သရဲခေါ်ပြီး ကစားမိတဲ့ ၉ တန်းကျောင်းသူလေးများရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း - Kharann Media

Breaking

သရဲခေါ်ပြီး ကစားမိတဲ့ ၉ တန်းကျောင်းသူလေးများရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း


ကျောင်းမှာ ဆရာမတွေ၊ အိမ်မှာ မိဘတွေမသိအောင် သရဲခေါ်တဲ့ ဂိမ်းတို့၊ ဖျာလိပ်နတ်ခေါ်တာတို့ စူးစမ်းချင်တဲ့ မိန်းကလေးတော်တော်များများ လုပ်ဖူးကြမှာပါ.. ကျွန်မတို့လည်း စမ်းသပ်ခဲ့ဖူးပါတယ်.. တစ်သက်မှာ မမေ့နိုင်တဲ့ အဖြစ်အပျက်ကလေးက ကျွန်မတို့ ကိုးတန်းနှစ်မှာ ဖြစ်ခဲ့တာပါ...

တစ်နေ့မှာ စုံညီပွဲတော်နီးလာလို့ လူရွေးကြတော့ ကတဲ့အဖွဲ့ထဲမှာ ကျွန်မပါသွားပါတယ်.. ရွေးလိုက်တာ အားလုံးမိန်းကလေးတွေချည်းပဲ... ကျွန်မအပါအဝင် အားလုံးပေါင်းဆယ့်တစ်ယောက်... စာမသင်ရဘဲ အကပဲတိုက်နေတော့ ကျွန်မတို့လည်း ပျော်နေကြတာပေါ့.. ဒါပေမယ့် အရမ်းပင်ပန်းပါတယ်.. ကျွန်မတို့ကို အကတိုက်ဖို့အတွက် စာမသင်တဲ့ အခန်းတစ်ခန်းပေးထားပါတယ်... တဖြည်းဖြည်း ဆယ့်တစ်ယောက် လုံးပေါင်းမိပြီး ခင်သွားတယ်..

တစ်ရက် အကတိုက်မယ့် ဆရာမက အဝတ်အစားအတွက် အပြင်သွားတာကို အခွင့်ကောင်းယူပြီး အားလုံးအတန်းထဲ ပြန်မဝင်ဘဲ တစ်ခုခု ဆော့ကြမယ်လို့ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ပေါ်လာတာ သရဲ ခေါ်ပြီး ဆော့မယ် မေးကြမယ်ပေါ့...

အရင်ဆုံး စာရွက်တစ်ရွက်ပေါ်မှာ ၁ ကနေ ၁၀ ထိ စာလုံးကွက်တွေရယ်၊ YES ၊ NO ကွက်ရယ်၊ GIRL ၊ BOY ကွက်ရယ်၊ အင်္ဂလိပ်အက္ခရာ၊ မြန်မာအက္ခရာတွေ တစ်လုံးချင်းစီ ရေးထားတဲ့အကွက်ရယ် ဆွဲပြီး အလယ် နေရာမှာ ရေသန့်ဗူး အဖုံးလေးထားပြီးခေါ်ရပါတယ်.. ပေါ့တဲ့အရာလေးဆိုရင်လည်း ရပါတယ်.. အဲဒီအဖုံးလေးမှာ သုံးယောက်ထက် ပိုလက်ထောက် လို့မရပါဘူး...

အဲဒါနဲ့ ဘယ်သူခေါ်မလဲပေါ့နော်.. ကြောက်တတ်တဲ့ သူလည်းပါတော့ သေချာခေါ်ရဲမှရမှာလေ.. ခေါ်နေ တုန်း အဖုံးလေးကို ထိထားတဲ့လက်က လွှတ်လိုက်ရင် ဝင်လာမယ့် သရဲက စိတ်ဆိုးတတ်တယ်လို့ ကြားဖူးပါတယ်.. အဲဒါနဲ့ ကျွန်မရယ် သူငယ်ချင်းနှစ်ယောက်ရယ် စ ခေါ်တယ်...

