ရေဘဲတွေဆီက သင်ယူနိုင်သည့် အောင်မြင်ရေး သင်ခန်းစာများ - Kharann Media

Breaking

ရေဘဲတွေဆီက သင်ယူနိုင်သည့် အောင်မြင်ရေး သင်ခန်းစာများ


၁. ဘုံဦးတည်ချက်ရှိခြင်း
ဘဲငန်းတစ်ကောင် တောင်ပံခတ်လိုက်တိုင်းမှာ လေခွင်းအားကိုဖြစ်စေနိုင်တဲ့ ပင့်အားတစ်ခု ဖြစ်ကျန်ခဲ့ ပါတယ်။ ဒီပင့်အားကို အခြားအကောင်တွေက စီးမျောပျံသန်းနိုင်ပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ်အက္ခရာ (V) ပုံသဏ္ဌာန် ပျံသန်းခြင်းအားဖြင့် အုပ်စုတစ်ခုလုံးကို တစ်ကောင်ချင်း ပျံသန်းနိုင်တဲ့ အကွာအဝေးထက် (၇၀) ရာခိုင်နှုန်း ပိုပြီး ခရီးရောက်စေပါတယ်။

ကျွန်တော်တို့ လူသားတွေ အနေနဲ့လည်း တူညီတဲ့ ဦးတည်ချက်၊ ရည်မှန်းချက် ပန်းတိုင်းဆီကို အတူတကွ လျှောက်လှမ်းကြမယ်ဆိုရင် အားစိုက်ထုတ်မှု နည်းနည်းနဲ့ လျင်လျင်မြန်မြန်ရောက်ရှိနိုင်တာကို သင်ခန်းစာယူ တတ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဖွဲ့အစည်းတစ်ခုလုံး၊ တစ်ဦးချင်း တစ်ယောက်ချင်းစီ တိုင်းမှာ တူညီတဲ့ ရည်မှန်းချက်ရှိဖို့ လိုအပ်ပါတယ်။

၂. မြင်နိုင်စွမ်း မြင့်မားခြင်း
ဘဲငန်းတွေ (V) ပုံသဏ္ဌာန် ပျံသန်းကြတဲ့အခါမှာ ငှက်အုပ်ထဲက အကောင်တိုင်း က ရှေ့မှာဘာတွေ ဖြစ်နေလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။

လုပ်ငန်းအဖွဲ့အစည်းတွေမှာလည်း အားလုံးမှာ မြင်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ အထက်လူကြီးတွေက လက်အောက်ငယ်သားတွေရဲ့ အခြေအနေကို သိမြင်နိုင်မှသာ အဖွဲ့အစည်း တစ်ခုလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ။ အောက်ခြေ ဝန်ထမ်းတွေက အထက်လူကြီးတွေရဲ့ ရည်ရွယ်ချက်ကို သိမြင်နိုင်ခြင်းအားဖြင့် ရေရှည်အတွက်တွေးခေါ်နိုင်ပြီး အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေကို ပူးပေါင်း အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

၃. အကူအညီရရှိဖို့ နှိမ့်ချတတ်ခြင်း
ဘဲငန်းတစ်ကောင်က အုပ်စုလိုက် ပုံစံဖွဲ့ ပျံသန်းနေရာကနေ ထွက်ပြီး တစ်ကောင်းတည်း ပံျသန်းတာနဲ့ လေထုပွတ်တိုက်အားကို ခံစားရပြီး ပင်ပန်းတကြီး ပျံသန်းရပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ သူ့ရဲ့အမှားကို ထိန်းညှိပြီး ပုံစံအတွင်းသို့ ပြန်ဝင်လေ့ရှိပါတယ်။ ဒီအခါမှာ ပင့်အားပြန်လည်ရရှိပြီး သက်တောင့်သက်သာနဲ့ မြန်မြန်ဆန်ဆန် ခရီးဆက်နိုင်စေပါတယ်။

ဒီအချက်က သင်ခန်းစာယူနိုင်တာကတော့ ကျွန်တော်တို့ လူသားတွေမှာလည်း အခက်အခဲတွေ ကြုံလာပြီဆိုရင် အကူအညီရဖို့ နှိမ့်ချတတ်ဖို့ လိုတယ်ဆိုတာပါပဲ။ ဒီလိုနှိမ့်ချပြီး အားလုံးနဲ့ ပူးပေါင်း လုပ်ဆောင်ခြင်းက သင်ကိုယ်တိုင်ကိုရော၊ သင့်ရဲ့အဖွဲ့အစည်းကိုပါ အောင်မြင်မှု အလျင်အမြန် ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

၄. ဦးဆောင်ခွင့်ပေးအပ်ခြင်း
V ပုံသဏ္ဌာန် ပျံသန်းနေတဲ့ ဘဲငန်းအုပ်မှာ ရှေ့ဆုံးကပျံသန်းရတဲ့ကောင်က အပင်ပန်းဆုံး ဖြစ်ပါတယ်။ သူပင်ပန်းလာပြီဆိုရင် အခြားဘဲငန်းတစ်ကောင်ကို ဦးဆောင် ပျံသန်းစေပြီး သူကတော့ နောက်ဖက်မှာ ပင့်အားကို စီးမျောလိုက်ကာ အနားယူလေ့ရှိပါတယ်။

