
ပြီးရင် အောက်မှာ နံပါတ်အလိုက် ပင်ကိုစရိုက်တွေကို ဖော်ပြပေးထားပါတယ်..။ ဖတ်ကြည့်ပါ။တော်တော်များများ မှန်ကန်မှုရှိတာတွေ့ရ ပါမယ်..။ သင်တကယ်ကြိုက်နှစ်သက်တဲ့ပုံကသာ သင့်စရိုက်ကို မှန်ကန်အောင် ဖော်ပြပေးနိုင်ပါတယ်..။
၁. လွတ်လပ်မှုကို မြတ်နိုးသူ
လွတ်လပ်မှုဟာ သင့်အတွက် အရေးကြီးပါတယ်။ ချည်နှောင်ခံရတယ် ဆိုတဲ့ ခံစားမှုထက်ဆိုးတာ သင့်ဘဝမှာ မရှိပါဘူး။ သင်ဟာ အလုပ်ကိုဖြစ်စေ၊ နေရာထိုင်ခင်းကိုဖြစ်စေ မကြာခဏ ဆိုသလို ပြောင်းလဲလေ့ရှိပါတယ်။ ဘာလို့ဆို တစ်နေရာတည်းမှာ အချိန်ကြာမြင့်စွာ နေထိုင်ခြင်းဟာ သင့်ကို ချောက်ချားစေလို့ပါပဲ။ ယုတ်စွအဆုံး ဒီအချက်ဟာ သင့်ရဲ့လက်တွဲဖော်တွေကိုပါ သက်ရောက်စေပါတယ်။ လူတွေကရော၊ သင့်ကိုယ်သင်ပါ သင့်ဟာ ပျော်ပျော်နေတတ်သူလို့ မြင်ကြပါလိမ့်မယ်။ သင်ဟာ "ဘဝမှာ တစ်ကြိမ်တည်းသာ အသက်ရှင်နိုင်တယ်" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ပျော်စရာကောင်းတဲ့ ဘဝကို ဖန်တီးဖို့ ကြိုးစားလေ့ရှိပါတယ်။ သင်ဟာ သင့်ရဲ့လေးကန်ထိုင်းမှိုင်းလှတဲ့ အပေါင်းအသင်းတွေကို တက်ကြွလန်းဆန်းလာအောင် ဆွဲဆောင်နိုင်စွမ်း အပြည့်ရှိပါတယ်။ မီးညွန့်ဆီကို တိုးလာကြတဲ့ ပိုးဖလံတွေလိုပေါ့။ သူတို့က သင့်ကို အလင်းရောင်တစ်ခုအဖြစ် ရှုမြင်ကြလိမ့်မယ်။ အပေါင်းအသင်းတွေဟာ သင့်ကို ဖယ်ခွာသွားလေ့ မရှိဘူးဆိုတာ သင် ဂရုစိုက်ကြည့်ပါ။ သင်ဟာ စူစမ်းချင်စိတ်လည်း သိပ်များတယ်။ နောက်ပြီး သင်ဟာ ဘဝရပ်တည်မှုနဲ့ အသစ်အသစ်သော အရာတွေကို ရှာဖွေဖို့ သင့်စိတ်တံခါးကို အမြဲဖွင့်ထားတတ်တယ်။ သင့်ရဲ့ဘဝဟာ ရိုးရှင်းပါတယ်။ သင်ဟာ လတ်ဆတ်တဲ့လေနုအေးလေးရဲ့ ရနံ့လိုပါပဲ။
၂. ကိုယ်ပိုင်အယူအဆများနှင့် လမ်းသစ်ဖောက်သူ
သင့်ဘဝ ရပ်တည်မှုပုံစံဟာ သင့်ရဲ့ကိုယ်ပိုင်ဟန်တွေနဲ့ပဲ တစ်မူထူးနေတတ်တယ်။ သင်ဟာ အများယောင် တိုင်း လိုက်ယောင်လေ့ မရှိဘူး။ ဒီရေကို ဆန်ပြီး ကူးရမယ် ဆိုရင်တောင် သင်ဟာ သင့်ဘဝကို ကိုယ်ပိုင် စိတ်ကူး၊ ကိုယ်ပိုင်ခံယူချက်တွေနဲ့သာ ဖြတ်သန်းချင်တယ်။ သင့်ဘဝရဲ့ ကိုယ်ပိုင်ဦးတည်ချက်တွေကို ရှာဖွေဖို့ သင်ဟာ လွတ်လပ်မှုနဲ့ အနှောင့်အဖွဲ့ကင်းတဲ့ ဘဝမျိုး လိုအပ်ပါလိမ့်မယ်။ သင်ဟာ အလုပ်မှာ ဖြစ်စေ၊ အားလပ်ချိန်မှာဖြစ်စေ ဖန်တီးနိုင်မှု ပါရမီ ရင့်သန်သူ ဖြစ်တယ်။ တစ်ခါတစ်လေ လွတ်လပ်မှုဟာ သင့်မျှော်လင့်ချက်နဲ့ ဆန့်ကျင်ဘက်ကို လုပ်ဆောင်ဖို့ အကြောင်းဖန်လာ တတ်တယ်။ သင်ဟာ တစ်မူထူးခြားတဲ့သူဖြစ်တယ်။ ထို့ကြောင့် အခြားသူများနှင့် ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ပြီး စိတ်မပျက် သင့်ပါ။ သင်၏ ကိုယ်ပိုင်ဟန်ဖြင့်သာ ဘဝကို လျှောက်လှမ်းပါ။