"ဒီအနီးတ၀ိုက်မှာ ရှိတဲ့ ပရလောကသားများ.. ကျွန်မတို့နဲ့ ဆော့ချင်ရင် ဒီအဖုံးလေးရွေ့ ပြီး မေးတာလေးတွေဖြေပေးပါ.. "

အဲဒီလို အားလုံးရွတ်ပြီး စ ခေါ်တယ်.. မြန်တယ်.. နှစ်မိနစ်လောက် အကြာမှာပဲ ပုလင်းအဖုံးလေး ရွေ့ လာတယ်... ကိုယ့်လက်ကတော့ အလိုက်သင့်လေး လိုက်နေရတယ်... ပထမဆုံး ၀င်လာတဲ့ သရဲက ယောက်ျားလေးလား.. မိန်းကလေး သိချင်တာနဲ့..

"အခုကျွန်မတို့နဲ့ ပူးပေါင်းပြီးဆော့တာ.. ဘယ်သူလဲ.. မိန်းကလေးလား.. ယောက်ျားလေးလား.. " လို့မေး လိုက်တယ်..

အဲဒီမှာ သူက GIRL ဆိုတဲ့ စာလုံးလေးဆီ ဖြည်းဖြည်းချင်း ရွေ့သွားပါတယ်... ဒါနဲ့ ဆက်မေးတယ်... နာမည် ဘယ်လိုခေါ်လဲမေးတော့ ခ ကွေး ရယ်၊ ရ ကောက် ရယ် အဲဒီ စာလုံးနှစ်လုံးဆီကို ဖြည်းဖြည်း ချင်း ရွေ့သွားတယ်... အဲဒါနဲ့

"ငါတို့နဲ့ ဆော့ချင်လား.. မဆော့ချင်ဘူးလား..." လို့ မေးတော့ NO ကိုသွားတယ်.. နောက် တစ်ခေါက် ထပ်မေးတော့လည်း NO မှာပဲ ရပ်နေတော့ သူ့ ကိုပြန်လွှတ်ပေးလိုက်တယ်...

အဲဒါနဲ့ နောက်ထပ်တစ်ယောက် ထပ်ခေါ်မယ်ပေါ့... ခုနကလိုပဲ ပြန်ခေါ်တယ်... ဒီတစ်ခါ ဝင်လာ တာတော်တော်မြန်တယ်... ခေါ်လို့မှမဆုံးသေးဘူး.. ချက်ချင်းရောက်လာတာ.. ပြီးတော့ ခုနကလို ဖြည်းဖြည်းချင်း အဖုံးက မရွေ့ဘူး... နည်းနည်းမြန်နေတယ်.. ကျွန်မတို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်တော့ မျက်နှာတွေ ပျက်နေကြပြီလေ.. 

အဲဒါနဲ့ နာမည် မေးတယ်.. အင်္ဂလိပ်စာလုံး J ကိုသွားတယ်... မြန်မြန်ပဲ.. အဲဒါနဲ့ အခြေအနေ သိပ်မကောင်းတော့ဘူးလေ.. "ငါတို့ နဲ့ ဆော့ချင်လား.." လို့ မေးတော့ YES ကိုသွားတယ်.. အမှန်တော့ ကျွန်မတို့တွေက ကြောက်နေပြီ... NO ကို သွားစေချင်တာ.. အဲဒါ သုံးခါလောက် မေးတော့ မထူးတော့ ဘူး... သူလည်းဆော့ချင်လို့နေမှာပေါ့ ဆိုပြီး မေးချင်တဲ့ မေးခွန်းတွေ ဆက်မေးတယ်... အခု ဒီအခန်းထဲမှာ ဘယ်သူတွေရှိလဲ မေးတော့ GIRL ဆီကိုသွားတယ်.. အဲဒါ ဆက်မေးတယ်.. ပြီးတော့ ဘယ်နှစ်ယောက် ရှိလဲဆိုတော့ 1 ကိုနှစ်ခါသွားတယ်... အဲဒီအချိန်မှာ စောစောက ကြောက်တဲ့စိတ်တွေပျောက် ပြီး ပျော်လာတယ်..

