ဈေးဝယ်သူဆိုတာ... - Kharann Media

Breaking

ဈေးဝယ်သူဆိုတာ...



မြို့တစ်မြို့ရဲ့ လမ်းတစ်လမ်းမှာ အပ်ချုပ်ဆိုင် ၃ ဆိုင် ရှိကြတယ်။ သူတို့ဟာ တစ်ဆိုင်နဲ့ တစ်ဆိုင် အပြိုင်အဆိုင် ရှိကြတယ်။

တစ်နေ့မှာ ပထမဆုံးအပ်ချုပ်ဆိုင်က သူ့ဆိုင်ရှေ့ မျက်နှာစာမှာ ဆိုင်းဘုတ်တစ်ခု တင်လိုက်တယ်။ ဆိုင်းဘုတ်မှာ ရေးထားတာက "ဒီမြို့မှာ အကောင်းဆုံး အပ်ချုပ်ဆိုင်"တဲ့။

ဒုတိယအပ်ချုပ်ဆိုင်က လူက စဉ်းစားတယ်။ သူ့ထက် သာတဲ့ ဆိုင်းဘုတ်တစ်ခုနဲ့ ကြော်ငြာမယ်ဆိုပြီး နောက်တစ်နေ့မှာ ပိုပြီးကြီးတဲ့ ဆိုင်းဘုတ်ကြီးတစ်ခုကို တင်လိုက်ပြန်တယ်။ ဆိုင်းဘုတ်မှာ ရေးထားတာက " တစ်နိုင်ငံလုံးမှာ အကောင်းဆုံး အပ်ချုပ်ဆိုင်"တဲ့။

တတိယအပ်ချုပ်ဆိုင်ကလည်း ဆိုင်းဘုတ်တစ်ခု တင်လိုက်တယ်။ သူ့ဆိုင်းဘုတ်ဟာ ပထမလူနဲ့ ဒုတိယလူတို့ရဲ့ ဆိုင်းဘုတ်တွေထက် သေးငယ်ပါတယ်။ သူ့ဆိုင်းဘုတ်တင်ပြီး နောက်တစ်နေ့ကစလို့ သူ့ဆိုင်မှာ အဝတ်ချုပ်ဖို့ လာအပ်သူတွေ အရမ်းများသွားတယ်။ သူ့ဆိုင်းဘုတ်မှာ ဘာရေးထားလို့ လူတွေအများကြီး လာပြီး အားပေးကြတာလဲ။

သူ့ဆိုင်းဘုတ်မှာ ရေးထားတာက "ဒီလမ်းထဲမှာ အကောင်းဆုံးအပ်ချုပ်ဆိုင်"တဲ့။
တစ်နိုင်ငံလုံးမှာ ကျော်ကြားနေတဲ့ ကုမ္ပဏီလား၊ ကမ္ဘာကျော်ကုမ္ပဏီကြီးလားဆိုတာထက် ဝယ်ယူသူတွေ စိတ်ဝင်စားတာက သူတို့ကို အလေးထား ဂရုစိုက်တဲ့ ကုမ္ပဏီပါပဲ။

ပြီးခဲ့တဲ့ တစ်ပါတ်က "eBay နဲ့ Yahoo တရုတ်နိုင်ငံမှာ ကျရှုံးသွားခြင်း"ဆိုတဲ့ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ အခုရေးပြတဲ့ သဘောအတိုင်းပါပဲ။
ကမ္ဘာမှာ အကြီးဆုံး အင်တာနက်လုပ်ငန်းလုပ်နေကြတဲ့ ဒေါ်လာ ဘီလီယံချီ ချမ်းသာတဲ့ အမေရိကန်ကုမ္ပဏီကြီးတွေ eBay နဲ့ Yahoo တို့ဟာ တရုတ်ကုမ္ပဏီအသေးလေး ဂျက်မားရဲ့ အလီဘာဘာကုမ္ပဏီကို မယှဉ်ပြိုင်နိုင်လို့ တရုတ်နိုင်ငံက ထွက်သွားခဲ့ကြရတယ်။

eBay နဲ့ Yahoo ဘာကြောင့် တရုတ်နိုင်ငံမှာ ကျရှုံးသွားရသလဲဆိုတာကို ဂျက်မားက အခုလို ရှင်းပြခဲ့ပါတယ်။
"တရုတ်နိုင်ငံမှာရှိကြတဲ့ eBay နဲ့ Yahoo တို့ဟာ အမေရိကန်နိုင်ငံက သူတို့အထက်အရာရှိကြီးတွေနဲ့ အစုရှယ်ယာဝင်တွေ သဘောကျအောင် အစွမ်းကုန်ကြိုးပမ်းကြတယ်။ ကျနော်တို့ အလီဘာဘာကတော့ ဝယ်ယူသုံးစွဲသူ တရုတ်လူမျိုးတွေ ကျေနပ်သဘောကျအောင် အစွမ်းကုန်ကြိုးစားကြတယ်။ သူတို့က သုံးစွဲသူတွေကို ဂရုမစိုက်ကြဘူး။ ဒီတော့ သုံးစွဲသူတွေကလည်း သူတို့ကို မကျေနပ်ကြလို့ သူတို့ ပစ္စည်းကို မသုံးကြတော့ဘူး။ မဝယ်ကြတော့ဘူး။ ဝယ်သူမရှိတော့ရင် အဲဒီကုမ္ပဏီမှာ ဝင်ငွေ မရှိတော့ဘူး။ ဝင်ငွေ မရှိတဲ့ ကုမ္ပဏီဟာ ဘယ်လောက်ကြာကြာ အရှုံးခံရပ်တည်နေနိုင်ပါ့မလဲ။ ဒီတော့ ကုမ္ပဏီ ပိတ်သိမ်းပြေးရပြီပေါ့"တဲ့။


Ref: ဗန်းမော်သိန်းဖေ