သတိထားရမယ့် စာရွက်စာတမ်းအတုများ - Kharann Media

Breaking

သတိထားရမယ့် စာရွက်စာတမ်းအတုများ


"တစ်နေ့က နေ့စဉ်ထုတ် သတင်းစာတစ်စောင်ထဲမှာ တရားမဝင် မြေရောင်း မြေဝယ်တွေ ပေါ်ပေါက်နေ တယ်လို့ ဖတ်လိုက်ရတယ်'' ဟု မိတ်ဆွေတစ်ဦးက စတင် ဆွေးနွေးလာပါသည်။

''ဟုတ်တယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ မြို့ပြလူဦးရေ ထူထပ်လာကြတော့ မြို့ပြ ဆင်ခြေ ဖုံး နေရာတွေကို တရားမဝင် ကျူးကျော်နေထိုင်သူတွေ များလာကြတယ်။ တချို့နေရာဆိုရင် ရွာကြီး တစ်ရွာ အခြေအနေမျိုး ရောက်နေကြတယ်''

''နိုင်ငံတော်အစိုးရကတော့ မြို့ပြစီမံကိန်းတွေ လုပ်ပေးနေတယ် မဟုတ်လား''

''အဲဒီ မြို့ပြစီမံကိန်းနဲ့ နီးတယ်ဆိုပြီး အကြောင်းပြချက်နဲ့ အားနည်းချက်ကိုရယူပြီး အရောင်းအဝယ် တရားမဝင်လုပ်နေကြတာပဲ။ အခုဆိုရင် နိုင်ငံတော်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးလျှော့ချရေးကို အလေးထားတဲ့အနေနဲ့ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး အထူးလုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းလို့ မြေငှားဂရန်တွေ ထုတ်ပေးနေတယ်လေ''

''မြေခွန်ပြေစာအတုတွေ ပေါ်နေဆိုလားပဲ'' ဟု မိတ်ဆွေက ပြောပြန်သည်။

''အတုကတော့ မြေခွန်ပြေစာတစ်ခုတည်း မဟုတ်ဘူး။ မြေချပါမစ် အတု၊ မြေဂရန် အတုတွေလည်းရှိ တာပဲ''

''အဲဒါ ဘယ်လိုခွဲခြားမလဲ''

''အဲဒါ ဘယ်လိုခွဲခြားမလဲ ဆိုတော့ ငွေစက္ကူလို အတုအစစ် ခွဲခြားလို့ရတဲ့ စာရွက်နမူနာပုံစံတော့ မရှိဘူးပေါ့။ ဒါပေမယ့် ဒီမြေကွက်ပြေစာကို ထုတ်ပေးတယ်ဆိုတဲ့ သက်ဆိုင်ရာရုံးဌာနကို မေးမြန်းစုံစမ်း လို့ရတယ်''

''မြေကိုဝယ်မယ်ဆိုရင် မြေစာရင်းဦးစီးဌာနကို စုံစမ်းရမယ်ပေါ့ ဟုတ်လား''

''ကျေးရွာနဲ့ မြို့ပြဆင်ခြေဖုံးနေရာတွေမှာတော့ နီးစပ်ရာ မြေစာရင်းဦးစီးဌာနမှာ စုံစမ်းလို့ရတယ်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စတဲ့ တရားဝင်ဌာနဆိုင်ရာတွေ မှာ သွားရောက်စုံစမ်းပြီး ခိုင်မာတယ်ဆိုမှ ဝယ်သင့်တယ်''

''ဒါဆိုရင် သက်ဆိုင်ရာဌာနက အတု၊ အစစ် ခွဲခြားပေးတယ်ပေါ့''

''ဒီသဘောပေါ့လေ၊ တင်ပြတဲ့ မြေကွက်ပြေစာ၊ မြေကွက်ရဲ့ မြေချပါမစ်၊ မြေဂရန်တွေဟာ သက်ဆိုင်ရာ ဌာနက ထုတ်ပေးခဲ့ခြင်း ရှိ၊ မရှိ စိစစ်ပေးတယ်''

''သက်ဆိုင်ရာဌာနက ထုတ်ပေးတဲ့ စာရွက်စာတမ်း မဟုတ်ရင် လက်ဝယ်ရှိသူမှာ အပြစ်ရှိသလား''

''မှန်ကန်တဲ့ စာရွက်စာတမ်း မဟုတ်မှန်းသိလျက်နဲ့ မြေကွက်ကို အကြောင်းပြရောင်းမယ်ဆိုရင် အပြစ်ရှိ သွားမှာပေါ့။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဖြစ်မယ် ထင်တယ်။ မိတ်ဆွေတစ်ဦးက ရန်ကုန်မြို့ပြ ဆင်ခြေဖုံး မြို့နယ်တစ်ခုမှာ  မြေဂရန်ရှိပြီး မြေကွက်တစ်ကွက်ကို  ဝယ်လိုက်တယ်။ နောက်မှ မြေကွက် သွားကြည့်တော့ အခြားလူတွေနေ နေကြတာကို တွေ့ရတယ်။ ဒါနဲ့ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့ သွားပြီးစုံစမ်းတော့ ဒီမြေဂရန်ဟာ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးထားတဲ့ မြေဂရန်စာချုပ် မဟုတ်ဘူးလို့ ပြန်ကြားစာ ရခဲ့တယ်။ ဒီမှာပဲ သူ့ကို လိမ်လည်ရောင်းချတယ်ဆိုပြီး တရားစွဲလို့ ရောင်းချ သူတွေ ထောင်ဒဏ်ကျခံခဲ့ရတယ်။ ဒါကြောင့် သိလျက်နဲ့ ရောင်းရင်တော့ အပြစ်ရှိမှာဖြစ်တယ်''