"နောင်နှစ် ဆယ်တန်းတက်ရင် တစ်နှစ်တည်းနဲ့အောင်မှာလား.. ဂုဏ်ထူးတွေ ပါမှာလား.. " အစရှိ တဲ့ မေးခွန်းတွေ လျှောက်မေးတယ်.. နောက် ခဏကြာတော့ ကျွန်မတို့ဆော့နေတဲ့စားပွဲကို တစ်ယောက်ယောက်က ခေါက်နေတဲ့အသံထွက်လာတယ်.. တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘယ်သူခေါက်တာလဲပေါ့.. ဘယ်သူမှ မခေါက်ဘူးလို့ ခေါင်းခါပြကြတယ်.. နောက် ခဏကြာတော့ ဘေးနားကနေ လေတွေဝှေ့တိုက်သွားသလိုဖြစ်ပြီး သုံးယောက်စလုံး ဆံပင်တွေပါ လွင့်ကုန်တယ်.. အကုန်လုံးက ကြောက်လန့်နေကြပြီ.. အဲဒီအချိန်မှာ ကျွန်မက သတိရပြီး..

"အားလုံး လက်ကို မဖယ်ကြနဲ့နော်.. သူ့ကို ပြန်မပို့ရသေးဘူး.." လို့ပြောတာကို တစ်ယောက်က လန့်ပြီး တင်ထားတဲ့လက်ကို ဖယ် လိုက်တယ်... ကျန်တဲ့သူတွေလည်း မျက်လုံးတွေပြူးကုန်ကြတာပေါ့.. အဲဒါနဲ့..
"ငါတို့ ဆက်မဆော့တော့ဘူး.. " လို့ ပြောတာကို... NO ဆိုတဲ့ စာလုံးနားက ဘယ်မှမရွေ့တော့ဘူး... ကျန်တဲ့သူတွေလည်း ကြောက်ပေမယ့် မအော်ရဲဘူး... မိသွားရင် ရုံခန်းရောက်မှာလေ...

အဲဒီအချိန်မှာ ဖိနပ်ကို ရှပ်တိုက်စီးတဲ့အသံတွေ စကြားရတော့တာပဲ.. အဲဒီနောက်မှာ ပြူတင်းပေါက် တံခါးတွေက လေမတိုက်ဘဲ တ၀ုန်းဝုန်း ပိတ်ကုန်တာ... မှန်တစ်ချက်တောင် ခွမ် ကနဲ ကွဲသွားသေးတယ်... ကြိတ်ငိုတဲ့သူကလည်း ငိုကုန်ပြီ.. အဲ့ဒါနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး နှစ်ယောက်လုံး အဖုံးပေါ်ကနေ လက်ကို ဖယ်လိုက်တာ ပုလင်းအဖုံးက စာရွက်ပေါ်မှာ သူ့ဟာသူ ရွေ့နေတယ်.. အဲဒါနဲ့ ကျွန်မလည်း အဲဒီပုလင်းအဖုံးကို စာသင်ခုံတွေ ထပ်ပြီးစီထားတဲ့ ခုံ အထပ်လိုက်ထပ်ထားတဲ့ဘက်ကို ပစ်လိုက်တယ်... ပြီးတော့ စာရွက်ကိုလည်း လုံးခြေပြီး စုတ်ဖြဲပစ်လိုက်တယ်... အားလုံးတိတ်ဆိတ် သွားတယ်.. အဲဒီအချိန်မှာ ကျွန်မတို့အားလုံးက ကြောက်လန့်ပြီး ဘုရားစာရွတ်မိလိုက်တာ ခုနက ပစ်လိုက်တဲ့ ပုလင်းအဖုံးရောက်သွားတဲ့ နေရာက ခုံ အထပ်လိုက်ကြီးက ဝုန်း ဆိုပြီး တစ်ခုံမကျန် အကုန် ပြုတ်ကျတာ..

