတယ်။

သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာရပ်တွေ
သွေးလွန်တုပ်ကွေး လက္ခဏာတွေက ခြင်ကိုက်ခံရပြီး ၁ပတ်လောက်ဆို စပြတယ်။ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ဝင်တိုင်း ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေးအဆင့်ထိ မဖြစ်ကြဘူး။ အများစုဟာ သာမန်တုပ်ကွေးအဖျားလောက်သာ ခံစားရတယ်။ ရုတ်တရက် အဖျားကြီးလာမယ်။ ၁၀၃-၁၀၄ ဒီဂရီဖာရင် ဟိုက်လောက် ရှိတယ်။ ခေါင်းကိုက်တာ၊ မျက်လုံး အောင့်တာ၊နာတာမျိုးဖြစ်တတ်တယ်။ တုပ်ကွေးသဘောဖြစ်လို့ ခြေဆစ်လက်ဆစ် ကိုက်လာတယ်။ နေလို့၊ ထိုင်လို့မကောင်းဘူး။ ပျို့ချင် အန်ချင် ရှိမယ်။ အသားရဲတာ၊ အနီစက်ပေါက်တာ ရှိတတ်တယ်။ တစ်ကိုယ်လုံးမှာ ပေါက်တယ်။ ကလေးဆိုရင် အနီစက်က ဝက်သက်နဲ့ ဆင်တူတယ်။  နောက်ဆင်တူတာတစ်ခုက အသက်ကြီး မှ သွေးလွန်တုပ်ကွေး ဖြစ်နိုင်သေးတဲ့အချက်ပဲ။ အသက်ကြီးတဲ့သူတွေလည်း မဖြစ်ဘူး မဟုတ်ဘူး။ ဖြစ်နိုင်သေးတယ်။ ရှိတော့ရှိတယ် ရှားမယ်။ အသက် ၁၅နှစ်အောက်တွေ အဖြစ်များလို့ ကလေးတွေ ဖြစ်ရင် ပိုမိုသတိထားသင့်တယ်။ သိပ်ဆိုးလာရင် နှာခေါင်းသွေး၊ သွားဖုံးသွေးယိုဦးမယ်။ နည်းနည်းလောက် ထိခိုက်မိတာနဲ့ သွေးယိုလာတတ်တယ်။ ထပ်ဆိုးလာရင် သွေးအန်တာ၊ သွေးဝမ်းသွားတာ ဖြစ်လာဦးမယ်။ ပိုပြီးအရေးကြီးတာက ရောဂါလက္ခဏာ ပြသပြီး ၃ရက်နဲ့ ၅ရက်အတွင်းပဲ။ ရှော့ခ်ဝင်ပြီး သေဆုံးတတ်သူ အများစုဟာ အဖျား ၃ရက်မြောက်နေ့နဲ့ ၅ရက်မြောက်နေ့အတွင်းဖြစ်လို့  အရေးကြီးဆုံးကာလတွေပဲ ဖြစ်တယ်။ ဒါ့ကြောင့် ၃ရက်မြောက်နေ့မှာ အဖျားကျလို့ ဝမ်းမသာစေချင်ဘူး။ သွေးယိုပြီး ရှောခ့်ဝင် တတ်တဲ့ကာလဖြစ်လို့ ဂရုစိုက်သင့်တယ်။ ဒီအဆင့်ထိရောက်လာရင် အထူးဂရုစိုက်ဖို့လိုသလို၊ ၊ဆေးရုံတက်ဖို့ လိုလာတယ်။ နည်းနေတဲ့အရည်ကို ပြန်ဖြည့်ပေးရတယ်။ လိုအပ်ရင် သွေးသွင်း၊ ၊သွေးရည်ကြည်သွင်းတာ လုပ်ရတယ်။ အခန့်မသင့်ရင် သွေးထွက်လွန်၊ ရှော့ခ်ဝင်ပြီး သေဆုံးမှာကို ကြိုတင်ကာကွယ်ဖို့ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးကို သေချာကြိုတင်ကုသနိုင်ရင် သေနှုန်းက ၁ ရာခိုင်နှုန်းအောက်ထိ ကျဆင်းသွားနိုင်တယ်။ မကုဘဲထားရင် သေနှုန်းက ၂၆ရာခိုင်နှုန်းလောက်ထိ မြင့်တက်သွားတယ်။

