Viettel ၀င်လာရင် ဘာတွေဖြစ်လာမလဲ - Kharann Media

Breaking

Viettel ၀င်လာရင် ဘာတွေဖြစ်လာမလဲ

ပြီးခဲ့တဲ့  ၆ လ လောက်ကတည်းက မြန်မာနိုင်ငံအတွက် ဆက်သွယ်ရး အော်ပရေတာ အဖြစ် ၀င်ရောက်လာမယ် လို့ သတင်းထွက်နေခဲ့တဲ့ ဗီယက်နမ်နိုင်ငံ အခြေစိုက် Viettel ကုမ္ပဏီဟာ ဒီကနေ့ မှာတော့ဖြင့် နေပြည်တော်မှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှာ လက်မှတ်ရေးထိုးပြီး ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကို အဆုံးသတ်ခဲ့ပါတယ်။



စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ကို Myanmar National Tele & Communications ကုမ္ပဏီလီမီတက်က လိုင်စင်ကြေး အမေရိကန်ဒေါ်လာ သန်း ၃၀ဝ နဲ့ ၁၅ နှစ် လုပ်ကိုင်ခွင့်လိုင်စင် ရရှိခဲ့ကြောင်း သိရပါတယ်။

စတုတ္ထမြောက်အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိတဲ့ Myanmar National Tele & Communications Co.,Ltd ကို Myanmar National Telecom Holding Public Limited က ၂၃ ရာခိုင်နှုန်း၊ Star High Co.,Ltd က ၂၈ ရာခိုင်နှုန်းတို့ ပူးပေါင်းပြီး ပြည်တွင်းအစုရှယ်ယာအနေနဲ့ ၅၁ ရာခိုင်နှုန်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဗီယက်နမ်က Viettel Company က ၄၉ ရာခိုင်နှုန်းနဲ့ ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

လုပ်ကိုင်ခွင့်၊ လမ်းညွှန်ချက်တွေ ပတ်သက်ပြီးတော့ နှစ်ဖက် သဘောတူ ညှိနှိုင်းဆောင်ရွက်သွားမယ် လို့ သိရပါတယ်။ Viettel ဟာ မြန်မာ့ဆက်သွယ်ရေးလောကမှာ ဒေါ်လာ ၁.၅ ဘီလီယံလောက်ကို ရင်းနှီးမြုပ်နှံသွားဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။
“အခုစတုတ္ထမြောက်အော်ပရေတာက သူတို့ထက် နောက်ကျပြီးမှ ဝင်တဲ့အတွက် ဈေးကွက် ရှယ်ယာက လည်း သူတို့ထက်စာရင် နည်းသွားတဲ့အတွက် နိုင်ငံတော်က သန်း ၃၀၀ လို့ သတ်မှတ်ခဲ့ တာ ဖြစ်ပါတယ်” လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောပါတယ်။

ဒါဟာ ၂၀၁၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မူဝါဒဖြစ်တဲ့ မိုလ်ဘိုင်းအော်ပရေတာ ၄ ဦး (ပြည်တွင်း အော်ပရေတာ ၂ ဦး)၊ ပြည်ပအော်ပရေတာ ၂ ဦးအရ ဒုတိယမြောက် ပြည်တွင်း(မြန်မာ) အော်ပရေတာလည်း ဖြစ်ပါတယ်။

ပြည်ပအော်ပရေတာတွေဖြစ်တဲ့ Telenor အနေနဲ့ လိုင်စင်ကြေး အမေရိကန်ဒေါ်လာ သန်း ၅၀၀၊ Ooredoo က ဒေါ်လာ သန်း ၁၀၅၀ နဲ့ ပေးသွင်းခဲ့ရပါတယ်။

Viettel လို့ နာမည်ကြီးနေခဲ့တဲ့ တဖြစ်လဲ Myanmar National Tele & Communications ဟာ အခုအချိန်မှာ ဆင်းကဒ် နာမည်ကိုတော့ ရွေးချယ်နေဆဲဖြစ်ပြီး ဖုန်းနံပါတ်တွေကိုတော့ 096 တွေနဲ့ ထုတ်ဝေသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆင်းကတ်တန်ဖိုးနဲ့ ဖုန်းခေါ်ဆိုခတွေကတော့ လက်ရှိ အော်ပရေတာတွေနဲ့ ဈေးနှုန်းအတူတူပဲလို့ ပြောပါတယ်။ လုပ်ငန်းစတင်လည်ပတ်ဖို့ ၁ နှစ်ခန့်ကြာဦးမယ်လို့ သိရပါတယ်။

မိုဘိုင်းဖုန်း၊ သတင်း နဲ့ နည်းပညာ လောက နဲ့ ပတ်သက်လာရင် မြန်မာပြည်သူတွေအနေနဲ့ ဈေးကြီးတဲ့ ဖုန်းဆင်းကဒ် တွေကို တော်တော်ကလေး သက်သာတဲ့ ဈေးနှုန်းထား နဲ့ ရောင်းချခွင့်ရအောင် ကြိုးပမ်းခဲ့တဲ့ ရွှေပြည်တံခွန် ကုမ္ပဏီ နဲ့ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး နည်းပညာ လောကကို တခေတ်ဆန်းစေခဲ့တဲ့ Digicel တို့ကို အမှတ်တရ ရှိရမှာပဲ ဖြစ်ပါတယ်။ အခုလို စတုတ္ထမြောက် အော်ပရေတာ အနေနဲ့ Viettel ၀င်ရောက်လာတာကိုလည်း နွေးထွေးစွာ ကြိုဆိုရမှာပဲ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း နဲ့ ဆက်သွယ်ရေးနည်းပညာလောက မှာ ဘယ်လိုမျိုးတွေ တိုးတက်၊ ပြောင်းလဲသွားမလဲ စောင့်ကြည့်လေ့လာသွားရမှာပဲ ဖြစ်ပါတယ်။

Viettel-
၂၀၀၄ ခုနှစ်က တည်ထောင်ခဲ့တဲ့ Viettel ဟာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ရုံးထိုင်ပြီး ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန က ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ မိုဘိုင်းနက်ဝက် နဲ့ တယ်လီကွန်ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ပါတယ်။ ၀န်ထမ်းအင်အား ၈၀၀၀၀ ခန့် ရှိပြီး တရားဝင် စာရင်း ဖော်ပြချက်အရ ၂၀၁၅ ခုနှစ်တစ်နှစ်တည်း မှာပဲ ဒေါ်လာ ၂ ဘီလီယံ အမြတ်အစွန်း ရှိခဲ့ပြီး ကုန်စည်စီးဆင်းငွေ ဒေါ်လာ ၁၁ ဘီလီယံ နဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီကြီးတစ်ခုလည်း ဖြစ်ပါတယ်။

Viettel ကို လေ့လာချင်သူတွေအတွက် ၀က်ဆိုဒ်၊ ၀ီကီ၊ ဖေ့စ်ဘုတ် လိပ်စာတွေကို ဖော်ပြပေး လိုက်ပါတယ်။

    Viettel

    Wiki

    Web

Ref : Yahoo , MobileWorldLive, Wiki , DVB