သင့် ချစ်သူက ဘာပဲစားစား အစပ်ပါမှ စားတတ်သူဆိုရင် သိပ္ပံပညာအရ ထူးခြားမှုတစ်ခု ရှိပါတယ်တဲ့။ University of Grenoble က သုတေသီတွေက အသက် ၁၈ နှစ်မှ ၄၄ နှစ် အရွယ် အမျိုးသား ၁၁၄ ယောက်ကို အာလူးပြုတ် တစ်ပန်းကန်နဲ့ ငရုတ်သီး အချဉ်တစ်ပုလင်းပေးပြီး စားစေပါတယ်။ တစ်ဦးချင်းစီ စားသုံးတဲ့ ငရုတ်သီး ပမာဏကို မှတ်သားပြီးနောက် ၎င်းတို့ရဲ့ ယောက်ျားဟော်မုန်းဓာတ် တစ်မျိုးဖြစ်တဲ့ တက်စတိုစတီရုန်း (testosterone) ပမာဏကို တိုင်းတာခဲ့ပါတယ်။ စိတ်ဝင်စားစရာအဖြစ် ငရုတ်သီး အများဆုံးစားတဲ့ အမျိုးသားတွေရဲ့ ဟော်မုန်းပမာဏ အမြင့်ဆုံး ဖြစ်တာကို တွေ့ရှိရပါတယ်။
သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကလည်း စွန့်စားတတ်တာ၊ လောင်းကစား ဝါသနာပါတာ၊ လူမှုရေး အဖွဲ့တွေနဲ့ လှုပ်ရှားဆောင်ရွက်တတ်တာ၊ လိင်စိတ်ပြင်းထန်တာတွေမှာ တူညီကြောင်းတွေ့ရှိခဲ့ပါတယ်။ များပြားလှတဲ့ သုတေသန ရလဒ်တွေအရ အစပ်အရသာကို ကြိုက်နှစ်သက်ခြင်းက တက်စတိုစတီရုန်း (testosterone)၊ ငွေကြေး အခြေအနေ၊ ကာမစိတ်ပြင်းထန်ခြင်းနဲ့ စွန့်စားလိုတဲ့ အပြုအမူတွေနဲ့ ဆက်စပ်မှုရှိတာကို တွေ့ရပါတယ်။
သုတေသီတွေအနေနဲ့ အစပ်ကြိုက်လို့ testosterone များပြားတာလား၊ testosterone ဟော်မုန်းများလို့ အစပ်ကြိုက်တာလားဆိုတာကို အတိအကျ မပြောနိုင်သေးပေမယ့် အစပ်ပုံမှန် စားသုံးတဲ့အတွက် ယင်းဟော်မုန်း တိုးပွားလာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီလေ့လာတွေ့ရှိမှုကနေ မိန်းကလေးများ အနေနဲ့ ကိုယ့်ချစ်သူရဲ့ စားသောက်ပုံကို လေ့လာပြီး သူဘယ်လိုလူမျိုးလဲဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။
__________________________________________
ခင်သူဇာ | source : trend myanmar | ref : self
Mar 10.2016 | http://www.mymemo.cf/2016/03/post343.html