လယ်မလုပ်တဲ့လယ်မြေ ဝယ်ယူတဲ့အခါ ဆောင်ရွက်ရမယ့်အချက်များ - Kharann Media

Breaking

လယ်မလုပ်တဲ့လယ်မြေ ဝယ်ယူတဲ့အခါ ဆောင်ရွက်ရမယ့်အချက်များ


လယ်မလုပ်တဲ့လယ်မြေကွက်တွေကို ဈေးကွက်ထဲမှာ ရောင်းသူတွေက ပိုင်ဆိုင်မှု အာမခံပြီး ရောင်းချ တာတွေကို ဝယ်ချင်ပေမယ့် မဝယ်ရဲတဲ့သူတွေဝယ်ယူတဲ့အခါ ခိုင်မာမူ့ရှိအောင် ဆောင်ရွက်ရမယ့် အချက်တွေကို အကျိုးဆောင်ရှေ့နေတချို့ကို မေးမြန်းထားပါတယ်။

လယ်မလုပ်တဲ့ လယ်မြေတွေကို ဝယ်ပြီးချက်ချင်း အိမ်ဆောက်လို့ရတယ်။ အရှုပ်အရှင်းအာမခံတယ် စသည်ဖြင့် အာမခံနဲ့ရောင်းချကြတာပါ။ ပိုင်ဆိုင်မူ့စာရွက်စာတမ်းအနေနဲ့ ပုံစံ ၇ ၊ ပုံစံ ၁၀၅ ကျပြီး လ/န ၃၀ လျှောက်ထားပြီး၊ ကျေးရွာတိုးချဲ့မြေကွန်ကရစ် လမ်းမီးတိုင်တွေ ပါရှိတယ် စသည်ဖြင့် ပရိုမိုးရှင်းကောင်းကောင်းနဲ့ ဈေးကွက်ထဲမှာရောင်းချနေကြ တာပါ။ မြေတစ်ကွက်ကို ကျပ် ၁၉ သိန်း၊ သိန်း ၂၀၊ ၂၁ သိန်း စသည်ဖြင့် တန်ဖိုးနည်းနည်းနဲ့ ရောင်းချတာ ဖြစ်ပါတယ်။

လယ်မြေက လယ်ယာစိုပ်ပျိုးရေးအတွက် ချထားပေးတဲ့ မြေဖြစ်ပေမဲ့ သည့်နောက်ပိုင်းမှာ ပါမစ်ချပေး တာတွေ၊ ကျေးရွာ တိုးချဲ့မြေအဖြစ်   လျှောက်ထားပြီးနေထိုင် ကြတာတွေ ရှိပါတယ်။ ရောင်းသူက အာမခံပြီးရောင်းချပေမယ့် ဝယ်သူဘက်က ခိုင်မာအောင်တော့ စိစစ်သင့်တဲ့အချက်တွေ ရှိတယ်လို့ပြော ပါတယ်။

အကျိုးဆောင်ရှေ့နေဦးကျော်စွာက ‘လယ်မြေ ဝယ်တာကတော့ သတိထားပြီး ဝယ်သင့်တယ်၊ အရှုပ်အရှင်းများ လို့ပါ၊ ဈေးအရမ်းသက်သာလို့၊ နေရာကနောက်ပိုင်း စည်ကားလာမှာမို့ ဝယ်တယ်ဆိုရင် ပိုင်ရှင်ဆီက မဖြစ်မနေတောင်းယူရမယ့် အချက်တွေတော့ရှိတယ်’ လို့ပြောပါတယ်။

ကိုယ်ဝယ်မယ့်မြေကွက်ရဲ့ ပုံစံ ၇ ကို မြေစာရင်းဦးစီးဌာနမှာ စစ်ဆေးရမှာပါ။ မူရင်းစာရွက်တွေရမှသာ ဝယ်ယူဖို့ စရန်ငွေပေးသင့်တယ်။ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဥက္ကဌတို့လို တာဝန်ရှိ သူတွေနဲ့ သေချာခိုင်မာအောင် မေမြန်းပြီး သူတို့ရှေ့မှာပဲ စာချုပ်ချုပ်ဆို သင့်ပါတယ်။ ငွေအကျေ မချေခင်မှာ ပုံစံ ၁၀၅ ထုတ်ယူရမှာပါ။ ပုံစံ ၁၀၅ ကို ပိုင်ရှင်ဆီကနေ ကိုယ်စားလှယ်လွှဲစာ (sp) လွှဲပြောင်းပေးခိုင်းရမှာ ဖြစ်ပါတယ်။ ပုံစံ ၇ မူရင်းကိုလည်း တောင်းရမှာပါ။ ဒါတွေအားလုံး စုံလင်အောင် ရရင်တော့ စိတ်ချလက်ချ ဝယ်ယူလို့ရတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဈေးကွက်ထဲမှာတော့ စာရွက်စာတမ်းလိမ်လည်ပြီး ရောင်းတာတွေ၊ အစိုးရ ဌာနဆိုင်ရာမြေတွေ ကို ကွက်ရိုက်ပြီး ရောင်းတာတွေကြောင့် မြေစာရင်း ဌာနတွေမှာ သေချာစိစစ် သင့်တယ်လို့ ပြော ပါတယ်။ ဈေးကွက်ထဲမှာ လယ်မြေတွေပေါ် ကျူးကျော်နေထိုင်တာတွေ တင်မကဘဲ ပါမစ်မြေတွေပေါ်မှာပါ ပုံစံအမျိုးမျိုးနဲ့ ကျူးနေကြတာကြောင့် ပိုင်ဆိုင်မူခိုင်မာနေဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အများဆုံးရောင်းချတာက ထန်းတပင်၊ မှော်ဘီ၊ လှည်းကူး တို့ဖြစ်ပါတယ်။ ထန်းတပင်ဘက်ကို လိူင်သာယာ၊ ရွှေပြည်သာတို့နဲ့ နီးတာ။ လှည်းကူးက ပဲခူး ဟံသာဝတီလေဆိပ် ပရောဂျက်ကြောင့်လည်း စိတ်ဝင်စားခံရတာဖြစ်သလို ထောက်ကြံ့၊ ပဲခူး တစ်ဆက်တည်း တွဲလျက်ရှိနေပြီး ကားလမ်းမဘေးရှိ လယ်မြေဈေးတွေ ကလည်း ဈေးကောင်းလာနိုင်တယ်လို့ အကျိုးဆောင်တချို့ထံမှ သိရတယ်။
________________________________________
Source : The Kumudra

 Feb 27.2016 | http://www.mymemo.cf/2016/02/post284.html