ဒီအချက်ကတော့ လိုအပ်ရင် အခြားသူတွေကို ဦးဆောင်ခွင့်ပေးဖို့ပဲ ဖြစ်ပါတယ်။ ခေါင်းဆောင် တစ်ယောက်အနေနဲ့ အဖွဲ့အစည်းအတွင်းမှာ အသေးစိတ်အထိ စီမံခန့်ခွဲ ထိန်းချုပ်တာက သူ့အတွက် ပင်ပန်းရသလို အခြားလူတွေ အတွက်လည်း စိတ်ရှုပ်စရာ ဖြစ်စေပါတယ်။ လူတိုင်းမှာ ထူးခြားတဲ့ အရည်အချင်းတွေ၊ စွမ်းဆောင်ရည်တွေ ရှိတတ်ပါတယ်။ သူတို့ကို ယုံယုံကြည်ကြည်နဲ့ လိုအပ်သလို ဦးဆောင်ခွင့်ပေး လိုက်ရင် ရလဒ်ကောင်းတွေကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

၅. အလုပ်တိုင်းကို အသိအမှတ်ပြခြင်း
ဘဲငန်းတွေ ပျံသန်းတဲ့အခါမှာ အော်မြည်သံတွေ လုပ်တတ်ကြပါတယ်။ ဒီလို အော်မြည်တာဟာ အချင်းချင်း အရှိန်မပျက် ဆက်လက် ပျံသန်းနိုင်အောင် အားပေး အသိအမှတ်ပြုတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လူသားတွေအနေနဲ့လည်း အခြားသူတွေကို သူတို့နဲ့ထိုက်တန်တဲ့ အသိအမှတ် ပြုမှုတွေ ပေးသင့် ပါတယ်။ အသိအမှတ် အပြုမခံရတဲ့အတွက် ဝန်ထမ်းတွေက အလုပ်ကို စိတ်ပျက်ပြီး နှုတ်ထွက်သွား တတ်ကြပါတယ်။ ဒါ့ကြောင့် အဖွဲ့အစည်းအတွင်းမှာ ပုံမှန်အသိအမှတ်ပြု အားပေး တတ်တာဟာ အရေးကြီးပြီး ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းရာမှာ တက်ကြွနေစေမှာ ဖြစ်ပါတယ်။

၆. အခက်အခဲတွေ့ကြုံချိန်မှာ အားပေးကူညီတတ်ခြင်း
ငှက်အုပ်ထဲက ဘဲငန်းတစ်ကောင်ကောင် နေမကောင်းလို့ပဲဖြစ်ဖြစ်၊ ဒဏ်ရာရတဲ့အခါမှာပဲဖြစ်ဖြစ် ဆက်မပျံသန်းနိုင်တဲ့ အခါမှာ အခြားဘဲငန်းနှစ်ကောင်ကနေခဲ့ပြီး ကူညီစောင့်ရှောက်ပေးလေ့ ရှိပါတယ်။ မပျံနိုင်တဲ့ အကောင် ပျံနိုင်တဲ့အချိန် ဒါမှမဟုတ် သေသွားချိန်အထိ အတူနေပေးတတ်ကြ ပါတယ်။ ပြီးရင်တော့ သက်ဆိုင်ရာ ငှက်အုပ်ကို အမှီလိုက်ရင်လိုက်၊ မလိုက်ရင်လည်း နောက်ဘဲငန်းအုပ် အတွင်းမှာ ဝင်ရောက်ပျံသန်းပြီး ခရီးဆက်ကြပါတယ်။

ဒီအချက်ကနေ သင်ခန်းစာယူနိုင်တာက ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေ ရင်ဆိုင်ရတဲ့အခါမှာ လက်တွဲမဖြုတ်ကြဖို့ပဲ ဖြစ်ပါတယ်။ အောင်မြင်နေချိန်မှာ ပါဝင်ဖို့က လွယ်ကူပါတယ်။ ဒါပေမယ့် အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အပြန်အလှန် အားပေးကူညီမှုက အလိုအပ်ဆုံး ဖြစ်ပါတယ်။

၇. ရည်ရွယ်ချက် တန်ဖိုးများကို ထိန်းသိမ်းတတ်ခြင်း
ဘဲငန်းတွေရဲ့ ရာသီအလိုက်ဒေသပြောင်း ပျံသန်းမှုတွေဟာ ဘယ်တော့မှ မပြောင်းလဲသွား တတ်ပါဘူး။ နှစ်တိုင်းနှစ်တိုင်း အကောင်အရေအတွက်သာ အပြောင်းအလဲရှိပြီး ပျံသန်းတဲ့ လမ်းကြောင်း ကတော့ အတူတူပဲ ဖြစ်ပါတယ်။ အကောင်ငယ်လေးတွေက အကြီးတွေဆီကနေ လမ်းကြောင်းကို လေ့လာ မှတ်သားရပါတယ်။

ကျွန်တော်တို့တွေ အနေနဲ့လည်း အဖွဲ့အစည်းရဲ့ အဓိက ရည်ရွယ်ချက်တွေ၊ တန်ဖိုးတွေကို ထိန်းသိမ်း ထားရမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေနဲ့ ထုတ်ကုန်တွေကတော့ လိုအပ်ချက်အရ ပြောင်းလဲနိုင်ပေမယ့် အဓိက တန်ဖိုးထားရမယ့် အချက်တွေနဲ့ ရည်ရွယ်ချက်တွေကိုတော့ အမြဲတမ်းစောင့်ထိန်းရမှာ ဖြစ်ပါတယ်။
 _________________________
source : gentleman