မေးခွန်းတွေဟာ ဘဝကို ထင်ဟပ်နေပြီး မေးခွန်းမေးတတ်သူတွေကလည်း ဘဝကို ထိန်းချုပ်နိုင်တဲ့ သူတွေ ဖြစ်ပါတယ်။ လူအများစုက အဖြေတွေကို ရှာဖွေနေကြချိန်မှာ ခေါင်းဆောင်ဖြစ်သူတွေ ကတော့ မေးခွန်းတွေကို ရှာနေတတ်ပါတယ်။ မေးခွန်းတွေကနေတဆင့် အဖြေမှန်တွေ အလိုအလျောက် ရရှိနိုင်ပါတယ်။ ဒါပေမယ့် အဖြေတွေကတော့ မှန်ကန်တဲ့မေးခွန်းကို မပေးနိုင်ပါဘူး။ တစ်စုံတစ်ယောက် က မေးခွန်းတစ်ခု မေးလိုက်ပြီဆိုရင် သူရဲ့နားလည်နိုင်စွမ်းနဲ့ တွေးခေါ်နိုင်စွမ်းကို အလွယ်တကူ ခွဲခြားသိမြင်နိုင်ပါတယ်။ သင်မေးတဲ့ မေးခွန်းတွေက သင့်ရဲ့အောင်မြင်မှုကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အောင်မြင်ချမ်းသာသူတစ်ယောက်ဖြစ်ဖို့အတွက် သင့်ကိုယ်သင် ပြန်မေးရမယ့် မေးခွန်းတွေ ရှိနေပါတယ်။ ဒီမေးခွန်း(၁၀)ခုကို စုစည်းဖော်ပြလိုက်ပါတယ်။
http://www.mymemo.cf/2016/07/465.html
၁။ မနက်ဖြန်မှာ ဖြစ်ချင်တာတွေအတွက် ဒီနေ့လုပ်နိုင်တာတွေ အားလုံးလုပ်ပြီးပြီလား ?
တစ်နေ့တာ ကုန်ဆုံးသွားတိုင်းမှာ လုပ်ဆောင်ခဲ့တာတွေအတွက် ကျေနပ်စရာဖြစ်နေဖို့လိုပါတယ်။ ဒီနေ့ လုပ်နိုင်တာတွေ အားလုံးကို လုပ်ခဲ့မယ်ဆိုရင် မနက်ဖြန်တိုင်းက ဒီအတိုင်းအဆင်ပြေနေမှာ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ နေ့စဉ်နဲ့အမျှ အောင်မြင်မှုနဲ့ ပိုနီးစပ်သွားမှာဖြစ်ပါတယ်။
၂။ အခုလုပ်မယ့်ကိစ္စကို နောက်တစ်ချိန်မှာဆိုရင် ဘယ်လိုလုပ်မလဲ ?
ရှင်းရှင်းပြောရရင် သင်သာ ၂၀၂၀ ခုနှစ်မှာရှိနေမယ်ဆိုရင် အခုလုပ်မယ့်ကိစ္စကို ဘယ်လိုဆုံးဖြတ်မလဲ ကြိုတွေးကြည့်ဖို့ ဖြစ်ပါတယ်။ တကယ်ဖြစ်မလာသေးပေမယ့် စိတ်ကူးထဲမှာ ရှိနေတဲ့ သင့်ရဲ့အနာဂတ် ပုံရိပ်နေရာကနေ ဝင်စဉ်းစားကြည့်ဖို့ ဖြစ်ပါတယ်။
၃။ အကူအညီတောင်းမယ်ဆိုရင် ဒီနေ့ဘယ်သူတွေက ကူညီပေးနိုင်မလဲ ?
အကူအညီလုံးဝမလိုအပ်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ လိုအပ်တဲ့အကူအညီကို ရရှိဖို့အတွက် သင်လုပ်ရမှာက ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံ၊ အီးမေးလေးတစ်စောင်ပို့လိုက်ရုံပါပဲ။ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုး ရှိစေမယ့်ကိစ္စတွေ ရှိမယ်ဆိုရင် အကူအညီတောင်းဖို့ အားမနာပါနဲ့။ သန်းကြွယ်သူဌေးတွေ အားလုံးက သူတို့ရဲ့ တာဝန်တွေကို အကူအညီတောင်းခြင်းအားဖြင့် ပြီးစီးအောင်လုပ်ဆောင်တတ်ကြပါတယ်။
၄။ မနက်ဖြန်လိုချင်တာကို ရဖို့အတွက် ဒီနေ့ဘယ်လို လုပ်ဆောင်မလဲ ?
