မီတာခချွေတာဖို့နည်းလမ်း(၅)သွယ် - Kharann Media

Breaking

မီတာခချွေတာဖို့နည်းလမ်း(၅)သွယ်

သင့်အိမ်မှာ လျှပ်စစ်ကို အမှတ်မထင်  မလိုအပ်ဘဲ သုံးနေမိတဲ့ နေရာတွေများလာရင် မီတာခတွေ တော်တော်လေး ကုန်ကျမှာ ဖြစ်ပါတယ်။ ဒါကြောင့် မကုန်သင့် မကုန်ထိုက်တဲ့ မီတာခတွေကို ဘယ်လိုချွေတာရမလဲ ဆိုတဲ့  အချက် (၅) ချက်ကို ဖော်ပြပေး လိုက်ပါတယ်.........

1. တီဗွီ၊ ဗီစီဒီစက်၊ play station၊ ကွန်ပျူတာနှင့် အခြားလျှပ်စစ်ပစ္စည်းများကို အသုံးမလိုတော့ပါက မီးခလုတ်များကို ပိတ်ထားပါ။ အကယ်၍ ပလပ်တပ်ပြီး stand by mode ဒါမှမဟုတ် power ဖွင့်ထားခဲ့လျှင် မီးသုံးစွဲမှု ၁၀% ကိုသာသက်သာစေမှာ ဖြစ်ပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် ကွန်ပျူတာ သုံးစွဲရာမှ ခေတ္တမျှသာ ပိတ်ထားလိုပါက sleep mode ဖြင့် ထားရှိခဲ့နိုင်ပါတယ်။ တစ်နေ့တာဆောင် ရွက်စရာများ ပြီးစီး၍ ကွန်ပျူတာ အသုံးမလိုသောအချိန်တွင် power လုံးဝပိတ်လိုက်ခြင်းဖြင့် စွမ်းအင်ကို ချွေတာနိုင်ပါတယ်။

2. မိမိအိမ်၌လက်ရှိသုံးစွဲနေသော လျှပ်စစ်မီးချောင်း၊ မီးလုံးများအစား Energy saving စာသားပါရှိသော မီးချောင်း၊ မီးလုံးများကိုအစား ထိုးပါ။ လက်ရှိသုံးစွဲနေသော မီးချောင်း၊ မီးလုံးများထက် ဈေးနှုန်း မြင့်မားနိုင်သော်လည်း ကြာရှည်ခံနိုင်ရည်ရှိမှုအပြင် လျှပ်စစ်စွမ်းအင်ကိုပါ ပိုမိုသက်သာစေပါတယ်။ ဘုရားခန်းရှိ ယခုသုံးစွဲနေသော ဘုရားဆင်းတုနောက်ခံမီးဆိုင်း၊ မီးလုံးများအစား LED sport light များကိုပြောင်းလဲသုံးစွဲပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်အိပ်ခန်းအတွက် အလင်းရောင်ပိုမို ရရှိစေရန် ခြေတံရှည်မီးတိုင် သို့မဟုတ် မီးအိမ်ကိုပြောင်းလဲအသုံးပြုရန် အကြံဉာဏ်ပေးချင်ပါတယ်။ နံရံနှစ်ဘက်မှ အလင်းပြန်မှုရရှိပြီး အလင်းရောင်ပိုမိုကောင်းမွန်စွာရရှိစေရန် အခန်းနံရံထောင့်တွင်ထား၍ သုံးစွဲသင့်ပါတယ်။

3. အဝတ်လျှော်စက်ဖြင့် အဝတ်လျှော်ရာတွင်လည်း လျှော်ကန်၏ ၃ပုံ ၂ပုံစာ အဝတ်ရှိမှသာ လျှော်သင့် ပါတယ်။ လျှော်ဖွတ်ပြီးသည့်အခါတွင်လည်း အခြောက်ခံသည့်စက်ထက် ရေညှစ်သည့်စက်ကို ပိုမို ဦးစားပေးသုံးသင့်ပါတယ်။ အခြောက်ခံစက်ကို အသုံးပြု၍ ခြောက်သွေ့စေခြင်းထက် သဘာဝနေရောင်ခြည်၊ သဘာဝလေထုနှင့်ခြောက်သွေ့စေခြင်းက ပိုမိုကောင်းမွန်ပါတယ်။ ရေညှစ်စက်ထဲမှ အဝတ်များကို သေချာစွာခါပြီး လှမ်းခြင်းဖြင့်လည်း ကြေမွမှုနည်းပြီး မီးပူတိုက်ရာမှာလည်း သက်သာစေတဲ့ အတွက် လျှပ်စစ်စွမ်းအင်ချွေတာရာ ရောက်ပါတယ်။ Air-con filter များ ကိုလည်း ပုံမှန်သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ သင့် Air-con filter မှာလည်း လေထုထဲမှ မသန့်ရှင်းသော ဖုန်မှုန့်များပြည့်နေပြီး Air-con မှာ ပုံမှန်ထက်ပို၍ အလုပ်လုပ်ရတာကြောင့် လျှပ်စစ်စွမ်းအင်ကို ပိုမို ကုန်ကျစေပါတယ်။

