ပုံစံ (၁၀၅) လျှောက်တော့မယ်ဆိုရင် - Kharann Media

Breaking

ပုံစံ (၁၀၅) လျှောက်တော့မယ်ဆိုရင်


ပုံစံ (၁၀၅) နဲ့ပတ်သက်ပြီး အကွက်ရိုက်တာ လျှောက်ထားစဉ် ကြန့်ကြာတာတွေအတွက် သိသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

မေး ..
ပုံစံ (၇) ရပြီးသား ပေ (၄၀ × ၆၀) လယ်မြေပေါ်မှာ အကွက်ရိုက်ရောင်းတဲ့ မြေတွေဝယ်လိုပါတယ်။ ပုံစံ (၁၀၅) ကတော့ သုံးလလောက်နေရမယ်လို့ ပြောပါတယ်။ ဝယ်မယ်ဆိုရင် ဘာတွေစစ်ရမလဲ၊ (၁၀၅) ကျရင်ရော အဆောက်အအုံ ဆောက်လို့ရမလား။

ဖြေ..
ပုံစံ (၇) ဆိုတာ လယ်မြေ ပိုင်ဆိုင်မှုအတွက် ထုတ်ထားပေးတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ကို ပြောတာပါ။ ပုံစံ (၇) လက်မှတ်ရှိရင် ပုံစံ-၁၀၅ လို့ လူပြောများနေတဲ့ လယ်မြေပုံရေးကူးပေးဖို့ မြို့နယ်မြေတိုင်းနဲ့ မြေစာရင်းရုံး မြို့နယ်ဦးစီးဌာနမှုးဆီမှာ လျှောက်လို့ရပါတယ်။ ပုံစံ-၁၀၅ ထုတ်ပေး ဖို့ လျှောက်ထားတဲ့ အခါမှာ လျှောက်ထားလိုတဲ့ ကိစ္စအတွက် ရေးပေးရပါတယ်။ ဥပမာ လယ်မြေကွက် အရောင်းအဝယ် ပြုလုပ်ဖို့ ဘဏ်မှာ ငွေချေးရန် မှတ်တမ်းအဖြစ်ထားရှိရန် လယ်ယာမြေအခြားနာမည်နဲ့ ခွင့်ပြုမိန့် စသည်ဖြင့် ဖော်ပြချက်ပေါ်မှာ မြို့နယ်ဦးစီးဌာနရုံးက စိစစ်ဆောင်ရွတ်ရမှာပါ။ ပုံစံ-၁၀၅ ဆိုတာ လယ်ယာမြေကို အခြားနည်းနဲ့ ခွင့်ပြုမိန့်ချပေးတာမျိုး ဖြစ်ပါတယ်။ ဒါမှသာ အဆောက်အအုံဆောက်ခွင့် ပြုတာ ဖြစ်ပါတယ်။ အဲသည် ခွင့်ပြုမိန့်မရဘဲ လယ်မြေထဲမှာ အဆောက်အအုံဆောက်လုပ်ခွင့် မရှိပါဘူး။ ဗဟိုလယ်မြေစီမံခန့်ခွဲမှု အဖွဲ့ရဲ့ ခွင့်ပြုမိန့်ရမှသာ တရားဝင်ဆောက်ခွင့် ရှိပါတယ်။

မေး..
ပုံစံ-၇ မြေမှာ ကြက်ခြံဆောက်ဖို့ ပုံစံ-၁၀၅ လျှောက်ခိုင်းလို့လျှောက်တာ တစ်နှစ်ပြည့်ပေမယ့် မကျသေး တာကြောင့် ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်။

ဖြေ..
လယ်မြေထဲမှာ ကြက်ခြံဆောက်ထားလို့ ပုံစံ-၁၀၅ လျှောက်ခိုင်းတာ တရားဝင် ဆောက်လုပ်ခွင့် မကျသေးဘူးဆိုတာ လုပ်ငန်းအဆင့်ဆင့်လုပ်နေရလို့ ဖြစ်ပါတယ်။

ပုံစံ-၁၀၅ လျှောက်ခိုင်းတယ်ဆိုတာ လယ်ယာမြေကို တခြားနည်းလျှောက်လွှာပုံစံ (၁၄) မှာ လိုအပ်ချက်တွေ ဖြည့်သွင်းပြီး ရက်ပိုင်း (၃၀) အတွင်း မြို့နယ်ဦးစီးဌာနရုံးမှာ လျှောက်ရ ပါတယ်။ လျှောက်ထားတဲ့အခါ အချက် (၉) ချက်ပြည့်စုံ ရပါတယ်။ အရေးကြီးဆုံး အချက်တွေ ကတော့ ဆောက်လုပ်မယ့် အဆောက်အအုံ တည်နေရာပြမြေပုံ၊ လျှောက်ထားတဲ့မြေနဲ့ ပတ်ဝန်းကျင်မြေ များတည်ရှိမှု ဖော်ပြတဲ့မြေပုံ ပူးတွဲပြီး အနီးပတ်ဝန်းကျင်မြေတွေပေါ်မှာ အသုံးပြုမှု အခြေအနေ တင်ပြထား ခြင်း ရှိ မရှိနဲ့ ရပ်ကွက် (သို့) ကျေးရွာအုပ်စု၊ လယ်ယာမြေ၊ စီမံခန့်ခွဲမှု အဖွဲ့ရဲ့ ထောက်ခံချက် စတာတွေကို ပြည့်စုံဖို့လိုအပ်ပါတယ်။

လယ်ယာမြေကို အခြားနည်းနဲ့ အသုံးပြုခွင့်လျှောက်ထားချက်ကို မြို့နယ်ဦးစီးဌာနရုံးရဲ့ သဘောထား မှတ်ချက်နဲ့ မြို့နယ်လယ်ယာစီမံခန့်ခွဲမှုကို ဆက်လက်တင်ပြရပါတယ်။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုက လက်ခံပြီးတာနဲ့ (၁၅) ရက်အတွင်း စီစစ်ပြီး ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကိုတင်ပြပြီး ၎င်းကတဆင့် နေပြည်တော်ကောင်စီ (သို့) ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ကို ဆက်လက်တင်ပြရပါတယ်။

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအနေနဲ့ နည်းဥပဒေအရ၊ နည်းဥပဒေခွဲ (က) အရ တင်ပြချက်နဲ့ စပ်လျဉ်းပြီးခွင့်ပြုချက်ရမှ လယ်ယာမြေအခြားနည်းနဲ့ အသုံးပြုခွင့်ပြုမိန့် ပုံစံ-၁၀၅ ထုတ်ပေးပါတယ်။ သည်လိုအဆင့်များတဲ့အတွက် တစ်နှစ်ပေမယ့် ခွင့်ပြုမိန့်မကျသေးတာ ဖြစ်လိမ့်မယ် ထင်ပါတယ်။
______________________________________
လဲမိုး


Feb 1.2016 | http://www.mymemo.cf/2016/02/post203.html