လူသေသောအခါ ဘာကြောင့် ဒီလို လုပ်နေပါသလဲ - Kharann Media

Breaking

လူသေသောအခါ ဘာကြောင့် ဒီလို လုပ်နေပါသလဲ


လူသေသောအခါ ရေချိုးပေးရခြင်း အကြောင်း
လူတို့သည် ရောဂါများခံစားရသောအခါ ဆေးဝါးများ ကုသရခြင်း၊ ရေမချိုးရခြင်းစသည်ဖြင့် ရက် လနှစ် ကြာမြင့်အောင် ဝေဒနာကို ခံစားပြီး သေဆုံးသွားရသည်။ ထို လူသေကောင်၌ မကောင်းသော အနံ့များ နံနေသောကြောင့် အသုဘရှုသူ ရဟန်းရှင်လူများ အနံ့ သက်သာစေရန် ရေချိုးပေးရခြင်း၊ အမွှေးနံ့သာများ ဖြန်းပေးရခြင်းပင် ဖြစ်ပါသည်။

လူသေကောင် ပါးစပ်ထဲ ငွေထည့်ပေးရခြင်း အကြောင်း
လူအများစုက ဒီပြဿနာကို နောက်ဘဝ အတွက် ကူးတို့ခဟု ထင်မှတ်နေပါသည်။ တကယ်တော့ ဟိုးရှေးအခါက လူတို့သေပြီဆိုလျှင် သုဿာန်၌ လူသေအလောင်းများကို မြေမြှုပ်ပေးနေသော သုဘရာဇာ တစ်ယောက် ရှိသည်။

ထိုသူသည် ကိုယ်တိုင်မြေတူး ကိုယ်တိုင်မြေမြှုပ်ပေး၏။ ထိုသူအားပေးရန် ငွေအသပြာ တစ်မတ်ကို ကျန်ရစ်သူ မိသားစုက အလောင်း၏ ပါးစပ်အတွင်း ထည့်ထားပေးရသည်။ သုဘရာဇာလူကြီးမှာ အလောင်းပါးစပ်မှငွေ တစ်မတ်ကိုယူ၍ မြေမြှုပ်ပေးလေတော့သည်။

အချိန်ကာလတွေ ကြာမြင့်လာသောအခါ လူတို့သည် နောက်ဘဝ အတွက် ကူးတို့ခဟု မှားယွင်းစွာ ထင် မှတ်ခဲ့လေသည်။

လူသေကောင် ခြေ  လက် တို့ ၌ ကြိုးချည်ထားရခြင်း အကြောင်း
လူသေသောအခါ အကြောများ တောင့်တင်း ခိုင်မာလာကြသည်။ ကြိုးချည်မထားလျှင် ခြေကားယား၊ လက် ကားယားဖြင့် မြင်မကောင်းအောင် အရုပ်ဆိုးလှသည်။ ထို့ကြောင့် ခြေနှစ်ချောင်းကို ယူကာ ကြိုးဖြင့်ဖြစ်စေ၊ ဆံပင်ဖြင့်ဖြစ်စေ ချည်ထားရခြင်း ဖြစ်ပါသည်။

အခြားသော ဗဟုသုတ အဖြစ် မှတ်ထားစေရန်
နတ္ထိ သုဘံ ဧတဿာ တိ အသုဘံ/  ဧတဿ » ဤ  အလောင်းကောင် ၌ သုဘံ တင့်တယ်မှုသည် နတ္ထိ မရှိ တဲ့။ လူ အများ အမြင်မှာ တင့်တယ်မှု မရှိလို့ အသုဘ လို့ခေါ်ပါတယ်။

အချို့သောနေရာ တို့၌ ရှေ့လူကြီး တို့၏ မှားယွင်းသော အယူများကို ယူနေပါတယ်။  ဥပမာ.. အပြင် မှာသေသော လူအား အရပ်ထဲ ရွာထဲ မထည့်ရ၊ နောက်လူသေတတ်တယ် ဆိုတာမျိုးပါ။ ဒါဆိုရင် နိုင်ငံခြားမှာသေ၍ လေယာဉ်ဖြင့် မြန်မာပြည်ကို ပြန်ယူသောအခါ ထိုလေယာဉ်က သင့် ဦးခေါင်းမှ ပျံသွားခဲ့တယ် ဆိုရင် သင် ဘယ်လို လုပ်မလဲ။

ဒါတွေက တကယ်တော့ မြန်မာ တို့၏ အယူသည်းမှုပါ။ လူသေကောင်တော့ အမျိုးမျိုးပြောတတ်ပေမဲ့ တိရိစ္ဆာန် အသေတော့ ဝင်ချင်တိုင်း ဝင် ထွက်ချင်တိုင်း ထွက်နေတာ မြင်တဲ့ အတိုင်းပါ။

နောက် တစ်ခုက လူသေလျှင် အိမ်မှ ခုနှစ်ရက်ကြာမှ ထွက်တယ် ဆိုတဲ့ အယူပါ။ ဒါကလည်း မှားယွင်း ပါတယ်။

ဦးဇင်းတို့ ဗုဒ္ဓ အဘိဓမ္မာသဘော အရ ဘဝဟောင်းရှိ စုတိ၏ အခြားမဲ့၌ ကာလမခြားဘဲ ဆက်တိုက်သာ လျှင် ဘဝသစ်၌ ပဋိသန္ဓေနေရသောကြောင့် သေပြီးသည့်နောက် (၇) ရက်ပြည့်မှ အိမ်က ထွက်တယ် ဆို တာလည်း မှားယွင်းပါတယ်။

အခြား အခြားသော ဗဟုသုတဖြစ်စေရန်တွေကိုလည်း အခွင့်သင့်လျှင် ရေးသားပေးသွားပါ့မယ်...
အားလုံး ကျန်းမာ ချမ်းသာကြပါစေ...
__________________________________________
ဓမ္မာစရိယ ဦးဇင်းလေး
{ အသုဘကြေးမှုံကျမ်းမှ ရေးသားတင်ပြအပ်ပါတယ် }
Mar 22.2016 | http://www.mymemo.cf/2016/03/post371.html