
ချက်(ခ်)ရီပက်ဘလစ် (Czech Republic) ဟာ ပြည်တွင်းဖြစ် ဘီယာ(Beer) နဲ့ ဝိုင်အရက်(Wine) တကယ့်ကို ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်... ချက်(ခ်)ဘီယာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘီယာလို့ ဆိုလိုက်တာနဲ့ သူ့နိုင်ငံအတွင်းမှာ ရှိနေကြတဲ့ သူတွေအားလုံး ဘယ်သူမှ အငြင်းပွားပြီး သံသယဖြစ်နေကြမှာ မဟုတ်ပါဘူး... ဒီလောက် အထိ နာမည်ကြီးပါတယ်...
တချိန်တည်းမှာပဲ ချက်(ခ်)ရီပက်ဘလစ်ရဲ့ သမိုင်းဝင် နယ်မြေကြီး တစ်ခုဖြစ်တဲ့ Moravian ကနေ ထွက်တဲ့ ဝိုင်အရက်(wine) ကလည်း သူ့ရဲ့ အကောင်းဆုံး အရည်အသွေးကြောင့် တနှစ်ပြီးတစ်နှစ် ဂုဏ်သတင်း ကျော်ဇောလို့ နေပါတယ်...
အခြားနိင်ငံတွေက military superpower တို့ economic superpower တို့ ဖြစ်နေချိန် ချက်(ခ်)နိုင်ငံကတော့ wine နဲ့ beer superpower ဖြစ်လို့နေပါ တယ်...
ချက်ခ်နိုင်ငံဟာ သူ့နိုင်ငံတွင်း ဘီယာချက်ရာမှာ အသုံးပြုတဲ့ ဗျစ်ပန်းခြောက်(Hops) စိုက်ပျိုးတဲ့ သမိုင်းအစဉ်အလာကလည်း အတော်လေး ကြီးမားပြီး အကောင်းဆုံး စံချိန်မီ ဘီယာတွေကို ဆယ်စုနှစ်ပေါင်းများစွာ ချက်လုပ်ခဲ့ပြီးပါပြီ... ဒါဟာ ချက်(ခ်)နိုင်ငံရဲ့ ယဉ်ကျေးမှု တခုအဖြစ် နက်နက်ရှိုင်းရှိုင်း စွဲခိုင်နေပါတယ်.... ချက်ခ်နိုင်ငံကို သွားရောက် လည်ပတ်မယ်ဆိုရင် ဘီယာ တစ်ခွက် အကြောင်းလေးမှ မပါရင် သွားလည်ဖို့ ဘယ်လိုမှ စိတ်ကူးယဉ်လို့ မရအောင် နိင်ငံတကာ ခရီးသွားတွေ အကြားမှာလည်း ပေါ်ပြူလာဖြစ်ပါတယ်...
ချက်ခ်ဘီယာနဲ့ပတ်သက်ပြီး သင်မသိသေးတဲ့ လျှို့ဝှက်ချက်တွေလည်း ရှိပါသေးတယ်... အဲဒါကတော့ ချက်ခ်ဘီယာဟာ အရသာကောင်း သလောက် သောက်သုံးသူတွေကို ကုစားပေး နိုင်တဲ့ စွမ်းပကားတွေ ရှိနေတယ် ဆိုတဲ့ အချက်ပါ... ခေတ်သစ် ဆေးပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိ ချက်တွေအရ... ချက်ခ် ဘီယာဟာ လူတွေရဲ့ သက်လုံကို ကောင်းစေပြီး ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ပေးခြင်း၊ ကြွက်သားတင်းမာမှုကို လျော့ကျစေခြင်းနှင့် ခန္ဒာကိုယ် သွေးကြောစနစ်တွေ ကိုလည်း အကျိုးဖြစ်ထွန်း စေတယ်လို့ ဆိုထားပါတယ်... ဘီယာဟာ ကျန်းမာရေး အတွက် ဘုရင်တစ်ဆူ ဖြစ်ပါသတဲ့...နောက်ထပ် စိတ်ဝင်စားစရာ အချက် တစ်ခုလည်း ရှိနေပါတယ်... အဲဒါကတော့ သူတို့နိုင်ငံမှာ ဘီယာကို ရေချိုးတာပါပဲ...
ချက်(ခ်)နိုင်ငံ၊ အနောက်ဘက် Bohemia မှာ အခြေစိုက်တဲ့ Karlovy Vary ခေါ်တဲ့ မြို့လေး တစ်မြို့ရှိပါတယ်... ဒီမြို့လေးမှာ ရေပူစမ်း(hot spring) တွေ အများအပြား တည်ရှိတဲ့အပြင် ဘီယာရေ ချိုးလို့ရတဲ့ Beer Spa centers တွေလည်း များစွာ ရှိပါတယ်... ဒါကြောင့်လည်း ဒီနေရာကို ခရီးသွားတွေ အများဆုံး လာရောက် လည်ပတ်ကြပြီး ချက်ခ်နိုင်ငံရဲ့ အထင်ကရ သမိုင်းဝင်မြို့တစ်မြို့ ဖြစ်နေပါတယ်...
Beer Spa centers တွေဟာ သူတို့ရဲ့ ဘီယာရေချိုးကန်တွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ထား ကြပါတယ်... အချို့နေရာတွေမှာတော့ သစ်သား စည်ပိုင်းကြီးတွေဖြစ်ပြီး... တာရှည်ခံတဲ့ တော်ဝင် ဝက်သစ်ချပင်တွေကနေ ပြုလုပ်ထားတာပါ... ဒီစည်ပိုင်းကြီးတွေထဲကို ဘီယာတွေ အပြည့်ထည့်... လူတစ်ကိုယ်လုံး ၀င်စိမ်ကာ... အကောင်းဆုံး ချက်(ခ်)ဘီယာ အရသာကို ခံစားရင်း ဘ၀အမောတွေကို ခဏတာ မေ့ထားနိုင်တယ်လို့ ဆိုပါတယ်...သတင်းကောင်းကတော့... ဒီလိုနည်းနဲ့ ဘီယာရေချိုးတာဟာ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပြီး ခန္ဓာကိုယ်မှ ဘေးအန္တရာယ်ဖြစ်စေတဲ့ အရာတွေကိုလည်း ဖယ်ရှားပေးကာ.... အကောင်းဆုံး ကုစားမှုကတော့ အိုမင်း ရင့်ရော်မှုကို လျော့ကျစေပြီး စိတ်ပျိုကိုယ်နု အရွယ်တင် နုပျိုလန်းဆန်း စေပါသတဲ့... ဗျာ......။
___________________________________
ကိုမျိုး
Ref:wikipedia/czechtourism