မြစ်ချောင်းများသည် တစ်ခါတစ်ရံတွင် တစ်နေရာ၌ ငုပ်လျှိုးကွယ်ပျောက်သွားပြီး အခြား တစ်နေရာ၌ ပြန်လည် ထွက်ပေါ်လာ၍ စီးဆင်းတတ်ကြသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ မြို့နယ် တွင်လည်း "နမ်းပဆေး" မြစ်သည် ထိုသို့ မြေကြီးအတွင်း ငုပ်လျှိုးကွယ်ပျောက် သွားပြီးမှ မြစ်ကြောင်း ပြန်လည် ဖြစ်ပေါ် စီးဆင်းသော နေရာကို "ငုပ်ထိပ်" ဟု ခေါ်ဆိုရာမှ ကာလ ကြာမြင့်သောအခါ "ဂုတ်ထိပ်" ဟု လူသိများ ခေါ်ဝေါ်လာကြသည်။
ထို ဂုတ်ထိပ်အနီးတွင် သစ်ပင်ချုံနွယ်များ ထူထပ်များပြားစွာ ပေါက်ရောက်လျက်ရှိပြီး အလွန် မတ်စောက်သော လျှိုကြီးများလည်း ရှိပေသည်။ အင်္ဂလိပ် တို့သည် ၁၈၅၂ ခုနှစ်တွင် အောက် မြန်မာနိုင်ငံ ကို သိမ်းယူခဲ့ပြီး ၁၈၇၄ ခုနှစ်တွင် ရန်ကုန် - ပြည် မီးရထားလမ်းကို စတင် ဖောက်လုပ်ကာ ၁၈၇၇ ခုနှစ် မေလ ၁ ရက်တွင် စတင် ပြေးဆွဲ နိုင်ခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးကို သိမ်းယူ၍ မီးရထားလမ်းများ ဆက်လက် ဖောက်လုပ်ခဲ့ရာ မန္တလေး - လားရှိုး မီးရထားလမ်းသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်။
အင်္ဂလိပ်တို့ ဖောက်လုပ်ခဲ့သော မီးရထားလမ်းများထဲတွင် မန္တလေး-လားရှိုးလမ်း နှင့် သာစည်-ရွှေညောင် လမ်းတို့သည် တောင်ကုန်း တောင်တန်း နှင့် လျှိုမြောင် ပေါများသောကြောင့် ကုန်ကျစရိတ်မြင့်မားခဲ့ ရသည်။ ထိုအထဲတွင် မန္တလေး-လားရှိုး လမ်းပေါ်ရှိ ဂုတ်ထိပ် တံတားကြီးကိုလည်း ခက်ခက်ခဲခဲ ဖောက် လုပ် ခဲ့ရပြန်သည်။ တံတားကြီး တည်ဆောက်ရန် လိုအပ်သော ပစ္စည်းများကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှ သင်္ဘောကြီးများဖြင့် သယ်ယူခဲ့ကြရသည်။
ဂုတ်ထိပ် တံတားကြီးသည် အခြားတံတားများနည်းတူ မြစ်ချောင်းများကို ကျော်ဖြတ် ဖောက်လုပ်သော တံတား မဟုတ်ဘဲ အလွန် မတ်စောက်သော လျှိုကြီး နှစ်ခုကို ဆက်သွယ် ဖောက်လုပ် ထားခြင်းပင် ဖြစ်သည်။ ဂုတ်ထိပ် တံတားကြီး သည် ပေ ၂၂၆၀ ရှည်လျားပြီး ပေ ၁၁၀၀ မြင့်သောကြောင့် ကမ္ဘာပေါ်တွင် ဒုတိယ အမြင့်ဆုံး တံတားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ တံတားကြီး တည်ဆောက်ရာတွင် သံ နှင့် သံမဏိ တန်ချိန်ပေါင်း ၄၃၁၁ တန်ရှိပြီး၊ အသုံးပြုခဲ့ရသည့် သံမှိုပေါင်းမှာ အရေအတွက်အားလုံး ၁၀ သိန်း ရှိခဲ့သည်။
တံတားကြီး သည် နောင်ချို ဘူတာနှင့် ၇ မိုင်အကွာတွင် တည်ရှိပြီး နောင်ချိုမြို့နယ် နှင့် ကျောက်မဲမြို့နယ် တို့၏ နယ်နိမိတ် သတ်မှတ်ထားရာလည်း ဖြစ်သည်။ တံတားပေါ်တွင် မီးရထား တစ်မျိုးသာလျှင် သွားလာ နိုင်သည်။ ယခင်က တံတားပေါ်တွင် လေ့လာ ကြည့်ရှု သွားလာနိုင်ရန် ခွင့်ပြုခဲ့သော်လည်း ယခုအခါ ထိုကဲ့သို့ ခြေကျင် လျှောက်ခြင်းမျိုးကို လုံခြုံရေးအရ ခွင့်ပြုခြင်းမရှိတော့ပေ။
ဂုတ်ထိပ် တံတားကြီး အောက် မနီးမဝေး တွင် အကွေ့အကောက် များစွာဖြင့် အလွန်လှပသော ဂုတ်တွင်း အဆင်း၊ အတက် လမ်းရှိသည်။ နောင်ချိုမြို့မှ ကွေ့ကောက် ဆင်းလာပြီး နောက်ဆုံး ဂုတ်တွင်း တံတား ရောက်ရှိပါက နောင်ချိုမြို့နယ် ကုန်ဆုံးပြီး အတက်လမ်းသည် ကျောက်မဲမြို့နယ်တွင် ပါဝင် သွားသည်။ ထိုလမ်းပေါ်တွင် ကားကြီး၊ ကားငယ်များနှင့် ဆိုင်ကယ်များ သွားလာနိုင်ပြီး မန္တလေး - မူဆယ် ပြည်ထောင်စု လမ်းမကြီး ၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။
ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးကို ၁၉၀၃ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ရာ ယခုအခါ နှစ်ပေါင်း (၁၁၀) ကျော်ရှိပြီ ဖြစ်သည်။ တံတားကြီးသို့ ပြင်ဦးလွင် နှင့် မန္တလေးမြို့တို့မှ မီးရထားဖြင့်ဖြစ်စေ၊ ကားလမ်းမှ ဖြစ်စေ နေ့ချင်းပြန် သွားရောက် လေ့လာလည်ပတ် နိုင်မည်ဖြစ်သည်။
__________________________________________
သက်နိုင်(ပြင်ဦးလွင်) | MyMemo