4. သင့်ရေခဲသေတ္တာထဲတွင်လည်း အစားအသောက်များ ပြည့်ကျပ်မနေစေရန် ဂရုပြုသင့်ပါတယ်။ ပြည့်ကျပ်နေအောင်ထည့်ခဲ့မိရင်တော့ ရေ ခဲသေတ္တာလေလည်ပတ်မှု ကောင်းစွာမရရှိနိုင်တဲ့အတွက် ပိုမိုအလုပ်လုပ်ရပြီး စွမ်းအင်ပိုမို ကုန်ကျစေနိုင်ပါတယ်။ အပူငွေ့ရှိတဲ့ အစား အသောက်များ ကို ရေခဲသေတ္တာထဲသို့ထည့်၍ သိမ်းဆည်းမည်ဆိုလျှင်လည်း အပြင်မှာ အအေးခံပြီးမှ သိမ်းဆည်းသင့် ပါတယ်။ အချို့သော အရည်များကို အဖုံးပါသောဗူး၊ ခွက်တို့ဖြင့်ထည့်ခြင်းကလည်း အငွေ့ပြန်ခြင်းကြောင့် သင့်ရေခဲသေတ္တာ ပိုမိုအလုပ်လုပ်ရပြီး လျှပ်စစ်စွမ်းအင်ကို ပိုမိုကုန်ကျစေခြင်းမှ ကာကွယ်ရာရောက် ပါတယ်။ ဒါ့အပြင် အေးခဲသောအရာများအား အရည်ပျော်ရန် ပြုလုပ်ရာတွင်လည်း အပြင်သို့ ထုတ်ထားခြင်းထက် ရေခဲသေတ္တာ၏ သာမာန် အအေးခန်း (ရေမခဲသောအခန်း)တွင် ခေတ္တမျှ ထားပြီး ပျော်စေခြင်းက ၎င်း၏ အအေးဓာတ်နှင့်ပင် အခြားအရာများကိုပါ အေးစေနိုင်ပြီး ရေခဲသေတ္တာ၏ လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးနိုင်ပါတယ်။

5. သင့်အိမ်၏ အစားအသောက်ချက်ပြုတ်ရန်အတွက် လျှပ်စစ်မီးဖိုဖြင့် အသုံးပြုသည်ဆိုလျှင် တစ်မျိုးပြီး တစ်မျိုး ဆက်တိုက် ချက်ပြုတ်နိုင်ရန် အဆင်သင့် စီစဉ်ထားသင့်ပါတယ်။ စားခါနီးမှအပူပြန်နွှေးခြင်းနှင့် ပမာဏအနည်းငယ်ကို ချက်ပြုတ်ခြင်းတို့အတွက် microwave သို့မဟုတ် induction cooker များဖြင့်သာ ပြုလုပ်သင့်ပါတယ်။ ထိုပစ္စည်းများသည် လျှပ်စစ်စွမ်းအင်ကို ပိုမိုသုံးစွဲနိုင်သော်လည်း အချိန် မြန်မြန် ချက်ပြုနိုင်ခြင်းကြောင့် လျှပ်စစ်မီးဖိုနှင့်ယှဉ်လျှင် စွမ်းအင်ကို ပိုမိုချွေတာနိုင်ပါတယ်။ အကင်စက်ကို အသုံးပြုမည်ဆိုလျှင်လည်း ကြိုတင်မီးဖွင့်ထားခြင်းနှင့် အဖုံးကိုအချိန်ကြာမြင့်စွာ ဖွင့်ထားခြင်း ကို ရှောင်ကြဉ်သင့်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်သောက်သုံးလို၍ ရေနွေးတည်သောအခါ တွင်လည်း ရေကို လိုအပ်သောပမာဏထက် ပို၍မတည်သင့်ပါ။ ပမာဏများလေ လျှပ်စစ်စွမ်းအင် သုံးစွဲရန်ပိုလိုအပ်လေ ဖြစ်သောကြောင့် ၎င်းအချက်သည်လည်း စွမ်းအင်ချွေတာခြင်းအတွက် လိုအပ် ပါတယ်။ သို့မှသာ မိမိသုံးစွဲသောပစ္စည်းများ၏ အရည်အသွေးကို ကြာရှည်စွာ ထိန်းသိမ်း အသုံးပြုနိုင်ပြီး လျှပ်စစ်စွမ်းအင်ကိုလည်း ချွေတာရာရောက်မှာဖြစ်ပါတယ်။
__________________________________________
source : shweproperty
Mar 13.2016 | http://www.mymemo.cf/2016/03/post349.html