Warning signs သတိထားသင့်တဲ့ ရှေ့ပြေးလက္ခဏာရပ်
ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေးအဆင့်မရောက်ခင် Warning signs ခေါ်တဲ့ သတိပေးတဲ့ လက္ခဏာရပ်တွေကို သိထားသင့်ပါတယ်။
  • ဗိုက်မခံမရပ်နိုင် နာလာခြင်း၊
  • အဆက်မပြတ် အန်လာခြင်း၊
  • နှလုံးခုန်မြန်လာခြင်း၊
  • အသက်ရှုမြန်လာပြီး မောလာခြင်း၊
  • သွေးအန်ပြီး ဝမ်းမဲသွားခြင်း၊
အထက်ပါ လက္ခဏာတွေ ခံစားရပြီး ၁-၂ရက်အတွင်း အသက်အန္တရာယ်စိုးရိမ်ရလို့ အထူးသတိထား သင့်ပါတယ်။ ခြေဖျားလက်ဖျားအေးစက်လာရင်၊ အသားအရေ ဖြူဖျော့လာရင် ဆေးရုံ အမြန်ဆုံးသွားဖို့ ကြိုးစားပါ။ နှောင့်နှေးမှုက အသက်အန္တရာယ်စိုးရိမ်ရပါတယ်။

သွေးလွန်တုပ်ကွေးနဲ့ အချိန် တစ်ပတ်
သွေးလွန်တုပ်ကွေးမှာ အချိန်တစ်ပတ်ဆိုတာကို လွယ်လွယ်ကူကူ မှတ်သားထားသင့်တယ်။ အချိန် တစ်ပတ်နဲ့ အချက်လေးချက်ကို သိရင် ရောဂါမဖြစ်အောင် သတိထားနိုင်မယ်။ 
၁. ရောဂါပိုးကူးစက်ခံရတဲ့ ခြင်ဟာ ရောဂါပိုးဝင်ပြီး တစ်ပတ်လောက်နေမှ သူများကို စတင်ကူးစက်စေမယ်။ နောက်ပိုင်း သက်တမ်းတစ်လျှောက် ရောဂါဖြန့်ဝေသူဖြစ်လာတယ်။ 
၂. ရောဂါပိုးရှိတဲ့ ခြင်ကိုက်ခံရတဲ့လူဟာ အကိုက်ခံရပြီး တစ်ပတ်လောက်နေမှ ရောဂါ လက္ခဏာ စတင်ပြသတယ်။ 
၃. ရောဂါပိုးဝင်ရောက်ထားတဲ့ လူနာဟာ လက္ခဏာစတင်ပြသပြီး တစ်ပတ်အတွင်းသာ တခြားသူကို ရောဂါပိုးဖြန့်ဝေနိုင်တယ်။ အဲဒီတစ်ပတ်အတွင်း လူနာကိုကိုက်မိတဲ့ ခြင်ဟာ ကံဆိုးသူဖြစ်ပြီး ရောဂါပိုး ကူးစက်ခံရတယ်။ 
၄. သွေးလွန်တုပ်ကွေး လက္ခဏာတွေဟာ တစ်ပတ်လောက် ကြာရင် ပြန်လည်ပျောက် ကင်းသွားနိုင်တယ်။ ကံဆိုးတဲ့ ၅ ရာခိုင်နှုန်းလောက်ကပဲ ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေး အဆင့်ထိ ရောက်လာပြီး သွေးယိုတာ၊ သွေးလန့်တာဖြစ်နိုင်တယ်။
သွေးလွန်တုပ်ကွေး ကာကွယ်ရန် လိုက်နာရမည့်အချက်များ
