ဝါသနာမပါတဲ့အလုပ် လုပ်ကိုင်ကြရတဲ့အခါ - Kharann Media

Breaking

ဝါသနာမပါတဲ့အလုပ် လုပ်ကိုင်ကြရတဲ့အခါ



လူတိုင်းမှာ ကိုယ်ဝါသနာပါရာအလုပ်၊ ကိုယ်စိတ်ဝင်စားတဲ့အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်တစ်ခုခုရှိ စမြဲပါ။ ငယ်စဉ်ကတည်းက ဝါသနာနဲ့ ရည်မှန်းချက်ကို သိနေတဲ့သူ ရှိသလို၊ တချို့လူငယ်တွေအနေနဲ့လည်း ကိုယ့် ဝါသနာနဲ့ဆက်စပ်တဲ့ ဘဝရည်မှန်းချက်က ဘာဆိုတာကို အချိန်အတော်ကြာကြာအထိ မသိတဲ့ လူငယ်တွေလည်း ရှိတတ်ပါတယ်။ ကိုယ်ဘာဖြစ်ချင်တာလဲ၊ ကိုယ်ဘာလုပ်ချင်တာလို့ တစ်စုံတစ်ယောက်ကမေးလိုက်ရင် တချို့လူငယ်တွေမှာ ရုတ်တရက်အဖြေမပေးနိုင်ကြပါဘူး။
ဆရာကြီးလူထုစိန်ဝင်းက ‘လူငယ်မှန်ရင် စိတ်ကူးယဉ်အိပ်မက်တွေ အမြဲမက်နေရမယ်။ အိမ်မက်မမက်တတ်ရင် လူငယ်မဟုတ်ဘူး’ လို့ ပြောခဲ့ဖူးပါတယ်။ ငယ်ရွယ်စဉ်က အိပ်မက်တွေက ကြီးပြင်းလာတဲ့အခါ ဘ၀ ရည်မှန်းချက်တွေ ဖြစ်လာ တတ်လို့ပါပဲ။
.
လူငယ်တွေတော်တော်များများက ကျောင်းပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ခွင်ထဲရောက်လာကြတယ်။ အလုပ်ခွင်မှာအဆင်ပြေတဲ့အလုပ်တစ်ခုခုလုပ်ပြီး ကိုယ့်ဘဝကိုယ်လျှောက်လှမ်းကြတယ်။ အဲဒီလိုလုပ်ငန်းခွင်တစ်ခုခုမှာဝင်ရောက်လုပ်ကိုင်ပြီး အချိန်ကြာလာတဲ့အခါ လက်ရှိအလုပ်ကိုငြီးငွေ့လာကြတယ်။ မပျော်မရွှင်ဖြစ်လာကြတယ်။ ဝါသနာလည်းမပါ၊ စိတ်ဝင်စားမှုလည်းမရှိတဲ့အလုပ်တစ်ခုက ကြာလာတဲ့အခါမှာ လူတစ်ယောက်အတွက် ငြီးငွေ့စရာ၊ စိတ်ပျက်စရာဖြစ်လာတာကို အချိန်အတော်ကြာနောက်ကျမှသိသူတွေလည်း ရှိကြပါတယ်။
ကိုယ်နှစ်သက်တဲ့အလုပ်ကိုလုပ်ကိုင်ရတာနဲ့ပတ်သက်ပြီး တရုတ်အတွေးအခေါ်ပညာရှင်ကြီးကွန်ဖြူးရှပ်က “အလုပ်ရှာတဲ့အခါ ကိုယ်နှစ်သက်တဲ့အလုပ်ကိုရှာပါ၊ ကိုယ်ဝါသနာပါတဲ့အလုပ်ကိုရှာပါ။ အဲဒီလိုဆိုရင် တစ်ရက်မှ အလုပ်လုပ်စရာမလိုတော့ဘူး” လို့ဆိုထားပါတယ်။။ တကယ်တော့ ကိုယ်နှစ်သက်တဲ့အလုပ်၊ ကိုယ်ဝါသနာပါတဲ့ အလုပ်၊ ကိုယ်ချစ်တဲ့ အလုပ်ဆိုတော့ အလုပ်လုပ်ရတယ်လို့မထင်တော့ဘူးလေ။ ကိုယ်လုပ်တဲ့အလုပ်ကိုချစ်တ ာကြောင့် အလုပ်မှာလည်း ပင်ပန်းတယ်လို့မထင်တော့ဘူး။ ကိုယ်ကဒီအလုပ်ထဲမှာစိတ်ကိုနစ်မြုပ်ထားတာကြောင့် စိတ်ဖိစီးမှုတွေ၊ စိန်ခေါ်မှုတွေဆိုတာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာတွေ၊ ပျော်စရာတွေဖြစ်နေတတ်ပါတယ်။
.
တစ်ခါတလေလည်း မိသားစုအခက်အခဲကြောင့်၊ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဝါသနာကို စွန့်လွှတ်လိုက်ရသူတွေလည်း ရှိမှာပါ။ အဲဒီလိုလူငယ်တွေလည်း အများအပြားတွေ့ရပါတယ်။ လူငယ်လေးတစ်ယောက် ဆို သူဖြစ်ချင်တာက ရုပ်သံမီဒီယာတွေမှာ အစီအစဉ်တင်ဆက်သူဖြစ်ချင်တာ။ ဒါပေမဲ့လက်တွေ့မှာတော့ စီးပွားရေး တက္ကသိုလ်နဲ့ကျောင်းပြီးထားတော့ HR ပိုင်းမှာအလုပ်လုပ်နေတာကို တွေ့ခဲ့ဖူးပါတယ်။ ဆယ်တန်းအောင်ပြီးစမှာတော့ သူဖြစ်ချင်တာဘာမှန်းလည်းမသိ၊ ဘာကိုဝါသနာပါမှန်းလည်းမသိဘဲ စီးပွားရေးတက္ကသိုလ်ရောက်လာပြီး ကျောင်းပြီးတော့မှ သူ့ရဲ့ဝါသနာကိုသိခွင့်ရလိုက်ပေမဲ့ နောက်ကျသွားပါတယ်။ လက်ရှိမှာ မိသားစုကို ထောက်ပံ့နေရတာဖြစ်တော့ ဝါသနာပါတဲ့အလုပ်ကလစာပမာဏနည်းပါးတာကြောင့် သူ့ရဲ့ဝါသနာကိုစွန့်လွှတ်လိုက်တယ်လို့ ပြောပါတယ်။
