ပင်လုံစာချုပ်ချုပ်ဆိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း စီးခဲ့သော ချက်ပလက်ကား - Kharann Media

Breaking

ပင်လုံစာချုပ်ချုပ်ဆိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း စီးခဲ့သော ချက်ပလက်ကား



ရှမ်းပြည်နယ် လွိုင်လင်မြို့ အမှတ်(၁)ရပ်ကွက် သီတာလမ်းရှိ ဂေါ်ရခါးလူမျိုး ဒေါ်မီးနားအိမ်တွင် ပင်လုံစာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော အဖွဲ့အား လွိုင်လင်မြို့မှ ပင်လုံမြို့သို့ လိုက်လံ ပို့ဆောင်ပေးခဲ့သော ချက်ပလက်(ခ/၈၂၁၇)ကားကို ယနေ့တိုင် အမှတ်တရအဖြစ် သိမ်းထားဆဲဖြစ်ကြောင်း သိရသည်။



ပင်လုံစာချုပ်ဖြင့် တိုင်းရင်းသားအားလုံး ဗြိတိသျှအုပ်ချုပ်မှုအောက်မှ အတူတကွ ပြန်လည် လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားအားလုံး၏ အနာဂတ်အရေးနှင့် ပတ်သက်၍ အမြင်ချင်းနှီးနှောဖလှယ်ခွင့်နှင့် လွတ်လပ်ရေးရရန် လမ်းစပွင့်ခဲ့သော ပထမပင်လုံအစည်းအဝေးကို ၁၉၄၆ခုနှစ် မတ်လ၂၆ရက်မှ ၂၈ရက်ထိ ကျင်းပခဲ့ပြီး၊ တောင်တန်းနှင့်ပြည်မ ပူးပေါင်း၍ လွတ်လပ်ရေးရယူမည်ဖြစ်ကြောင်း သက်သေပြသည့် သမိုင်းဝင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ဦးတို့က ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီ ၁၂ရက် (ဗုဒ္ဓဟူးနေ့) နံနက်၁၀နာရီတွင် အောင်မြင်စွာ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့သည်။ အဆိုပါ ပင်လုံစာချုပ်ချုပ်ဆိုရန်အသွားတွင် ဒေါ်မီးနား၏ဖခင် ဦးကံချားက ၎င်းပိုင် ချက်ပလက် ခ/၈၂၁၇ကားဖြင့် လိုက်လံပို့ဆောင်ခဲ့သော ယာဉ်ဖြစ်သောကြောင့် ယနေ့တိုင် သိမ်းထားဆဲဖြစ်သည်ဟု ဆိုသည်။



သမိုင်းဝင် ဒုတိယအကြိမ် ပင်လုံညီလာခံကြီးကို ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီ ၃ရက်မှ ၁၃ရက်ထိ ပင်လုံမြို့၏ အနောက်တောင်ဘက် (စနေထောင့်)၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဘုရင်ခံအမှုဆောင် ဝန်ကြီးများ၊ နယ်ခြားဒေသ အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိကြီးများ၊ မြန်မာပြည်နိုင်ငံရေးအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ သတင်းစာဆရာများ၊ နိုင်ငံခြားသံကိုယ်စားလှယ် ကောင်စစ်ဝန်များ၊ မြန်မာပြည်၌ ထင်ရှားကျော်ကြားသော ထိပ်သီးပုဂ္ဂိုလ်များ၊ ရှမ်းစော်ဘွားကိုယ်စားလှယ်များနှင့် လူထုကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ် ၂၃ဦးတို့က ပြည်မနှင့်တောင်တန်း ပူးပေါင်း၍ လွတ်လပ်ရေးရယူရန် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



သန်းထိုက်(လှိုင်သာယာ) 1 2 . 2 . 2 0 1 7