ဆိုလာပြားတွေကို အဓိက အသုံးပြုနေကြတဲ့ သူတွေအနေနဲ့ ရာသီဥတု အရမ်းပူပြင်းနေတဲ့အချိန်မှာ သတိထားအသုံးပြုသင့်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။
ဆိုလာပြားတွေကို တပ်ဆင်အသုံးပြုတဲ့သူတွေအနေနဲ့ နေအိမ် အဆောက်အအုံတွေနဲ့ လွတ်ကင်းတဲ့နေရာ (ဒါမှမဟုတ်) ဆိုလာပြား အားသွင်းတဲ့နေရာကို နေအိမ်တွေနဲ့ လွတ်ကင်းတဲ့ နေရာတွေမှာ နေရာပေးဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ်ကွပ်ကဲရေးစင်တာ တာဝန်ခံဦးရွှေဘက ပြောပါတယ်။
‘‘ပူလာတဲ့အခါကျတော့ ဝိုင်ယာတွေပျော့လာတယ်။ ပျော့လာတော့ ဝိုင်ယာ နှစ်ခုသွားပူးပြီး မီးလောင်တာ’’ လို့ သူကရှင်းပြပါတယ်။
ဆိုလာပြားကနေ တစ်ဆင့် မီးလောင်ရတဲ့ အဓိကအကြောင်းအရင်းက အားသွင်းရာမှာ အဓိက အရေးပါတဲ့ (Charge Controller) (ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေးသည့် ကိရိယာ) မတပ်ဆင်ကြတာကြောင့် ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့ဆိုလာပြား ရောင်းချတဲ့ ကုမ္ပဏီတစ်ခုက ဆိုလာပညာရှင်တစ်ဦးက ပြောပါတယ်။
ဆိုလာပြားနဲ့ ဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုတဲ့ ဆိုလာဝိုင်ယာကြိုးကို နေအပူဒဏ်ခံနိုင်ဖို့နဲ့ အပူချိန် မတက်စေဖို့ ပိုက်လုံးထဲထည့်ပြီး အသုံးပြုသင့်တယ်လို့ မကွေးတိုင်း မြိုင်မြို့နယ်က ဆိုလာပြားရောင်းချသူ ကိုသန်းနိုင်ဦးက ပြောပါတယ်။
ဆိုလာပြားအားသွင်းရာမှာလည်း သတ်မှတ်ချက်မရှိဘဲ အားပြည့်မပြည့် သိနိုင်တဲ့ ဒိုင်ခွက်လို ကြားခံ ပစ္စည်းတွေ မရှိတာကြောင့် ရာသီဥတုပူလာတဲ့အချိန်မှာ ဘက်ထရီအိုးပေါက်ကွဲတာတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကလည်း သာစည်မြို့နယ် မိတ္ထီလာ-သာစည် ကားလမ်းမဘေးက မိုင်တိုင်(၁၄)နားမှာ ဆိုလာပြား အားသွင်းရင်း မီးပွားကျကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
__________________________________________
Source : 7DayDaily
Mar 21.2016 | http://www.mymemo.cf/2016/03/post369.html