တကယ်ဆို ထွက်ပြေးလို့ရနေတာကို ဘယ်သူမှမပြေးမိကြသလို ခြေထောက်တွေလည်း မရွေ့ ဘူး.. နောက်တစ်ခုထူးဆန်းတာက ဒီလောက်ဆူညံပြီး ဖြစ်နေတာကို အခန်းအပြင်က ဘယ်သူမှမကြားကြဘူးလေ.. ဆယ့်တစ်ယောက်လုံး ရသမျှ ဘုရားစာတွေ အကုန် အော်ရွတ်ကြပေမယ့် ခုနကပြိုကျတဲ့ ခုံကိုလည်း လူတွေ ခြေထောက်နဲ့ ၀ိုင်းကန်နေသလို အသံတွေထွက်တာလည်း တိတ်မသွားဘူး.. ပြီးတော့ ဘေးနားမှာ လူတွေ ပြေးပြီးဖြတ်သွားသလို လေတွေတ၀ူးဝူးနဲ့... နောက် အခန်းထဲမှာ ထွန်းထားတဲ့ မီးပါပျက်သွားတယ်...

ကျွန်မတို့လည်း အားလုံးစုထိုင် လက်အုပ်ကလေးတွေချီ.. မျက်စိကိုမှိတ်ရင်း (မျက်ရည်တွေနဲ့ပေါ့..) ဘုရားစာရွတ်နေလိုက်ကြတာ.. ဆယ့်ငါးမိနစ်ကျော်လောက်လည်းကြာရော ၀ုန်း ဆို နံရံကိုပစ်ဆောင့် လိုက်တဲ့ အသံကြီးကြားပြီး ပြူတင်းပေါက်တံခါးတွေရော တံခါးမကြီးရော အကုန်ပြန်ပွင့် သွားတယ်.. ခြေထောက်လည်း လှုပ်လို့ ရသွားတယ်.. အဲဒါ တံခါးပေါက်ကို အလုအယက် ပြေးထွက် ကြတာ အပေါက်ဝလည်း ရောက်ရော အပေါက်ဝမှာ ယောက်ျားကြီးတစ်ယောက်.. တစ်ကိုယ်လုံး မှာ သွေးတွေနဲ့.. အင်္ကျီက အဖြူရောင်.. အဖြူရောင်ဆိုပေမယ့် သွေးတွေပေကျံနေတော့ အနီဘက်တောင် တော်တော်ရောက်နေပြီ.. ပုဆိုးက အပြာရောင်..

သူက အခန်းပေါက်ဝမှာ ရပ်နေတော့ ဒီမှာလည်းဆက်မနေရဲ အပေါက်ဝမှာလည်း တစ်ကောင် ဆိုတော့ ကြောက်အားလန့်အားနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး မျက်လုံးကိုမှိတ်.. သူ့ကိုဝင်တိုက်ပြီး အကုန် ထွက်ပြေးလာတာ... သူ့ကိုဝင်တိုက်လိုက်တာ လေဟာနယ်ထဲ ခဏလေးရောက်သွားသလိုပဲ... အခန်းက ဒုတိယထပ်မှာဆိုတော့ အောက်ထပ် ပြေးဆင်းလာကြတာ.. နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲ ဆိုပြီး ပြေးဆင်းကြတာ.. ပြီးတော့ ကိုယ့်အခန်းထဲ ပြန်ရောက်တော့ အသက်မနည်းရှု ပြီး ချွေးသီးချွေးပေါက်တွေ ကျလို့.. နောက်ရက် ဆယ့်တစ်ယောက်လုံးဖျားကြတာ အကလည်း ဆက်မတိုက်နိုင်တော့ဘူးလေ..

ဒီအဖြစ်အပျက်လေးက ကိုးတန်းတုန်းက စူးစမ်းချင်စိတ်နဲ့ လုပ်ခဲ့ဖူးတဲ့ အမှားလေးတစ်ခုပါပဲ ရှင်...
ကျောင်းနာမည်လေးကိုတော့ ချန်လှပ်ထားခဲ့ပါရစေ..

ဒီဇာတ်လမ်းလေးကို ပြောပြပေးပို့သော မ Shweyi Phyo Zaw ကို အထူးကျေးဇူးတင်ပါတယ်..
__________________________________________
source : original uploader
Mar 10.2016 | http://www.mymemo.cf/2016/03/post341.html