မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်လာမယ့် Yangon Book Plaza - Kharann Media

Breaking

မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်လာမယ့် Yangon Book Plaza

မေရိကန်လို နည်းပညာထိပ်သီးနိုင်ငံကြီးရဲ့ သမ္မတအိုဘားမားက သူ့ရဲ့ကလေးတွေကို စာအုပ် ဖတ်ပြနေပါသတဲ့။ ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ Facebook ရဲ့ဖခင်ကြီး ဇူကာဘတ်ကလည်း စာဖတ်နေ ပါတယ်။ ကျွန်တော်တို့ကတော့ စာအုပ်တွေနဲ့အလှမ်းဝေးနေဆဲပါ။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ စာကြည့် တိုက်ကောင်းကောင်းမရှိသလို၊ စာအုပ်ဆိုင်တွေလည်းနည်းပါတယ်။ ရပ်ကွက်ထဲမှာလည်း စာအုပ်ဆိုင် ထက်စာရင် အရက်ဆိုင်က ပိုများနေသလိုပါပဲ။



Plaza ဆိုတာက ဈေးဝယ်လို့ရမယ့်နေရာ၊ ဈေးရုံပေါ့။ ဒါဆို Book Plaza ဆိုတာက စာအုပ်တွေ ဝယ်လို့ရမယ့်နေရာပေါ့။ ဒါပေမယ့် ရန်ကုန် Book Plaza ဆိုတာက စာအုပ်တွေဝယ်လို့ ရမယ့်နေရာတစ်ခုဆိုတာထက်ပိုပါတယ်။

Yangon Book Plaza မှာဘာတွေပါဝင်လာမှာလဲ?
ပြည်တွင်းက နာမည်ကျော်ကြားခဲ့တဲ့ စာရေးဆရာကြီးတွေကို ဂုဏ်ပြုထားတဲ့နေရာပါဝင်လာမယ်လို့ သိရပါတယ်။ ဒါမျိုးကရန်ကုန်မြို့ပေါ်မှာ မရှိသေးပါဘူး။ဒါက ပထမဆုံးပါပဲ။ ပါဝင်မယ့်စာရေးဆရာကြီးတွေရဲ့ အမည်ကိုလည်း မသိရသေးပါဘူး။ နောက်ပြီးတော့ စာအုပ်မိတ်ဆက်ပွဲနေရာ၊ ကော်ဖီဆိုင်၊ စာအုပ်အဟောင်းတန်းနဲ့ ထုတ်ဝေသူတို့တိုက်ရိုက်ရောင်းချပေးမယ့် စာအုပ်ရောင်းတဲ့နေရာတွေပါ ပါဝင်လာမှာပါ။ တိုက်ရိုက်ရောင်းပေးမှာတော့ ဈေးပိုသက်သာနိုင်ပါတယ်။

ဘယ်မှာဖွင့်မှာလဲ
Book Plaza ကို လမ်းမတော်လမ်းမှာရှိတဲ့ သံဈေးရဲ့အပေါ်ထပ် (၅) လွှာမှာဖွင့်မှာပါ။ အကျယ်အဝန်း ကတော့ပေ ၁၀၀ x ပေ ၂၀၀ (စတုရန်းပေ – ၂၀၀၀၀ ) ရှိပါတယ်။ စာပေကို ချစ်မြတ်နိုးတဲ့သူတွေအတွက် သီးသန့်ဖွင့်ထားပေးတာပါ။ တရုတ်တန်းနဲ့နီးပါတယ်။ ထူးခြားချက်တော့ Book Plaza မှာ Wifi ထားရှိပေးမှာမဟုတ်တဲ့အပြင် ကွမ်းစား တာနဲ့ ဆေးလိပ်သောက်တာကို လုံးဝခွင့်မပြုပါဘူး။


Yangon Book Plaza ရဲ့ Exclusive Committee မှာ ပါဝင်မယ့်သူများ
အောက်ပါစာရေးဆရာကြီး၊ စာရေးဆရာမကြီးတွေနဲ့ စတင်ဖွဲ့စည်းထားပါတယ်။
  • ဆရာမကြီး ခင်ဆွေဦး
  • ဆရာမောင်မိုးသူ
  • ဆရာဝင်းငြိမ်း
  • ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)

Yangon Book Plaza မိတ်ဆက်ပွဲ
Yangon Book Plaza မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ (သောကြာ) နေ့ကြရင် ဗိုလ်ချုပ်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်မှာရှိတဲ့ Asia Plaza ဟိုတယ်မှာကျင်းပမှာပါ။ အချိန်ကတော့ နေ့လယ် ၂ နာရီဖြစ်ပြီးတက်ရောက်ချင်တော့ Yangon Book Plaza ရဲ့ Facebook Page ကိုမက်ဆေ့ပို့ပြီး Register လုပ်လို့ရသလိုဖုန်းနံပါတ် 09767019926 ဆက်သွယ်ပြီးလုပ်လို့လည်းရပါတယ်။ မတက်ရောက်နိုင်တဲ့ သူတွေအနေနဲ့ Yangon Book Plaza ရဲ့ Page ကနေ live လွှင့်ပေးမှာပါ။

အခုလိုစာပေနဲ့ပက်သက်တဲ့နေရာလေးတွေတိုးလာတာကို ကျွန်တော်တို့လူငယ်တွေအနေနဲ့ကြိုဆိုရမှာ ဖြစ်ပါတယ်။သိမ်ဖြူစာအုပ်တန်းလိုမျိုးနေရာအပြင် အခုလို Book Plaza ပေါ်လာတာက အားတက်စရာပါ။ ဒါကတော့အခုရေးနေတဲ့စာနဲ့ မဆိုင်ပါဘူး။ လူငယ်တွေအတွက် စာရေးဆရာ မြေမှုန်လွင်ရဲ့မေးခွန်းလေးပါ။ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ အမျိုးသားစာကြည့်တိုက်ဆိုတာ ဘယ်နားမှာပါလဲခင်ဗျာ။

မင်းသုခ (အခရာ)