နားလေး ရောဂါ - Kharann Media

Breaking

နားလေး ရောဂါ


အဖြစ်များတဲ့နားလေးရောဂါတွေ…
“နားလေးတဲ့ ရောဂါဟာ အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ နားလေးသွားရင် တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ပြောဆိုတဲ့နေရာမှာ အဆင်မပြေတာ၊ လုပ်ငန်းခွင်မှာ အဆင်မပြေတာတွေ ဖြစ်တတ် ပါတယ်။ နားအရမ်းလေးရင် အော်ပြောရင် တောင်မကြားရတော့ဘူး။ မိုးခြိမ်းသံ၊ ကားဟွန်းသံ၊ တူထုသံ လိုမိုျးကို တအားကျယ်ရင် တစ်ချက်တစ်ချက်ကြားရတယ်။ ကိုယ့်ကိုယ် အန္တရာယ်ပြုနိုင်တဲ့အသံ ဘယ်မှာ ရှိသလဲ ဆိုတာ သိဖို့အရေးကြီးပါတယ်။ မသိရင် ယာဉ်အန္တရာယ်ကြုံတတ်ပါတယ်” ဟု နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန် ဒေါက်တာဝင်းထိုက်ကြည် က ဆိုသည်။ နားလေးခြင်း အမျိုးမျိုးရှိသည်။ နားတစ်ဖက် တည်း လေးခြင်း ၊ နားနှစ်ဖက်လေးခြင်း၊ နား အတော်အသင့်လေးခြင်း၊ နားအရမ်းလေးခြင်း တို့ ဖြစ်သည်။

ကလေးတွေဘာလို့ နားလေးတာလဲ
နားလေးရောဂါဖြစ်ပွားရသည့် အကြောင်း အရင်းအမျိုးမျိုးရှိသည်။ မျိုးရိုးကြောင့် မွေးရာပါနား လေးခြင်း၊ မျိုးရိုးကြောင့် မဟုတ်ဘဲ Gene မျိုးဗီဇ ပြောင်းလဲခြင်းကြောင့် နားလေးခြင်း၊ ကိုယ်ဝန်ဆောင်စဉ် ကာလ အတွင်း မိခင်ဖျားသဖြင့် နားလေးခြင်း၊ မွေးဖွားရခက်ခဲပြီး ရေမွန်းရာမှ နားလေးခြင်း၊ မွေးပြီး အသားဝါရောဂါ ဖြစ်ကာ နားလေးခြင်း၊ ရောဂါပြင်း ပြင်းထန်ထန်ဖြစ်ပြီး ဆေးရုံတက်ကုရသော ကလေးများ တွင် နားလေးနိုင်ကြောင်း သိရသည်။

စာသင်အရွယ်မှာ နားလေးလာ
မျိုးရိုးဗီဇကြောင့်နားလေးခြင်းသည် မွေးခါစအချိန်တွင် မပေါ်ပါက စာသင်ချိန် အရွယ်ရောက်လျှင် မသိမသာ နားလေးလာကြောင်း၊ ကလေးတော်တော်ကြီးမှ သိသာလာကြောင်း၊ စာသင် အရွယ် နားလေးခြင်းသည် ကလေးအသက် ဆယ်နှစ်မတိုင်မီ တွင်ဖြစ်ပွားတတ်ကြောင်း သိရသည်။ 

“စာသင် အရွယ်မှာ နားလေးရင် ကလေးက စာဖတ်ရဲ့သားနဲ့ အဆင့်ကျတတ်တယ်။ ဆရာမက ကလေးကို စာမလိုက်နိုင်လေ၊ စာဖိသင်လေ အဆင့်ကျလေပဲ။ ကလေးက တလွဲကြားနေတယ်။ မရေးရလို့ ပြောတာ ကို ရေးရလို့ကြားတယ်။ အင်္ဂလိပ်စာအသံထွက်ဆို ပိုအရေးကြီးတယ်။ ကလေးက တလွဲတွေပဲ အသံထွက် တယ်။ အဲဒီအခါမှ စသိကြတာများတယ်။ ဒါကြောင့် ကလေးစာ မလိုက်နိုင်ရင်၊ တော်ရာကနေ ညံ့သွားရင် နားမကောင်းလို့ ဖြစ်တာလား စစ်သင့်တယ်” ဟု နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန် ဒေါက်တာဝင်းထိုက်ကြည် က ဆိုသည်။ ထို့ပြင် စကားနည်းသော ကလေးများကို လည်း အေးအေးဆေးဆေး နေတတ်ခြင်းကြောင့် စကားနည်းခြင်းလား၊ ဉာဏ်ရည်နိမ့်ခြင်းကြောင့် စကားနည်းခြင်းလား၊ တဖြည်းဖြည်း နားလေးလာသည့်အတွက် စကားနည်းခြင်းလား ဆိုသည်ကို စစ်ဆေး သင့်ကြောင်း သိရသည်။ စာသင်အရွယ် ကလေးများသည် နားပြည်ယိုရောဂါ၊ နားစည်ပေါက်ခြင်း တို့ကြောင့် နားအတွင်းရှိ အရိုးသေးလေးများ ပျက်စီးသွားခြင်း၊ နားအာရုံကြောများ အားနည်းသွားခြင်း တို့ကြောင့် နားလေးနိုင်ကြောင်း သိရသည်။

