လူငယ်ဘဝက ဖြုန်းတီးခဲ့မိတဲ့ နောင်တရစရာ ၄ ခုကို ဝေမျှပေးခဲ့တဲ့ သန်းကြွယ်သူဌေးကြီး - Kharann Media

Breaking

လူငယ်ဘဝက ဖြုန်းတီးခဲ့မိတဲ့ နောင်တရစရာ ၄ ခုကို ဝေမျှပေးခဲ့တဲ့ သန်းကြွယ်သူဌေးကြီး




အောင်မြင်မှုရနေတဲ့ လူတွေဟာ ကိုယ်တွေလို သာမန်လူတွေနဲ့ ကွာခြားတယ်လို့ပဲ သိရှိထားကြတာပါ။ လူတိုင်း ဟာ တစ်နေ့ကို ၂၄ နာရီ ပိုင်ဆိုင်ထားတာချင်း တူညီကြပေမဲ့ ဘယ်အရာကများ သူတို့ကိုအောင်မြင်စေတာလဲ၊ သန်းကြွယ်သူဌေးဘဝကို ရောက်ရှိစေခဲ့တာလဲ။

သူတို့ဘဝမှာ အမှားဆိုတာရှိခဲ့ဖူးလား။ သူတို့ဘဝမှာ နောင်တ တရားဆိုတာ ကြုံခဲ့ရဖူးလား။ အဲဒီအချက်တွေအတွက် လျှို့ဝှက်ချက် တစ်ခုတော့ ရှိကြပါတယ်။

ကိုယ့်အစွမ်းအစ နဲ့ အောင်မြင်လာတဲ့ အသက် ၆၁ နှစ်အရွယ် သန်းကြွယ်သူဌေးကြီးတစ်ယောက်ကတော့ သူရဲ့လျှို့ဝှက်ချက် တချို့ကို ထုတ်ဖော်ဝေမျှပေးခဲ့ပါတယ်။

သူကတော့ Grant Cardone ပါပဲ။ Cardone ဟာ နယူးယော့ခ်တိုင်းမ်ရဲ့ ရောင်းအားအကောင်းဆုံး စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာ့နံပါတ်တစ် အရောင်းလုပ်ငန်း လေ့ကျင်သင်ကြားပေးသူ (sales trainer) အဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာလည်း Forbes က စာရင်းကောက်ယူဖော်ပြခဲ့တဲ့ 25 Marketing Influencers to Watch မှာလည်း နံပါတ်တစ် ဖြစ်ခဲ့သူပါ။

 ခေါင်းဆောင်မှုအတတ်ပညာ၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု၊ စွန့်ဦးတီထွင်စွန့်စားလိုစိတ်၊ ဆိုရှယ်မီဒီယာနဲ့ ဘဏ္ဍာရေးပိုင်းမှာ ဟောပြောသူ speaker တစ်ယောက်အဖြစ်လည်း နိုင်ငံတကာမှာ လူသိများသူ ဖြစ်ပါတယ်။

Cardone ဟာ Google, Toyota နဲ့ Ford တို့ အပါအဝင် နာမည်ကျော်ကုမ္ပဏီပေါင်းများစွာနဲ့ တွဲဖက် အလုပ်လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဒါ့ပြင် သူဟာ နှစ်စဉ်ရောင်းအားအနေနဲ့ သန်း ၁၀၀ နီးပါး ရှိနေတဲ့ ကုမ္ပဏီ ၄ ခုကို ပိုင်ဆိုင်ထားပြီး လုပ်ငန်းဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ Cardone ဟာ အဲဒီလိုသူ့ရဲ့ အောင်မြင်မှုတွေနဲ့ အတူ သူရခဲ့ဖူးတဲ့ နောင်တတွေကိုလည်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။

အထက်တန်းကျောင်းပြီးစီးလို့ နှစ် ၄၀ ကျော် အကြာမှာ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ စီးပွားရေးလုပ်ငန်းနဲ့ အခြေတကျဖြစ်လာတဲ့ Cardon ဟာ အသက် ၂၀ အရွယ်လောက်က ပိုက်ဆံအကြောင်းမသိဘဲ ဖြုန်းတီးမိခဲ့တဲ့ အရာတွေ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ “ရတဲ့ ဝင်ငွေလေးနည်းနည်းနဲ့၊ ကိုယ့်အတွက် အကျိုးမရှိ၊ အသုံးလည်း မဝင်တဲ့အရာတွေ အပေါ်မှာ ဖြုန်းတီးမိခဲ့တယ်” လို့ ထုတ်ဖော် ပြောပြခဲ့ပါတယ်။

CNBC မှာ သူရေးသားခဲ့တဲ့ ဆောင်းပါးတစ်ခုမှာ သူ အသက် ၂၀ ဝန်းကျင်အရွယ်က ဖြုန်းတီးခဲ့မိတဲ့ အချိန်တွေနဲ့ ပိုက်ဆံတွေအတွက် နောင်တရမိတဲ့ အရာ ၄ ခုကို ဖော်ပြထားပါတယ်။