၃. အသိတရားနှင့် လေးနက်စွာ တွေးခေါ်တတ်သောသူ
သင်ဟာ နာရီပေါင်းများစွာကို အတွေးတွေနဲ့ တစ်ယောက်တည်း ဖြတ်သန်းနိုင်စွမ်း ရှိသူပါ။ သင်ဟာ ပျင်းရိခဲပါတယ်။ သင်ဟာ ပေါ့ပြက်မှုကို မနှစ်သက်ပါဘူး။ သင်ဟာ အာလာပသလ္လာပ ပြောခြင်းထက် ဆိတ်ဆိတ်နေခြင်းကိုသာ ပိုမိုလိုလားသူဖြစ်ပါတယ်။ သင့်မှာ သင့်နဲ့ လိုက်လျောညီထွေရှိပြီး အေးအေး ချမ်းချမ်း နေတတ်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ရှိပါတယ်။ သင်ဟာ အချစ်ကြီးတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က သစ္စာဖောက်ခဲ့ရင် ခွင့်မလွှတ်တတ်ဘူး။ သင်ဟာ သင့်အသက်ထက် ပိုကြီးရင့်တဲ့ သူတစ်ဦးလို ပြုမူနေထိုင်တတ်တယ်။ အရာရာကို မြင်နိုင်စွမ်းရှိတယ်။ သင့်ရဲ့အာသီသတွေကတော့ ရိုးရှင်းမှုနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ရေးပါပဲ။
၄. ကျိုးကြောင်းဆင်ခြင်တတ်ပြီး နှစ်လိုဖွယ်ကောင်းသောသူ
သင်ဟာ ပင်ကိုသဘာဝအရကို နှစ်လိုဖွယ်ကောင်းသူဖြစ်တယ်။ အရှိကို အရှိအတိုင်း မြင်နိုင်တယ်။ သင့်ကို လူတွေက သူတို့နဲ့ ထပ်တူကျသူအဖြစ် လေးစားကြတယ်။ သင်ဟာ ကိုယ့်ဘာသာကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်သလို၊ အများရဲ့မှီခိုမှုကိုလည်း ထောက်ပံ့ပေးနိုင်တယ်။ သူများတကာ ချီတုံချတုံဖြစ်နေချိန်မှာ သင်ဟာ ဆုံးဖြတ်ပြီး ဖြစ်နေတတ်တယ်။ သင်ဟာ အများသူငှာကို လုံခြုံမှုတွေ ပေးနိုင်တယ်။ သင်ဟာ မာကြောတယ်။ လူအများက သင့်ကို ထုတ်မပြောပေမယ့် တကယ်တော့ သင်ဟာ သူတို့ကို လှည့်ပတ်နေတဲ့ နေမင်းနဲ့ တူတယ်လို့ လူအများက ခံယူထားကြတယ်။ သင်ဟာ ပေါ့ပြက်မှုကို မနှစ်သက်။ တစ်ခါတစ်လေမှာ သင့်ရဲ့ကြံကြံဖန်ဖန် စိတ်ကူးအတွက် ခေါင်းမာတတ်တယ်။ လူအများ အကြပ်အတည်း တွေ့နေချိန်မှာ သင်ဟာ သင့်အတွက် လိုအပ်မှုမှန်သမျှကို သိနေတတ်တယ်။ သင့်မှာ အမျိုးသားမှာရော၊ အမျိုးသမီးမှာပါ တွေ့ရတတ်တဲ့ စွမ်းရည်မျိုးရှိတယ်။
၅. ပညာရှင်ဆန်၍ မိမိကိုယ်ကို ယုံကြည်သောသူ