ငယ်စဉ်ကတည်းက ကိုယ်လုပ်ချင်တဲ့အလုပ်က ဘာဆိုတာကို သိနေကြတဲ့ လူငယ်တွေအတွက်ကတော့ ဒီလိုအခက်အခဲမျိုး မကြုံတွေ့ရပါဘူး။ အစိုးရဝန်ထမ်းပဲဖြစ်ဖြစ် ကုမ္ပဏီဝန်ထမ်းပဲဖြစ်ဖြစ် ငယ်ငယ်ကတည်းက တစ်နေ့နေ့မှာ ကျောင်းဆရာမဖြစ်ရမယ်၊ ဥပဒေပညာရှင်တစ်ယောက်ဖြစ်ရမယ်၊ HR မန်နေဂျာတစ်ယောက်ဖြစ်ရမယ်၊ မားကက်တင်းမန်နေဂျာတစ်ယောက်ဖြစ်ရမယ်၊ ဆရာဝန်တစ်ယောက်ဖြစ်ရမယ် စတဲ့ရည်မှန်းချက်ပန်းတိုင်တွေထားပြီး ကြိုးစားကြတဲ့လူငယ်တွေလည်းရှိပါတယ်။
.
တချို့လူငယ်တွေရဲ့ ဘဝမှာ ငယ်စဉ်ကတည်း Guideline ပေးတဲ့ ကိုယ့်ရဲ့အကြီးအကဲ၊ မိဘဆွေမျိုးတွေရှိနေတတ်ပါတယ်။ ကိုယ်တိုင်က အလုပ်တစ်ခုကို ဝါသနာပါတယ်၊ မပါဘူး မစဉ်းစားမိဘဲ သူတို့ Guideline ချပေးတဲ့အတိုင်း ရွေးချယ်တတ်ပါတယ်။
ဒါကြောင့် ငယ်စဉ်ကတည်းက သူတို့ရဲ့ ပုံသွင်း တဲ့အတိုင်း ဆရာဝန်လုပ်မယ်၊ အင်ဂျင်နီယာလုပ်မယ်၊ သင်္ဘောသားလုပ်မယ်၊ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်အောင်လုပ်မယ်၊ ဆရာမလုပ်မယ်စတဲ့ လူကြီးတွေရဲ့ ပုံစံသွင်းထားတဲ့ ဘောင်အတွင်းမှာ ရှိနေတဲ့ လူငယ်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ဝါသနာကို သိလာတဲ့ အချိန်ရောက်လာတဲ့ အခါမှာတော့ လက်ရှိအလုပ်ကို ပျင်းရိငြီးငွေ့သွားတတ်ပါတယ်။ အဲဒီအခါမှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။
ဝါသနာမပါတဲ့ အလုပ်မှာလုပ်နေကြတဲ့ ဝန်ထမ်းအများစုအတွက် လုပ်ငန်းခွင်ပြဿနာက လုပ်ငန်းခွင်မှာ စိတ်မပျော်ရွှင်တာ၊ အလုပ်ကို စိတ်မဝင်စားတာ၊ အလုပ်ကိုအောင်မြင်အောင် မလုပ်ကိုင်နိုင်တာစတာတွေကြောင့် အကြီးအကဲရဲ့ ငြိုငြင်မှုကိုခံရတတ်ပါတယ်။
.
ကိုယ်လုပ်တဲ့အလုပ်ကို ဝါသနာမပါဘူး၊ ပျော်ရွှင်မှုလည်း မရဘူးဆိုရင်တော့ ကိုယ့်ရဲ့ ဝါသနာကိုအခြေခံတဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ဘာလဲဆိုတာ သေချာ စဉ်းစားဆုံးဖြတ်ပြီး လက်ရှိအလုပ်ကို စွန့်လွတ်ပြီး ခိုင်မာသေချာတဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ မပျော်ရွှင်တဲ့အလုပ်ကနေ ရုန်းမထွက်နိုင်တော့တဲ့ အခြေအနေမှာ ရှိနေမယ်ဆိုရင်လည်း လက်ရှိအလုပ်မှာ ပျော်ရွှင်အောင်ကြိုးစားနေထိုင်တာကသာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ် နေပါတော့တယ်။ ဒါမှသာ လုပ်ငန်းခွင်မှာ အောင်မြင်ပျော်ရွငှ်တဲ့ ဝန်ထမ်းကောင်းတစ်ဦးအဖြစ် ရပ်တည်နေနိုင်မှာဖြစ်ပါတယ်။
.
Credit: ကျော့ကေခိုင်