စပါးကြီးမြွေ အညှို့ခံရသူ - Kharann Media

Breaking

စပါးကြီးမြွေ အညှို့ခံရသူ


"ဟဲ့... မိပန်းလှ ယာခင်းစပ်ကို ဘာလို့ ထ..ထ.. သွားနေတာလဲ၊ နင့်မြင်ရတာ ငိုင်စောင်းစောင်း နဲ့ နေမကောင်းဘူးလား"

နှမ်းပင်ပေါက်ကလေးများ တစ်လသားကျော်လာ၍ ကိုနီပုနှင့် မိပန်းလှ နှမ်းခင်းပေါင်းထိုးနေရာမှ ဇနီး မိပန်းလှကို ကိုနီပုမေးလိုက်ခြင်းဖြစ်သည်။ မိပန်းလှ ဘာမှ ပြန်မပြောနိုင်၊ တွေတွေဝေေ၀ ငူငူငိုင်ငိုင်ဖြစ်လို့။

အဖြစ်မှန်မှာ ယာခင်းအစပ်မှ မိပန်းလှခြေရာကွက်ကိုတွေ့သွားသော ပေါင်ထိပ်ဖျားပမာဏရှိ စပါးကြီးမြွေ တစ်ကောင်က နဘူးချုံအောက် သစ်ငုတ်ပေါ် မေးတင်ပြီး မိပန်းလှကို ညှို့အားကောင်းကောင်းနှင့် ညှို့နေ ခြင်းဖြစ်၏။

စပါးကြီးမြွေ မည်သို့ ညှို့ပါသနည်း။ စပါးကြီးမြွေ ၀မ်းဗိုက် ချက်၏ ဘေးတစ်ဖက်တစ်ချက်တွင် ကြက် အတက်နှင့်တူသော အကြောထုံး အတက်နှစ်ခုရှိသည်။ ယင်းအကြောထုံးအတက်နှစ်ခုကို `စွန်ကုပ်´ ဟုခေါ်သည်။ ညှို့လိုသော သားကောင်၏ ခြေရာကွက်ကိုတွေ့လျှင် စွန်ကုပ်မှ ညှို့ကြော အမြွှာ(၉)မြွှာ ထွက်လာပြီး စွန်ကုပ်မှ သားကောင်၏ ခြေရာကွက်ကို ထောက်ကာ ညှို့ကြောအမြွှာမှ ကုပ်လျက် ခန္ဓာကိုယ်အား လေးကိုင်းကွေး ညှို့ခြင်းဖြစ်သည်။

စပါးကြီးမြွေ၏ ညှို့ကြောသည် စွန်ကုပ်မှ ခေါင်းထိ တစ်ဆက်တည်းရှိသည်။ စပါးကြီးမြွေ အညှို့ခံရသော သားကောင် [ဥပမာ- ချေ(ဂျီ)၊ ယုန်] တွေ့ပါက မောသားဖြစ်၍ စားမကောင်း။ စပါးကြီးမြွေသည် နဂါးဟိတ်မြွေအမျိုး၌ ပါဝင်သည်။ နဂါးဟိတ်မြွေအမျိုး၌ စပါးကြီး၊ စပါးအုံး၊ စပါးလယ်၊ စပါးငယ် ဟူ၍ မြွေမျိုးများပါဝင်သည်။ စပါးကြီးမြွေ၌ နှာကိုးပေါက် ရှိသည်ဟု အမှတ်အသားပြုကြ သည်။ နှာကိုးပေါက်ဆိုသည်မှာ ခေါင်း၌ အသက်ရှူပေါက်ယောင်ယောင် အစက်အပြောက်များ ရှိ၍ဖြစ် သည်။


မိပန်းလှသည် သူ့အား သစ်ငုတ်ပေါ်မေးတင်ပြီး ညှို့နေသည့် စပါးကြီးမြွေနှင့် မလှမ်းမကမ်းတွင် ငုတ်တုတ် ထိုင်ကာ မြွေဘက်လှည့်၍ မျက်လုံးပြူးကြောင်နေသည်။ လူတစ်ကိုယ်လုံးလည်း ချွေးစေးများပြန်ကာ တဆတ်ဆတ်တုန်ရီနေ၏။

မိပန်းလှယောက်ျားကိုနီပု၊ မူမမှန်ဖြစ်နေသည့် မိပန်းလှနောက်လိုက်လာရာ သစ်ငုတ်ပေါ်မေးတင် ပြီး ညှို့နေသော စပါးကြီးမြွေကို မြင်မှ သဘောပေါက်သွားလေသည်။ ချက်ချင်းဆိုသလို ငုတ်တုတ် ပြူးကြောင်နေသည့် မိပန်းလှ၏ ရှေ့နောက်ဝဲယာ ပတ်ပတ်လည် မြေပြင်ကို ပါလာသည့် ဓားရှည်မဦးနှင့် စည်းဝိုင်း (၇)ချက်ပတ်၍ မြေကြောကို ဖြတ်လိုက်သည်။ (သံသတ္တုနှင့်သာ မြေကြောကိုဖြတ်ရသည်။)

မြွေအညှို့ခံရသူ မိပန်းလှ၏ ပတ်ပတ်လည် မြေကြောကိုဖြတ်ပြီးသည်နှင့် မိပန်းလှ ငူငိုင်ရီဝေနေရာမှ လူးလူးလွန့်လွန့် သတိဝင်လာတော့သည်။ ထိုအခါမှ ကိုနီပုတစ်ယောက် သူ့ဇနီးမိပန်းလှကို ကသုတ်ကရက် ထမ်းကာ ရွာသို့ သုတ်ခြေတင်ပြေးလေတော့သတည်း။
__________________________________________
အောင်လှသန်း (မင်းဘူး)
Feb 2.2016 | http://www.mymemo.cf/2016/02/post208.html