လူတိုင်းမှာ တစ်ခုခုဖြစ်ချင်တဲ့စိတ်ဆိုတာရှိပါတယ်။ ဒီစိတ်တက်ကြွနိုးကြားလာဖို့အတွက် ယုံကြည်မှု လိုအပ်ပါတယ်။ သင့်အနေနဲ့ အနာဂတ်အတွက် ဖြစ်ချင်စိတ် (၁၀၀)ရာခိုင်နှုန်းသေချာနေပြီဆိုရင် ဘာလုပ် ရမလဲဆိုတာကို သိသင့်ပါတယ်။
၅။ ရက်(၃၀)အတွင်း လုပ်ဆောင်နိုင်တဲ့ တိုးတက်မှု(၃)ခုက ဘာတွေလဲ ?
ဘဝမှာ လုပ်ဆောင်ရမယ့် တိုးတက်မှုတွေ ရှိပါတယ်။ ဒီတိုးတက်မှုတွေကို မလုပ်ပဲရှောင်နေမယ့်အစား ဘဝတိုးတက်မယ့်လမ်းကြောင်းကို ရှာဖွေပါ။ ကိုယ့်ကိုယ်ကို တိုးတက်လာအောင် မြှင့်တင်ပါ။
၆။ အချိန်တိုအတွင်းမှာ လူများများဆီကို ဘယ်လိုတန်ဖိုးများများရောက်အောင် ပို့ဆောင်နိုင် မလဲ ?
သင့်အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းနဲ့ လူတွေအတွက် ပိုကောင်းလာအောင် ဘယ်လို လုပ်ပေးနိုင်မလဲ ဆိုတာကို သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။ ဒီမေးခွန်းက သင့်ရဲ့လွှမ်းမိုးနိုင်စွမ်းကို တိုးမြှင့်ပေးဖို့ အထောက်အကူ ဖြစ်စေပါတယ်။
၇။ နောက်ကောက်ကျနေစေတဲ့ အချက်ကို ပြင်လိုက်မယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ ?
ဒီမေးခွန်းက နည်းနည်းခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့အများစုက ကိုယ့်ရဲ့အောင်မြင်မှု ကို နောက်ကျအောင် ဆွဲထားတဲ့ အလေ့အကျင့်တွေကို ပြုပြင်ဖို့ဆိုရင် ခက်ခဲတတ်ကြ ပါတယ်။ ငွေကြေးအခြေအနေကောင်းချင်တာပဲ ဖြစ်ဖြစ်၊ ကိုယ်အလေးချိန်လျှော့ချချင်တာပဲ ဖြစ်ဖြစ်၊ ဆေးလိပ်ဖြတ်ချင်တာပဲဖြစ်ဖြစ် လုပ်စရာရှိတာကို အခုပဲ လုပ်လိုက်ပါ။ နောက်တစ်နည်းပြောရရင် တကယ်အောင်မြင်ချင်တယ်ဆိုရင် အရှုံးထဲမှာ နစ်မြုပ်မနေပါနဲ့။
၈။ နောက်(၃)လအတွင်း အပြီးသတ်လုပ်ဆောင်ရမယ့် ရည်မှန်းချက်တစ်ခုရှိခဲ့မယ်ဆိုရင် ဘာလုပ်မလဲ ?
ကိုယ့်ကိုယ်ကို ပြင်ဆင်ထားပြီး နောက်အချိန်(၃)လအတွင်းမှာ အပြီးသတ်ဆောင်ရွက်ဖို့လိုအပ်တဲ့ ရည်မှန်းချက်တစ်ခုအပေါ်မှာ အာရုံစိုက်ပါ။ ဒီလိုလုပ်နိုင်မယ်ဆိုရင် ဘဝမှာ အံ့သြလောက်စရာ အားအင်တွေ ရရှိပြီး အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။
၉။ သင့်ကို လိုအပ်နေသူတွေအတွက် ဘယ်လိုပိုဖြည့်ဆည်းပေးနိုင်မလဲ ?
သင့်အကူအညီကို တနည်းနည်းနဲ့ လိုအပ်နေသူတွေ အများကြီးရှိပါတယ်။ သင်ကူညီပေးနိုင်မယ်ဆို ရင် သေချာ ကူညီပေးလိုက်ပါ။ အိမ်ခြေရာမဲ့တွေကို ကူညီတာ၊ ဆေးရုံကလူနာတွေကို ပြုစုပေးတာ ဘာပဲဖြစ်ဖြစ် သင်လုပ်ပေးနိုင်တာကို လုပ်ဆောင်ပြီး အကူအညီပေးပါ။
၁၀။ အလုပ်မှာ အရည်အသွေးရော အရေအတွက်ပါ တိုးတက်လာဖို့ ဘယ်လိုလုပ်ဆောင်မလဲ ?
သင်လုပ်ဆောင်တဲ့ အလုပ်ပိုကောင်းလာတာက လူတွေကို ကူညီရာရောက်ပါလိမ့်မယ်။ အလုပ်မှာ အစစအရာရာ တိုးတက်လာတာက သင့်ရဲ့ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို အသုံးပြုသူတွေကို ပိုပြီးတော့ ထိထိရောက်ရောက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။
________________________________________
source : gentleman