''လိမ်လည်ရောင်းသွားတဲ့ သူကို ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ''

''လိမ်လည်ရောင်းသွားတဲ့ သူကို ရှာမတွေ့ရင်တော့ ဝယ်သူက အဆုံးရှုံးခံရမှာပေါ့''

''မြေချပါမစ် ၂ ခု ထပ်နေမယ်၊ မြေဂရန် ၂ ခု ထပ်နေရင် သက်ဆိုင်ရာဌာနက ဘယ်သူ့ကို တရားဝင် အသိအမှတ်ပြုမလဲ''

''ဒါလည်း မကြာခဏဖြစ်တတ်တဲ့ ကိစ္စပဲ။ မြေချပါမစ် ၂ ခု၊ မြေဂရန် ၂ ခု ထပ်နေမယ်ဆိုရင် သက်ဆိုင်ရာ ဌာနက စိစစ်ပြီး အမှန်တကယ်ထုတ်ပေးထားတဲ့ စာရွက်စာတမ်းကို အတည်ပြုကြောင်းနဲ့ မမှန်မကန် ရယူထားတဲ့ စာရွက်စာတမ်းကို ပယ်ဖျက်ကြောင်း ကြေညာ မှတ်တမ်းတင်ပေးမှာဖြစ်တယ်''

''ဒီလိုဆိုတော့လည်း မြေမဝယ်မီမှာ သေချာစုံစမ်းသင့်တယ်''

''ဟုတ်တယ်၊ ဒါနဲ့ပတ်သက်လို့ ဗဟုသုတအဖြစ် ပြောရရင် နေ့စဉ်ထုတ် သတင်းစာတစ်စောင်မှာ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အများသိစေရန် ကြေညာ ချက် ထုတ်ပြန်ပေးတာမျိုး ရှိတယ်''

မြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (x)၊ မြေကွက်အမှတ် (xx) အား ဦး ... အမည်ပေါက် မြေချပါမစ် တင်ပြပြီး၊ ဦး ... မှ အမှုတွဲအမှတ်(x)ဖြင့်ဂရန်လျှောက်ထားရာ မြေငှားစာချုပ်အမှတ်(x)ဖြင့် (xxx)နေ့တွင် ၎င်းအမည်ပေါက် မြေငှားစာချုပ်(ဂရန်) ထုတ်ယူသွားပြီး ဖြစ်ပါသည်။

အဆိုပါ မြေကွက်ကိုပင် ပါမစ်အမည်ပေါက် ဦး ... ထဲမှ ဝယ်ယူထားသူ ဒေါ် ... မှ ပါမစ်မူရင်း တင်ပြ၍ ဂရန်သစ် လျှောက်ထားလာသည်။

မြေကွက်တစ်ကွက်တည်းကို မြေချပါမစ် ၂ စောင် ထွက်နေသဖြင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသို့ အတည်ပြုမေးမြန်းခဲ့ရာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပထမ ဦး ... တင်ပြသော မြေချပါမစ်မှာ ၎င်းဦးစီးဌာနမှ ထုတ်ပေးထားသောပါမစ်မဟုတ်ကြောင်း ပြန်ကြားလာသဖြင့် ဦး ... ထံသို့ ထုတ်ယူ သွားသော မြေငှားစာချုပ်မူရင်းအား ဌာနသို့ ပြန်လည်အပ်နှံရန် ၃ ကြိမ်တိုင်တိုင် အကြောင်းကြားပြီး ဖြစ်သော်လည်း ဌာနသို့ လာရောက်အပ်နှံခြင်းမရှိပါသဖြင့် မြေဂရန် လျှောက်ထားရယူသွားသော မြေငှား စာချုပ်အမှတ်(x) ဦး ... အမည်ပေါက် မြေငှားစာချုပ် ဂရန်စာအုပ်အား မြို့မြေစာရင်းမှ ပယ်ဖျက်ပြီးကြောင်း အသိပေး ကြော်ငြာအပ်ပါသည်'' လို့ ဖော်ပြ ကြော်ငြာပေးပါတယ်''

''ဒါဆို အဝယ်မမှားအောင် သေချာစိစစ်ဖို့ လိုပြီပေါ့''

''မှန်တယ် သူငယ်ချင်း၊ ခိုင်မာတဲ့ အထောက်အထား ဟုတ်၊ မဟုတ် သေချာစုံစမ်း စစ်ဆေးပြီးမှ ဝယ်သင့် တယ်။ ဒါမှမဟုတ်ရင် ဆုံးရှုံးမှုများနဲ့ ရင်ဆိုင်နိုင်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်လို့ မြေနဲ့ အိမ်ကိုဝယ်ရင် အထူးသတိပြုသင့်တယ် သူငယ်ချင်း''
__________________________________________
source : Zaygwet

Feb 2.2016 | http://www.mymemo.cf/2016/02/post210.html