ရေကူးအထူးကျွမ်းကျင်သူတွေသာ သွားရောက်ခွင့်ရှိတဲ့ မက္ကဆီကိုက ထူးဆန်းသောကမ်းခြေ - Kharann Media

Breaking

ရေကူးအထူးကျွမ်းကျင်သူတွေသာ သွားရောက်ခွင့်ရှိတဲ့ မက္ကဆီကိုက ထူးဆန်းသောကမ်းခြေ


မက်ဆီကိုနိုင်ငံ၊ ပူအာတို ဗာလာတာ ကမ်းခြေအလွန်၊ မာရီတပ်စ်ကျွန်းစုထဲမှာရှိတဲ့ သဲသောင်ပြင် ကျွန်းလေးဟာ လူသူအရောက်အပေါက်အလွန်နည်းပါးပါတယ်။ ဒီကမ်းခြေကို ရောက်ဖို့အတွက် ကုန်းလမ်း ကနေ သွားလို့မရတဲ့အပြင် ရေလမ်းကနေလည်း မော်တော်ကြီးစီးပြီး ခန့်ခန့်ကြီး သွားရောက် လို့မရပါဘူး။ ဒီကမ်းခြေကို ရောက်ဖို့အတွက် တစ်ခုတည်းသောလမ်းကြောင်းကတော့ ပစိဖိတ်သမုဒ္ဒရာ ထဲကနေ ရေငုပ် သွားရတဲ့ လမ်းကြောင်းပဲဖြစ်ပါတယ်။



ပလေယ ဒဲအာမို လို့အမည်ရပြီး ဘာသာပြန်ရင်တော့ အချစ်ကမ်းခြေဆိုတဲ့ ဒီကမ်းခြေဟာ ကောင်းသော မတော်တဆမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီမတော်တဆမှုဟာ မက်ဆီကိုအစိုးရရဲ့ ၁၉၀၀ ပြည့်နှစ် တစ်ဝိုက် အတွဲလိုက်ဗုံးကြဲမှုကြောင့် ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီမာရီတပ်စ် ကျွန်းစုတွေကို စစ်ရေးဆိုင်ရာ စမ်းသပ်ကွင်းအဖြစ် မက်ဆီကို အစိုးရက အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်သူ ဂျက်ကပ် ကော်စတူး အပါအ၀င် သာဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများက ၁၉၆၀ ပြည့်နှစ်တစ်ဝိုက်မှာ စစ်ရေးလေ့ကျင့် စမ်းသပ်မှုတွေ ကို ဆန္ဒပြပြီးတဲ့နောက်ပိုင်းမှာ အစိုးရက ဒီလိုဗုံးကြဲစမ်းသပ်မှုတွေကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ မက်ဆီကို အစိုးရဟာ နောက်ပိုင်း မာရီတပ်စ်ကျွန်းစုတွေမှာ ငါးဖမ်းခြင်းနဲ့ အမဲလိုက်ခြင်းကိုတားမြစ်ခဲ့ပြီး သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဒေသတွေအဖြစ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။



နှစ်ပေါင်းများ လူသူအရောက်အပေါက်မရှိသလောက် နည်းပါးပြီးတဲ့ နောက်ပိုင်းမှာ သဘာဝတရားကြီးဟာ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ ဒီကျွန်းစုကို လိုင်းလုံးများနဲ့ သဘာဝတရားအတိုင်း ပြန်လည်လှပစေခဲ့တာ ဖြစ်ပါတယ်။ ဒီအချစ်ကျွန်းစုဟာ အင်စတာဂရမ်အသုံးပြုသူတွေအကြားမှာ ရေပန်းစားနေတဲ့ ကျွန်းစုတစ်ခု ဖြစ်ပြီး သွားရလာရ ခက်ခဲတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်များ သိပ်မလာရောက်ကြပါဘူး။ ဒီကျွန်းစုကိုရောက်ဖို့အတွက် ပထမအဆင့်လှေနဲ့သွားရန် ခွင့်ပြုချက်လိုအပ်ပြီး ဒီကမ်းခြေ ကို ရေငုပ်ပြီး သွားရမှာ ဖြစ်တဲ့အတွက် မက်စီကိုအစိုးရကလည်း ရေကူးကျွမ်းကျင်တဲ့သူတွေကိုပဲ လာရောက်ခွင့်ပြုထား တဲ့ ကမ်းခြေတစ်ခု ဖြစ်ပါတယ်။

Lumos (Shwemom)