အလုပ်လုပ်သည့်အရွယ်မှာ နားလေးတာ
အလုပ်လုပ်သည့်အရွယ်တွင် ထိခိုက် ဒဏ်ရာရခြင်း၊ နားပြည်ယိုခြင်း၊ အာရုံကြော အားနည်းခြင်းတို့ကြောင့် နားလေးခြင်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ယခုနောက်ပိုင်းတွင် mp3 mp4 များကို အကျယ်ကြီး နားထောင်သဖြင့် နားလေးခြင်း၊ လုပ်ငန်းခွင်တွင် အသံဆူညံခြင်းကြောင့် နားလေးလာကြောင်း သိရသည်။

သက်ကြီးပိုင်းမှာ နားလေးတာ
အသက်အရွယ်ကြီးလာသောအခါ နား အာရုံကြောများ အားနည်းလာသည်။ အသက်အရွယ်ကြီးသူများကို နားလေးခြင်းမဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်သော်လည်း နားလုံးဝမလေးအောင်ပြုလုပ်၍ မရနိုင်ပေ။ နားလေးခြင်းအဆင့်ကို လျော့နည်းအောင်သာပြုလုပ်နိုင်ကြောင်း သိရသည်။

သောက်ဆေး၊ ထိုးဆေးများကြောင့် နားလေးနိုင်
အကိုက်အခဲပျောက်ဆေး၊ ငှက်ဖျားဆေး၊ တီဘီဆေးနှင့် ကင်ဆာရောဂါကုသသောဆေး၊ ပိုးသတ်သော ထိုးဆေးအချို့တို့ကြောင့် နားလေးရောဂါ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ နားလေးရောဂါသည် အက်စ်ပရင် အုပ်စု အကိုက်အခဲ ပျောက်ဆေး၊ quinine အုပ်စုငှက်ဖျားဆေး၊ ပိုးသတ်သည့် genta mycin ထိုးဆေး၊ ကင်ဆာ ရောဂါထိုးဆေး၊ သောက်ဆေး အချို့တို့ကြောင့် ဖြစ်ပွားနိုင်သည်။

ဘယ်လိုကာကွယ်ကုသမလဲ
နားလေးခြင်းမဖြစ်ပွားစေရန် နားကို ကလော်ခြင်း၊ နားကျပ်ခြင်းများကို မပြုလုပ်ရပါ။ နား ကလော်ခြင်း၊ နားကျပ်ခြင်းများ ပြုလုပ်ပါက နားတွင် အသားမာ တက်လာပြီး နားဖာချေးမထွက်တော့သဖြင့် နားအဆီ ခန်းသွားမည်ဖြစ်ကြောင်း၊ နားအဆီ ခန်းသွားပါက နားမှာ ယားယံလာ မည်ဖြစ်ကြောင်း၊ နားယားယံ၍ နားကို နေ့တိုင်းကျပ်ရသည့် အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ပြီး နားကိုက်ခြင်း၊ နားပြည်စွဲခြင်း၊ နားစည်ပေါက်ခြင်း၊ နားလေးခြင်းတို့ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ 

“နားပေါက်ဝမှာရှိတဲ့ နားဖာချေးကို ကလော်လိုက်ရင် အပြင်ကဖုန်မှုန့်တွေ နားထဲကို ဝင်မလာအောင် မဟန့်တား နိုင်တော့ဘဲ ဖုန်မှုန့်တွေဟာ နားအတွင်းပိုင်းထဲအထိရောက်လာပြီး နားဖာချေးတွေစုသွား တတ်တယ်။ အဲဒီအခါမှာ နားကိုက် တယ်ဆိုပြီး ဆေးရုံကို ရောက်လာကြတော့ တာပါပဲ” ဟု နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ဒေါက်တာ ဝင်းထိုက်ကြည်က ဆိုသည်။ 

