
တစ်ခါက အလွန်တော်တဲ့ ပန်းပု ဆရာတစ်ယောက်ရှိတယ်....သူ့ရဲ့ပန်းပုပညာ ဟာ အစစ်နဲ့တောင် ခွဲဖို့ ခက်ခဲအောင် လက်ရာမြောက်လှတယ်..
ပန်းပုဆရာဟာ ထူးဆန်းတဲ့ အိပ်မက် တစ်ခု ကို ၃ ရက်ဆက်တိုက်မက်တယ်။
အိပ်မက်ထဲမှာ သေမင်း က နောက် ၁၅ ရက်အကြာမှာ သူ့ကို လာခေါ်မယ် လို့ ပီပီသသ ပြောသွားတာမို့ ပန်းပုဆရာဟာ အရမ်းတုန်လှုပ်နေတယ်။
ဒါနဲ့ သူနဲ့ပုံစံတူ ရုပ်တုတွေ နေ့မနား ညမနားထုလုပ်နေလိုက်တာ သေမင်း လာခေါ်မယ့်နေ့မှာတော့ ပန်းပုရုပ်ဟာ (၉)ရုပ် ပြီးသွားတယ်။ သူဟာပန်းပုရုပ်တွေကြားထဲဝင်နေလိုက်တယ်...
သေမင်း ဟာ သူပြောတဲ့အတိုင်း ရောက်လာချိန်မှာတော့ ပန်းပုဆရာ(၁၀)ယောက်ကို မြင်လိုက် ရပြီး ပန်းပုဆရာလား၊ ရုပ်ထုလား၊ ခွဲခြားမရတဲ့အတွက် အတော် အကြပ်ရိုက်သွားတယ်။
ပန်းပုဆရာကိုလည်း စိတ်ဆိုးဆိုးနဲ့ ထွက်လာဖို့ ပြောပေမယ့် ပန်းပုဆရာက မလှုပ်မယှက် ဟန်ဆောင်ထားနိုင်တဲ့အတွက် အရာမရောက်ဘူး။
ခဏကြာတော့ သေမင်း က စကား တစ်ခွန်းပြောလိုက်တယ်။
"သင့်ရဲ့ဒီပန်းပုရုပ်တွေဟာ တကယ့်ကို အသက်ဝင်ပါတယ်။ ဒါပေမယ့် အားနည်းချက် တစ်ခုရှိနေတယ်"
ပန်းပုဆရာ ဟာ သူ့ပညာ အပေါ် ဝေဖန်လိုက်တဲ့ "အားနည်းချက်" ဆိုတဲ့စကား ကို မခံမရပ်နိုင်ဖြစ်သွားတယ်။
ဒါကြောင့်…ရုပ်ထုတွေကြားထဲက "ဝုန်း" ကနဲ ထွက်ပြီး မေးလိုက်တယ်။
"ဘာ...အားနည်းချက်လဲ.. ဘယ်မှာလဲ ပြစမ်းပါ"
သေမင်းက ရီမောပြီး...
"အားနည်းချက်က မင်းရဲ့မာန ပဲ..." ပြော လိုက်ကာ ပန်းပုဆရာကိုခေါ်ဆောင်သွားပါတော့တယ်....
ရုပ်ထုတွေ အားလုံးပြောစရာ မရှိအောင် ပြည့်စုံကောင်းမွန် လှပါတယ်..ဒါပေမဲ့ပညာ အပေါ် ထားတဲ့ မာန ဒေါသ ကို မချုပ်တည်းနိုင်ခဲ့တာကြောင့် သေမင်းရဲ့ ခေါ်ဆောင်ခြင်းကို ခံလိုက်ရတယ်။
............
လူတစ်ယောက်ဟာ..ပညာတွေပြည့်စုံလွန်းနေခဲ့ရင်တောင် ဒီပညာအပေါ်ထားရှိတဲ့ မာန်မာန၊ ဒေါသတွေကြောင့် တစ်နေ့နေ့ ကျရံှုးသွားနိုင်ပါတယ်။
refer: moralestories | credit : original writer
[Unicode]

............
refer: moralestories | credit : original writer