၁။ မူးယစ်ဆေးဝါးနဲ့ အရက်

Cardone ဟာ အထက်တန်းကျောင်းပြီးချိန်မှာ အရက်နဲ့ မူးယစ်ဆေးဝါးတွေအတွက် ပိုက်ဆံဖြုန်းခဲ့မိပြီး ဆေးစွဲ အရက်စွဲတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအစား အရည်အချင်းသစ်တွေ သင်ယူဖို့၊ ဗဟုသုတရရှိဖို့နဲ့ အဆက်အသွယ်ကောင်းတွေ ရရှိဖို့အတွက်သာ ပိုက်ဆံတွေ သုံးခဲ့မိရင် သူ့အတွက်ပိုကောင်းမယ်လို့ ဆိုပါတယ်။

၂။ ခရီးသွားခြင်း

Cardone ဟာ ငယ်စဉ်က ဘာအကျိုးမှမရတဲ့ ခရီးစဉ်တွေအတွက် အချိန်ဖြုန်းခဲ့မိတယ်လို့ ဆိုပါတယ်။ အလုပ် အတွက်လည်း ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီလိုဆိုလိုတာဟာ မနေမနား အလုပ်လုပ်ရမယ်လို့တော့ ဆိုလိုတာမဟုတ်ပါဘူး။

သူဆိုလိုတာက Comfort ဖြစ်နေခြင်းဟာ သင့်ရဲ့ရန်သူအစစ်ဖြစ်ပြီး၊ တကယ်လို့သာ သင့်အနေနဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ကို ရှာတွေ့ပြီဆိုရင်တော့ ခရီးတွေက သင့်ကို စောင်နေလိမ့်မယ်လို့ ဆိုပါတယ်။ သဘောကတော့ အလကားနေရင်း အနားမယူဖို့၊ လုပ်သင့်တာလုပ်ပြီး နားသင့်တဲ့အချိန် နားဖို့ကို ဆိုလိုတာပါ။

၃။ အိပ်စက်ခြင်း

Cardone ပြောပြခဲ့တဲ့ သူ့ရဲ့အကြီးမားဆုံးနောင်တ တစ်ခုကတော့ အိပ်စက်ခြင်းလို့ ဆိုပါတယ်။ သူ လူငယ်ဘ၀ က တစ်နေ့လုံးနီးပါး အိပ်စက်ခြင်းနဲ့ အချိန်ကုန်ခဲ့ဖူးပါတယ်။ သူ့အတွက် ရည်ရွယ်ချက်ပန်းတိုင်တွေ သတ်မှတ် ပြီး အရယူရမယ့် အချိန်မှာ မလိုအပ်ဘဲ အများကြီးအိပ်စက်ခဲ့မိတယ်လို့ ဆိုပါတယ်။

အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းတာမှန်ပေမဲ့ ပုံမှန်ထက်ပိုတဲ့ အလွန်အကျွံအိပ်စက်ခြင်းမျိုးကတော့ သင့်ကို ရည်ရွယ်ချက်မဲ့စေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

၄။ အလုပ်မှာ သက်သာအဆင်ပြေလွန်းနေခြင်း

Cardone အတွက် နောက်ထပ် နောင်တရစရာတစ်ခုကတော့ သူ့အသက် ၂၀ ဝန်းကျင်အရွယ်မှာ လစာနည်းပြီး သူ့အတွက်တန်ဖိုးရှိတဲ့ စွမ်းရည်တွေတိုးတက်ဖို့ စိန်ခေါ်မှုမရှိတဲ့ အလုပ်မျိုးကို အချိန်ကုန်ခံပြီး လုပ်ခဲ့ဖူးတာပါပဲ။

 နေ့တိုင်းအလုပ်လုပ်ရတာ သက်သောင့်သက်သာရှိနေပေမဲ့ စိန်ခေါ်မှုမရှိ၊ တိုးတက်စရာမရှိဘဲ သူ့ကို Comfort zone ထဲ ရောက်ရှိသွားစေခဲ့တာပါ။ အလုပ်မှာ သက်သောင့်သက်သာရှိလွန်းနေတာဟာ သင့်အတွက် ကောင်းတဲ့အရာတစ်ခု မဟုတ်ပါဘူး။

Cardone တစ်ယောက် သူ့ရဲ့လူငယ်ဘဝမှာ နောင်တရခဲ့တဲ့ အချက်တွေဟာ လူတော်တော်များများရဲ့ဘဝမှာ နောင်တရသင့်တဲ့ အရာတွေပါပဲ။ ခံယူချက်အပေါ်မူတည်ပြီး ဘဝနေထိုင်မှုပုံစံ ကွာခြားသွားနိုင်ပေမဲ့ တကယ် အောင်မြင်တိုးတက်လိုသူ ကြီးပွားလိုသူတွေဆိုရင်တော့ သူ့ရဲ့အမှားနဲ့ နောင်တတွေကို သင်ခန်းစာယူပြီး ဆင်ခြင်သင့်ပါတယ်။

Credit:santhitsa