သွေးလွန်တုပ်ကွေးကာကွယ်ရေးမှာ  ခြင်ကိုက်မခံရဖို့နဲ့  ခြင်နှိမ်နင်းရေး နှစ်မျိုးလုံးက အရေးကြီးပါတယ်။ 
၁။ နေ့ခင်းဖက် အိပ်စဉ် ခြင်ကိုက်မခံရအောင် သတိထားပါ။
၂။ လိုအပ်လျှင် ခြင်ထောင်၊ခြင်ဆေး အသုံးပြုပါ။
၃။ ကလေးငယ်တွေ အင်္ကျီလက်ရှည်၊ဘောင်းဘီရှည် ဝတ်ပေးထားသင့်တယ်။
၄။ ပန်းအိုး၊ဘုရားအိုးတွေ နေ့စဉ်ရေလဲပေးသင့်တယ်။
၅။ ဗူးခွံ၊ပုံးခွံ၊တာယာဟောင်းတွေ ခြင်မပေါက်ဖွားစေရန် သတိထားပါ။
၆။ ရေဆိုးရေမြောင်းတွေရှင်းလင်းပြီး ပိုးမွှားကာကွယ်ရေး ထိထိရောက်ရောက် လုပ်ဆောင်ပါ။
၇။ ခြင်ခိုအောင်းနိုင်သော နေရာများကို သေချာရှင်းလင်းပါ။
၈။ မိမိပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူး ဂရုစိုက်ပါ။
၉။ ဖုံး၊သွန်၊လဲ၊စစ် လုပ်ဆောင်ခြင်းက ခြင်မပေါက်ဖွားအောင် ကာကွယ်ပေးနိုင်တယ်။

အဓိက သိထားသင့်သည့်အချက်များ
- Dengue virus ပိုးဝင်တိုင်း အဖျားရောဂါ ခံစားရမယ် မဟုတ်ဘူး။ 
- ၈၀ရာခိုင်နှုန်းခန့်ဟာ လက္ခဏာမပြဘဲ နေမယ်။ အများစုဟာ သာမန်အဖျားလောက်သာ ခံစားရပြီး သူ့ဘာသာ ပျောက်ကင်းသွားတယ်။ 
- ကံဆိုးတဲ့ ၅ ရာခိုင်နှုန်းလောက်သာ ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေး ဖြစ်နိုင်တယ်။
- ဖြစ်ပွားသူရဲ့ ၉၀ရာခိုင်နှုန်းဟာ အသက် ၁၅နှစ်အောက် ဖြစ်တာကြောင့် မိမိတို့ကလေးတွေကို အထူးဂရုစိုက်သင့်တယ်။
- သွေးလွန်တုပ်ကွေးမှာ အဖျား၃ရက်မြောက်နဲ့ ၅ရက်အတွင်း အရေးကြီးဆုံး အချိန် ဖြစ်တယ်။
- ဒီအဆင့်မှာလည်း ကြိုတင်သိရှိပြီး သေချာကုသရင် သေနှုန်းက ဝ.၅-၃ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်။
- ရောဂါမဖြစ်ပွားအောင် သွေးလွန်တုပ်ကွေးနဲ့ အချိန်တစ်ပတ်ဆိုတာကို သိထားသင့်တယ်။
- နေ့ခင်းပိုင်းခြင်ကိုက်မခံရအောင် ကာကွယ်ဖို့နဲ့ ခြင်နှိမ်နှင်းရေးက အရေးကြီးဆုံး အချက်တွေ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ "သွေးလွန်တုပ်ကွေး အန္တရာယ်၊ သတိထားကာ တို့ကာကွယ်" လို့သာ တိုက်တွန်းပါရစေ။
__________________________________________
http://www.mymemo.cf/2016/07/post467.html  ဒေါက်တာ အေးမင်းထူး