သင်ဟာ သင့်ဘဝကို ကိုယ်တိုင်ထိန်းကျောင်းနိုင်စွမ်းရှိတယ်။ ကံကြမ္မာအပေါ်မှီခိုမှုနည်းပြီး၊ လက်တွေ့ လုပ်ဆောင်မှုကိုသာ ယုံကြည်တယ်။ ပြဿနာတစ်ခုကို လက်တွေ့ကျကျနဲ့ တည်ငြိမ်စွာ ဖြေရှင်းတတ်တယ်။ လောကဓံကို ယထာဘူတကျစွာ ရှုမြင်လေ့ရှိပြီး၊ ဇီဇာကြောင့်လေ့မရှိဘူး။ ဒါကြောင့် သင်ဟာ အလုပ်မှာ တာဝန်ကြီးတွေကို ထမ်းဆောင်ရလေ့ရှိတယ်။ သင်ဟာ အခြားသူများကိုပါ မိမိကိုယ်ကို ယုံကြည်စိတ်ကို တိုးပွားလာစေတယ်။ သင်ဟာ မွေးရာပါ ခေါင်းဆောင်စရိုက်ရှိသူ၊ စီမံခန့်ခွဲမှုကောင်းသူဖြစ်တယ်။ သင်ဟာ အသင်းအဖွဲ့နဲ့ လုပ်နေလင့်ကစား၊ တကယ်တော့ အမိန့်ပေးစေခိုင်းသူသာ ဖြစ်သင့်တယ်။ အဆုံးမှာတော့ သင်ဟာ အမြဲမှန်ကန် ပြည့်စုံနေတဲ့သူပါပဲ။
၆. ထာဝရ အေးငြိမ်းစွာသာ နေထိုင်လိုသူ
သင်ဟာ အပူအပင်မထားတတ်သော်လည်း အပြောအဆို လိမ္မာသိုသိပ်သူဖြစ်တယ်။ မြဲခိုင်သော ကျက်သရေကို ပိုင်ဆိုင်ထားသူဖြစ်တယ်။ သင်ဟာ လွတ်လပ်မှုနဲ့ တသီးပုဂ္ဂလဆန်မှုကို လိုလားသော်လည်း မိတ်ဆွေအပေါင်းအသင်းများကို ခင်တွယ်လေ့ရှိတယ်။ သင်ဟာ အရာရာကို စွန့်လွှတ်ဖို့ ဝန်မလေးသလို၊ မကြာခဏဆိုသလို တစ်ယောက်တည်း နေထိုင်ကာ ဘဝအဓိပ္ပာယ်ကို ချင့်ချိန်လေ့ရှိတယ်။ သင်ဟာ အထီးကျန်ဆန်သူ မဟုတ်သော်လည်း သင့်အတွက် သီးသန့်ဖြစ်တည်နေမယ့် နေရာတစ်ခုကို လိုအပ်လေ့ ရှိတယ်။ သင်ဟာ သင့်ကိုယ်တိုင်ကော၊ ကမ္ဘာကြီးကိုပါ ငြိမ်းချမ်းနေစေချင်တယ်။ လောကဓံက ဘာပဲဖြစ်ဖြစ် ပြုံးပြုံးကြီး ရင်ဆိုင်လေ့ရှိတယ်။ သင့်မှာ မြင့်မားတဲ့ဘဝရည်မှန်းချက်ရှိတယ်။ အဲဒီရည်မှန်းချက်ကို သင်လျှောက်လှမ်းတဲ့အခါ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကြောင့် ပတ်ဝန်းကျင်ရဲ့ အံ့သြချီးကျူးမှုကို ရရှိလိမ့်မယ်။
၇. အနုပညာကို မြတ်နိုး၍ ရိုးရိုးယဉ်ယဉ်သာ နေထိုင်တတ်သူ
အနုပညာကို မြတ်နိုး၍ အရာရာကို နောကျေနေတတ်တဲ့ သင်ဟာ ကိုယ်ပိုင်အတွေးအခေါ်၊ မှတ်သား ထိုက်တဲ့ အဆုံးအမ၊ ဂီတနဲ့ အနုပညာကို ငွေးကြေးထက် ပိုမိုတန်ဖိုးထားသူဖြစ်တယ်။ သင်ဟာ မျှတတဲ့ စိတ်ရှိပြီး၊ ငြင်းခုံမှုတွေရဲ့ နှစ်ဖက်စလုံးကို နားလည်နိုင်စွမ်းရှိသူဖြစ်တယ်။ သင်ဟာ အရာရာကို စိတ်လိုလက်ရ လုပ်ခြင်းထက် အခြေအနေမှန်ကို စဉ်းစားသုံးသပ်ဖို့သာ အားသန်သူဖြစ်တယ်။ သင်ဟာ အေးငြိမ်းစွာနေတတ်သူ၊ ကျိုးကြောင်းဆက်စပ်တတ်သူ၊ ဂရုဏာတရားကြီးမားပြီး ကြင်နာတတ်သူဖြစ်တယ်။ သင်ဟာ ရှေးဆန်တဲ့ အယူအဆရှိသူဖြစ်ပြီး အဲဒီအယူအဆကပဲ သင့်ကို လူကြီးလူကောင်းတစ်ယောက် ဖြစ်စေတယ်။ သင့်လို အမြဲတစေ လူကြီးတစ်ယောက်လိုပြုမူ နေထိုင်တတ်သူဟာ လူအများရဲ့လေးစားခြင်း ကို ခံရတတ်တယ်။ သင့်ကိုကြည့်ပြီး အတုယူတတ်တယ်။
