
လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က အဖြစ်အပျက်ပါ။ အဲ အချိန်က ဆေး/မန်း အောင်ဆန်းဆောင်ရဲ့ အဆောင်မှူးက အခု မန္တလေးတိုင်း ဝန်/ချုပ် ကိုဇော်မြင့်မောင်ရဲ့အဖေ ... မျက်မှန်ထူကြီးတပ်လေ့ရှိတဲ့ ဒေါက်တာဦးချစ်မောင်ပါ။ အဲ ခေတ်က တက္ကသိုလ်အမျိုးသားဆောင်တွေက ပိတ်မရတဲ့ သံချေးတက်ဘာဂျာတံခါးတွေနဲ့ ၂၄ နာရီ ကြိုက်သလိုဝင်ထွက်လို့ရတဲ့ အဆောင်တွေပါ။ တစ်ညသား သန်းခေါင်ကျော်မှာ “ သူခိုး ..... သူခိုး ” လို့ အော်သံကြားလို့ ဖဲရိုက်နေသူ၊ စာကျက်နေသူ၊ အိပ်ပျော်နေသူ .... အဆောင်ကျောင်းသားတွေ ထွက်လိုက်ကြပါလေရော။ မှတ်မိသလောက် သူ့ကိုယ်သူ ဦးအောင်ဇေယျအမျိုး...ရွှေဘိုသားကွ.... လို့ အမြဲကြွားတတ်တဲ့ ကိုမြင့်နိုင်( ယခု စစ်ကိုင်းတိုင်း ဝန်/ချုပ်)၊ လက်ဝဲစာပေတွေကို တကုတ်ကုတ်နဲ့ဖတ်တတ်တဲ့ မုံရွာကျော်ဝင်း ( ယခု စာရေးဆရာကျော်ဝင်း ... ကမ္ဘာပြား ) ..... တို့ပါတာပေါ့။
ကျောင်းသားတွေ အော်ပြီး ဝရုန်းသုန်းကားနဲ့ သူခိုးလိုက်တာသိတော့ အဆောင်မှူး ဒေါက်တာဦးချစ်မောင်က အဆောင်ဝင်းဂိတ်ပေါက်ထိ ထွက်လာတယ်။ ကျောင်းသားတွေကတော့ သူခိုးလိုက်ကောင်းတုန်း။ အဲ အချိန်မှာ ကိုအောင်မြင့် ( နောက်ပိုင်း ညွှန်/ချုပ်၊ တိုင်းရင်းဆေးဦးစီး ) နဲ့ ကျောင်းသားတစ်ယောက်က အဆောင်ဝင်းထဲကို ကုတ်ကုတ်ကလေးဝင်းလာတာကို အဆောင်မှူးကတွေ့တော့ “ သူခိုး မိပြီလားကွ ” ... လို့ မေးတယ်။ အကြောက်လွန်နေတဲ့ ကိုအောင်မြင့်က ဘာမှပြန်မဖြေပဲ အဆောင်ထဲဝင်သွားပေမဲ့ သူနဲ့ပါလာတဲ့ တစ်ယောက်က “ မမိပါဘူး ဘိုးတော်ရာ..ဒီသူခိုးက အတော်လျင်တာဗျ ” ... လို့ ပြန်ပြောတယ်။ ဘယ်ကျောင်းသားကမှ မခေါ်ဝံ့တဲ့ “ ဘိုးတော် ” လို့ ခေါ်ခံလိုက်ရတော့ အဆောင်မှူးက စပ်ဖျင်းဖျင်းဖြစ်သွားပြီး ... “ မင်း ဘယ်အတန်းကလဲ ” ... လို့မေးတော့ ငတိက ချက်ချင်းပဲ ... “ မုန့်တီတန်းက ” ... လို့ပြန်ဖြေတယ်။ အဆောင်မှူးလည်း မကြေမချမ်းနဲ့ သူ့အိမ်ထဲဝင်သွားတယ်။ (၁၀)မိနစ်လောက်နေတော့မှ မုန့်တီတန်းဆိုတာ အဆောင်နဲ့ နှစ်ပြလောက်ဝေးတဲ့နေရာဖြစ်ပြီး (အဲ အချိန်က) သူခိုးပေါတဲ့ အရပ်ဖြစ်မှန်း တွေးမိလို့နဲ့တူပါရဲ့ ... အဆောင်မှူးကိုယ်တိုင် အဆောင်ထဲပြေးဝင်လာပြီး ...
“ မုန့်တီတန်းက သူခိုးက အဆောင်ထဲမှာကွ၊ ဆေးကျောင်းသားတွေဖြစ်ပြီး မင်းတို့အဘသူခိုးက မင်းတို့နဲ့အတူ သူခိုးလိုက်ဖမ်းပြတာ မင်းတို့မသိလိုက်ကြဘူးမဟုတ်လား။ ” ... လို့ အော်ဆူပါလေရောဗျ။
အဲ အချိန် ပြန်စစ်ကြည့်တော့မှ သူခိုးက ကျောင်းသားတွေနဲ့အတူ သူခိုးလိုက်ဖမ်းပြ၊ ပြီးတော့ အေးအေးဆေးဆေး အဆောင်ပြန်လာပြီး သယ်နိုင်သလောက် မ,ထုတ်သွားတာကို သိကြတော့တာပေါ့။
ဘာရယ်မဟုတ်ပါဘူး ... ဦးကိုနီကို သတ်သွားတဲ့ တရားခံကွင်းဆက်ဖမ်းပွဲကြီးကို စဉ်းစားရင်းနဲ့ အဆောင်နေတုန်းက သူခိုးဖမ်းပွဲကို စဉ်းစားမိလို့ပါ။ 😊
Kyaw Win
02022017