“ကျွန်မနားလေးတာ သုံးနှစ်ရှိပါပြီ။ နားလေးတော့ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ ပြောရဆိုရတာလည်း အဆင်မပြေဘူး။ နားကလော်ရင်းနဲ့ နှာချေလိုက်တာကနေ နားကလော်တဲ့ သံချောင်း အထဲဝင်လို့ နားလေး သွားတာပါ။ အခုမှ ဆရာ့ဆီကို ရောက်တာပါ။ ကြားထဲမှာတော့ ဆရာဝန်တွေနဲ့ ပြသေးတယ်။ ဆရာက နားပြန်မကြားရတော့ဘူး လို့ ပြောတယ်။ ဒါပေမဲ့ နားပြည်မထွက်အောင်လို့ ခွဲပေးမယ်လို့ ပြောပါတယ်” ဟု နားတစ်ဖက်လေးသည့် လူနာတစ်ဦးက ဆိုသည်။ ထို့ပြင် ကလေးများသည် နားဖာချေးပိတ်သောအခါ နားထဲသို့ လက်ထည့်ပြီး လှုပ်လေ့ရှိကြောင်း၊ ထိုကဲ့သို့ပြုလုပ်ပါက နားတွင်းက နားဖာချေးတွေကို နားအပြင် ရောက်အောင် ပြုလုပ်ပေးသော နားအတွင်းရွေ့သော Function များ ပျက်စီးသွားပြီး နားဖာချေးများ ပိုမိုပိတ်လာမည်ဖြစ်ကြောင်းသိရသည်။

နားကြားကိရိယာအသုံးပြုခြင်းနှင့် နားခွဲစိတ်ခြင်း
နားကြားကိရိယာတပ်၍ နားကြားနိုင်သော်လည်း ရောဂါနှင့် မကိုက်ညီသည့် နားကြားကိရိယာများ တပ်ဆင် မိပါက အသံများ ကောင်းကောင်းမကြားဘဲ ဆူညံနေတတ်ကြောင်း၊ ပိုက်ဆံကုန်ပြီး အကျိုးမရှိ ဖြစ်တတ်ကြောင်း၊ နားကြားကိရိယာ ပုံစံမကျခြင်း၊ ရောဂါနှင့် မကိုက်ညီခြင်းတို့ကြောင့် နားအာရုံကြောကို ပိုထိတတ်ကြောင်း သိရသည်။ “တချို့ရောဂါကို ခွဲကုမှရမယ်။ တချို့ ရောဂါကို နားကြားကိရိယာ တပ်မှရမယ်။ နားကြားကိရိယာတပ်လို့မှ မရရင် နားတု စက်တွေလည်း ထည့်လို့ရတယ်။ ဒါပေမဲ့ ရောဂါနုတုန်းကုတာ အကောင်းဆုံးပါ။ ရင့်မှကုရင် လူပင်ပန်း စိတ်ပင်ပန်း ဖြစ်ရတယ်။ နားလေးတဲ့ ဒုက္ခကို လူမမြင်ရတော့ နားလေးတဲ့ လူတွေကို ကိုယ်ချင်းစာပြီး သူတို့ကို နောက်နေတာ ထက်စာရင် ကုဖြစ်အောင် ကူညီပေးဖို့လိုပါတယ်” ဟု နား၊ နှာခေါင်း၊ လည် ချောင်းအထူးကု ဆရာဝန် ဒေါက်တာ ဝင်းထိုက်ကြည် က ဆက်လက် ပြောကြားသည်။

နား အာရုံကြောအားနည်းသည့် ရောဂါဖြစ်ပွားပါက နားကြားကိရိယာ တပ်ဆင်နိုင်ပြီး ဈေးပေါသည့် တရုတ်စက်များကို ဝယ်ယူအသုံးမပြုဘဲ နည်းပညာမြင့်မားသည့် နားကြားကိရိယာများကို ဝယ်ယူ တပ်ဆင်သင့်ကြောင်း သိရသည်။
__________________________________________
http://www.mymemo.cf/2016/07/post473.html credit to : may dim