၈. စဉ်းစားချင့်ချိန် ဆုံးဖြတ်နိုင်စွမ်းရှိသူ
သင်ဟာ တုံ့ပြန်မှုမြန်ဆန်ပြီး၊ စိတ်ပိုင်းဆိုင်ရာ အားကောင်းသူဖြစ်တယ်။ သင်၏ဗီဇသည် အရာရာကို သိနေတတ်ပြီး၊ သင့်၏ခံစားချက်အပေါ် ယုံကြည်သူဖြစ်တယ်။ သင့်မှာ မြင့်မားတဲ့ အနာဂတ်အိပ်မက်တွေ ရှိနေရမှာ ဖြစ်ပြီး၊ မဟုတ်ရင်တော့ သင်ပျော်ရွှင်မှာ မဟုတ်ပါ။ သင့်ကိုယ်သင် တိုးတက်အောင် ကြိုးစားချင်စိတ်ရှိပြီး၊ အကယ်၍ အမှန်တကယ် ကြိုးစားခဲ့လျှင် သေးသေးလေးဖြစ်နေစေကာမူ ကြီးမားသော ပြောင်းလဲတိုးတက်မှုကို ရရှိနိုင်ပါတယ်။ သမရိုးကျနည်းအတိုင်း နေထိုင်တတ်သူတွေဟာ သင့်အတွက် နားလည်ဖို့ ခက်ခဲနေမှာပါ။ သင်ဟာ လောကအကြောင်း ပိုမိုရင်းနှီးကျွမ်းဝင်နေသူများကို လှိုက်လှဲစွာ အလေးပေးတတ်သူဖြစ်တယ်။ သင့်မှာ ပါရမီထူးသော ဗီဇဓာတ်ခံရှိပြီး၊ ထိုဗီဇကို ယုံကြည်ပါ။ ထိုဗီဇကိုသုံးပြီး အလုပ်လုပ်ပါ။
၉. အင်တိုက်အားတိုက် တက်တက်ကြွကြွ လုပ်ကိုင်တတ်သူ
သင်ဟာ တက်ကြွသူ၊ အင်တိုက်အားတိုက် လုပ်ကိုင်တတ်သူဖြစ်တယ်။ သင်ဟာ သင်ဝါသနာပါတဲ့ အလုပ်အမျိုးမျိုးကို စွန့်စားလုပ်ကိုင်လိုစိတ်ရှိသူဖြစ်တယ်။ သမရိုးကျနည်းလမ်းတွေဟာ သင့်ကိုတော့ အမှန်တကယ် ချောက်ချားစေတယ်။ ပုံမှန် ရုံးချိန်လို အလုပ်မျိုးတွေဟာ သင့်ရဲ့စိတ်နဲ့ ထက်သန်မှုကို ပျက်စီးစေတယ်။ သင်ဟာ သင့်ရဲ့စိတ်ကူးတွေကို လုပ်ရပ်တွေအဖြစ် ပြောင်းလဲအောင် လုပ်ဖို့ အခွင့်အရေးမျိုး လိုအပ်ပါလိမ့်မယ်။ သင့်မှာ နှစ်လိုဖွယ်ကောင်းတဲ့ စရိုက်လက္ခဏာရှိပြီး၊ အမှောင်မိုက်ဆုံး အခိုက်အတန့်မှာတောင် လူအများကို ပျော်ရွှင်လာအောင် အားပေးလေ့ရှိတယ်။ သင့်ရဲ့တက်ကြွမှုတွေ ပျောက်ဆုံးနေတယ်လို့ သင်ခံစားရပြီဆိုရင် အဲဒါဟာ သင့်ရဲ့ရွေးချယ်မှုတွေ မှားယွင်းနေလို့ပါပဲ။ နှစ်များစွာတိုင်အောင် ရုန်းကန်ရမည်ဆိုလျှင်တောင် သင်၏ စိတ်ထက်သန်ရာကိုသာ ဦးစားပေးပါ။ သင်အောင်မြင်ဖို့ အရေးအကြီးဆုံးအရာက သင်ကိုယ်တိုင်သတ်မှတ်ထားတဲ့ သင့်ပန်းတိုင်ပါပဲ။
__________________________________________
source : Pho Shann
Feb 24.2016 | http://www.mymemo.cf/2016/02/post265.html